ကင်မရာ
From Wikipedia
ကင်မရာဆိုသည်မှာ ရုပ်ပုံများကို ရုပ်သေဓာတ်ပုံ အနေနှင့် ဖြစ်စေ ရုပ်ရှင်၊ ဗွီဒီယိုတို့ကဲ့သို့သော ပြောင်းလဲနေသော ရုပ်ပုံများအနေနှင့် ဖြစ်စေ ဖမ်းယူရိုက်ကူးသော ကိရိယာဖြစ်သည်။ ကင်မရာဆိုသော အင်္ဂလိပ်စကားလုံးမှာ လက်တင်ဘာသာ camera obscura မှဆင်းသက်လာပြီး မှောင်နေသောအခန်း ဟုအဓိပ္ပာယ်ရသည်။ ထိုသို့အမည်မှည့်ခေါ်ရခြင်းမှာ ရှေးခေတ်ကာလများက ဓာတ်ပုံရိုက်ကူးရာတွင် အခန်းတစ်ခုလုံးကို ပြင်ပ၌လက်ရှိဖြစ်ပေါ်နေသော ရုပ်ပုံများကို ဖမ်းယူရိုက်ကူးရန်အတွက် အသုံးချသောစနစ် ကြောင့်ဖြစ်သည်။ ခေတ်သစ်ကင်မရာများသည် ထိုစနစ်မှ တိုးတက်ပြောင်းလဲဖြစ်ပေါ်လာခြင်းဖြစ်သည်။
ကင်မရာများသည် မြင်နိုင်သော ဖြာထွက်ရောင်ခြည် အပိုင်းအခြား (visible spectrum) မှ အလင်းရောင်ကို အသုံးပြု၍ ရိုက်ကူးနိုင်သကဲ့သို့ အခြားလျှပ်စစ်သံလိုက်ဖြာထွက်ရောင်ခြည် အပိုင်းအခြား(electromagnetic spectrum)များကို အသုံးပြု၍လည်း ရိုက်ကူးနိုင်သည်။ ကင်မရာတွင် အစွန်းတစ်ဖက်တွင် အလင်းရောင်ဝင်ရောက်နိုင်သည့် အဖွင့် (အပါချာ)တစ်ခု ပါဝင်သည့် အလုံပိတ်ထားသော အခေါင်းပေါက်တစ်ခု၊ အခြားတစ်ဖက်စွန်းတွင် အလင်းရောင်ကို ဖမ်းယူ၍ ရိုက်ကူးရန်နှင့် ကြည့်ရှုရန်အတွက် မျက်နှာပြင်တစ်ခုတို့ ယေဘူယျအားဖြင့် ပါဝင်သည်။ ကင်မရာအများစုတို့၌ ကင်မရာ၏အရှေ့ဖက် အဖွင့်ပိုင်းတွင် ဝင်ရောက်လာသော အလင်းတန်းများကို စုစည်းရန်နှင့် ရုပ်ပုံ၏ အားလုံး သို့မဟုတ် တစိတ်တဒေသကို တစ်နေရာတည်းသို့စုရုံး(focus) ရန် မှန်ဘီလူးတစ်ခုပါရှိသည်။ အပါချာ၏ အချင်းကို ကျဥ်းနိုင်ချဲ့နိုင်သော ဒိုင်ယာဖရမ်စနစ်ဖြင့် များသောအားဖြင့် ထိန်းချုပ်၍ရနိုင်သော်လည်း အချို့ ကင်မရာများတွင်မူ အသေတပ်ဆင်ထားသော အပါချာသာ ပါရှိသည်။
| ဤဆောင်ပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသားနိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက်ရေးသားပြီး ဝီကီပိဒိယကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။ |