ဟိတ်မြို့တော်

ဝီကီပီးဒီးယား မှ

ဟိတ်မြို့သည် နယ်သာလန်နိုင်ငံ အစိုးရ ရုံးစိုက်ရာမြို့ ဖြစ်သည်။ နယ်သာလန်နိုင်ငံ၏ မြို့တော်သည် ကား အမ္မစတာဒမ်မြို့ ဖြစ်သည်။


ဟိတ်မြို့သည် မြောက်ပင်လယ် ကမ်းခြေမှ နှစ်မိုင် အကွာတွင် တည်ရှိသည်။ မြို့တွင်း၌ လမ်းမကျယ်များတလျှောက် တစ်ဘက်တစ်ချက်တွင် သစ်ပင်များ ခြံရံလျက်ရှိသည့်အပြင် ထိုလမ်းမတို့ကို တူးမြောင်းများက ဖြတ်သန်းလျက် ရှိသဖြင့် သာယာသော မြို့ကြီးတစ်မြို့ ဖြစ်ပေသည်။ ဒပ်ချဗိသုကာနှင့် ပြင်သစ်ဗိသုကာတို့၏ လက်ရာဖြစ်သော ရှေးဟောင်း အဆောက်အအုံများ၊ ပါလီမန် လွှတ်တော်၊ အစိုးရရုံးများ၊ တရားရုံးချုပ်၊ နန်းတော်၊ အနုပညာပြခန်း စသည်တို့နှင့်တကွ ပန်းဥယျာဉ်တို့ဖြင့် စည်ကားတင့်တယ်သော မြို့ကြီးလည်း ဖြစ် ပေသည်။ ထို့ပြင် ဟိတ်မြို့သည် အပြည်ပြည်ဆိုင်ရာ ညီလာခံများ ကျင်းပရာဌာနဖြစ်၍လည်းကောင်း၊ ဥရောပနိုင်ငံများနှင့်ဆိုင်သည့် အရေးကြီးသော စာချုပ်များ ချုပ်ဆိုသောဌာနဖြစ်၍ လည်းကောင်း ဥရောပတိုက်၏ နိုင်ငံရေးရာ မြို့တော်ကြီးအဖြစ် ထင်ရှားခဲ့ပေသည်။


၁၈၉၉ ခုနှစ်ကတည်းက ဟိတ်မြို့တွင် အနုညာတစီရင်ရေး တရားခုံရုံးကို တည်ထောင်ဖွင့်လှစ်ထားခဲ့ကြသည်။ ကမ္ဘာပေါ်တွင် စစ်ကို တားဆီး၍ ငြိမ်းချမ်းရေးကို တည်ဆောက်ရန်အတွက် ပြည်ထောင်အချင်းချင်း အငြင်းပွားမှုများကို ထိုရုံးတော်သို့ တင်ပြ၍ ဆုံးဖြတ်စေခဲ့ကြသည်။ ထိုတရာရုံး ရုံးတည်ရှိရာ အဆောက်အအုံကို သူဌေးကြီး အင်ဒရူး ကာနက်ဂီ၏ အထောက်အပံ့ဖြင့် ဆောက်လုပ်ခဲ့ပြီးလျှင် ငြိမ်းချမ်းရေးနန်းတော်ဟု အမည်ခေါ်တွင်စေခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာ အမြဲတမ်း တရားရုံးတော်ကိုလည်း ၁၉၂ဝ ပြည့်နှစ်မှစ၍ ဟိတ်မြို့တွင် တည်ထားခဲ့လေသည်။ တစ်ဖန် ၁၉၄၆ ခုနှစ်တွင် ကုလသမဂ္ဂတရားရုံးကို ထိုမြို့တော်၌ ဖွင့်လှစ်ခဲ့ကြသည်။

ဟိတ်မြို့တွင် ထိုကဲ့သို့ အပြည်ပြည်ရေးရာဆိုင်ရာ ရုံးအဆောက်အအုံများအပြင် ရမ်းဗရန့်၊ ရူးဗင်၊ ဗန် ဒိုက်၊ ဗားမီးယား အစရှိသော နာမည်ကျော် ဒပ်ချ အမျိုးသား ပန်းချီဆရာတို့၏ လက်ရာများနှင့် ခေတ် ပန်းချီများကို ပြသထားသော ပန်းချီပြခန်းသည် အထူးထင်ရှားပေသည်။

ဟိတ်မြို့သည် ရှေးဦးအစတွင် နယ်သာလန်နိုင်ငံမှ ကောင့်ဘွဲ့ခံ မင်းညီမင်းသားတို့၏ တောကစားရာ စခန်းဖြစ်၏။ ထိုအခါက မြို့သည် တောတွင်း၌ တည်ရှိသည်။ ၁၂၅ဝ ပြည့် နှစ်တွင် ဘုရင်တို့ စံမြန်းရာဌာန ဖြစ်လာသည်။ ထိုနောက် ဟိတ်မြို့သည် နိုင်ငံအချင်းချင်း မဟာမိတ်စာချုပ်များ ချုပ်ဆိုရာဌာနအဖြစ် လည်းကောင်း၊ ငြိမ်းချမ်းရေး ညီလာခံများ ကျင်းပရာဌာနအဖြစ်လည်းကောင်း ထင်ရှားလာလေသည်။ ဒုတိယကမ္ဘာစစ် အတွင်းက ဂျာမန်တို့သည် ထိုမြို့ကို ၁၉၄ဝ ပြည့်နှစ် မေလ ၁၅ ရက်နေ့မှ ၁၉၄၅ ခုနှစ် မေလ ၈ ရက်နေ့အထိ သိမ်းပိုက်ခဲ့ကြသည်။ ဟိတ်မြို့ရှိ လူဦးရေမှာ ၇၁၉၄၂၆ ယောက် (၁၉၇ဝ) ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)