ဟင်နရီ ဟဒ်ဆန်

ဝီကီပီးဒီးယား မှ
Henry Hudson
This speculative portrait from Cyclopedia of Universal History is one of several used to represent Henry Hudson.[မှတ်စု ၁][၁][၂]
မွေးဖွားc. 1565–1570
အင်္ဂလန်နိုင်ငံ
ကွယ်လွန်1611 (presumed)
အလုပ်အကိုင်Explorer, navigator, author

အရှေ့မြောက် ပင်လယ်ခရီးဖြင့်လည်းကောင်း၊ အနောက် မြောက် ပင်လယ် ခရီးဖြင့်လည်းကောင်း အာရှတိုက်သို့ ပေါက်ရောက်သွားနိုင် အောင် ကြိုးစားခဲ့သော လူစွန့်စား အင်္ဂလိပ်လူမျိုး သင်္ဘော ကပ္ပတိန်တစ်ဦးကား ဟင်နရီ ဟဒ်ဆန် ဖြစ်လေသည်။ ၁၆ဝ၇ခုနှစ်တွင် ငွေရေ ကြေးရေး တောင့်တင်းလှသော မတ်စကိုဗီ ကုမ္ပဏီက တရုတ်နိုင်ငံသို့ အရှေ့မြောက် ပင်လယ်ခရီးဖြင့် စမ်းသွားကြည့်ရန် စေလွှတ် သည့်အခါမှ စတင်၍ ဟင်နရီ ဟဒ်ဆန်၏ အကြောင်းကို သိရလေသည်။ ထိုယခင်က ဟဒ်ဆန်၏ အကြောင်းကို မသိကြရချေ။

ထိုစဉ်က အရှေ့ဘက်နိုင်ငံများသို့ သွားရာ တစ်ခုတည်းသော လမ်းကို တူရကီတို့က ကြီးစိုး ခြယ်လှယ်နေကြသဖြင့် တရုတ် နိုင်ငံစသည့် ထိုအရှေ့နိုင်ငံများနှင့် ကူးသန်းရောင်းဝယ်နိုင်မည့် လမ်းပေါက်ရရန် ထိုခေတ်က လူများကြိုးစားခဲ့ကြလေသည်။ ထိုလမ်းပေါက်သာ ရှာဖွေ တွေ့ရှိပါက များစွာ အကျိုးဖြစ်ထွန်း နိုင်ဖွယ်ရှိသဖြင့် အင်္ဂလိပ်၊ ဒတ်ချ် စသည့် ဥရောပနိုင်ငံများမှ ကုန်သည်ကြီးများသည် လမ်းပေါက်ရှာရန် အဖွဲ့များ စေလွှတ်ခဲ့ ကြလေသည်။

သို့ဖြစ်၍ ၁၆ဝ၇ ခုနှစ်တွင် မတ်စကိုဗီ ကုမ္ပဏီက ဟဒ်ဆန် အား ထိုသို့ လမ်းပေါက်ရှာရန် စေလွှတ်ခဲ့၏။ ပထမအကြိမ် တွင် ဟဒ်ဆန်သည် အရှေ့မြောက်ဘက်သို့ ခရီးထွက်ခဲ့ရာ ဂရင်းလန်း ကမ်းခြေတစ်လျှောက်နှင့် စပစ်စဗာဂင်ကျွန်းစုများ သို့ ရောက်ခဲ့၏။ ထိုအကြိမ်တွင် ဟဒ်ဆန်မှာ သူ၏ ရည်မှန်း ချက် မပေါက်ခဲ့သော် လည်း ထိုဒေသများတွင် ဝေလငါးကြီး များ ပေါများလှသဖြင့် ဝေလငါးဖမ်းလုပ်ငန်းအတွက် အလား အလာများ ရှိကြောင်းကိုကား တွေ့ခဲ့လေသည်။

ထိုကုမ္ပဏီအတွက်ပင် နောက်တစ်နှစ်တွင် ဒုတိယအကြိမ် ခရီးထွက်ခဲ့ပြန်သည်။ ထိုအကြိမ်တွင် ရေခဲများ ပိတ်ဆို့နေသော ကာရာရေလက်ကြားကို ဖြတ်ကျော်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်သောကြောင့် ပထမအကြိမ်ကဲ့သို့ပင် မည်သို့မျှ အကြောင်းမထူးပဲ ပြန်ခဲ့ရလေသည်။ ၁၆ဝ၉ ခုနှစ်တွင် ဒပ်ချ အရှေ့အိန္ဒိယ ကုမ္ပဏီက စေခိုင်းချက်ကြောင့် အာရှတိုက်သို့ ပေါက်သော အနောက်မြောက်လမ်းခရီးကိုရှာရန် ခရီးထွက် ရပြန်၏။ ထိုအကြိမ်တွင် ဒပ်ချတို့ပေးသော လခြမ်းအမည်ရှိ သင်္ဘောကလေးဖြင့် ခရီးထွက်ခဲ့ရာ မြောက် အမေရိကတိုက်၏ အရှေ့မြောက်ဘက်ဒေသရှ မြစ်တစ်မြစ်ကို ဆန်တက်ခဲ့လေ သည်။ ထိုမြစ်အား သူ့အမည်ကို အစွဲပြု၍ ဟဒ်ဆန်မြစ်ဟု အမည်ပေးခဲ့လေသည်။ ဟဒ်ဆန်သည် ထိုမြစ်ကို ယခု နယူးယော့ပြည်နယ်ရှိ အော်လဗနီမြို့နားအထိ ဆန်တက်နိုင်ခဲ့၏။[၃] ယခုခေတ် လူများအဖို့ ဟဒ်ဆန်သည် ဟဒ်ဆန်မြစ်ကြောင်းကို လိုက်ကာ တရုတ်နိုင်ငံသို့သွားရန် လမ်းပေါက်ရှာခဲ့ခြင်းမှာ ရယ်စရာလို ဖြစ်နေသော်လည်း ထိုခေတ်က မြေပုံလည်း မပေါ်သေးပဲ မှန်းဆချက်ဖြင့်သာ တစ်ခါမျှ မသွားဘူးသေးသော ခရီးကို စွန့်စားကာ ထွက်ခဲ့ရခြင်းဖြစ်၍ မှန်းဆသည့် နေရာကို ရောက်ချင်မှ ရောက်ပေမည်။ သို့သော် ထိုသို့ စွန့်စား သွားလာ သည့်ခဲ့အတွက် ချီးကျူးရမည် ဖြစ်၏။ တရုတ်နိုင်ငံသို့ မရောက်ခဲ့သော်လည်း ဟဒ်ဆန် ရောက်ခဲ့သည့်ဒေသများတွင် သားမွေးလုပ်ငန်းကို လုပ်ကိုင်နိုင်သည့်အတွက် ဒတ်ချ်ကုန်သည် များမှာ တစ်နည်းတစ်ဖုံ အကျိုးရှိ ခဲ့ပေသည်။ ဒတ်ချ်တို့သည် ထိုဒေသများတွင် လာရောက်အခြေတည်ကာ နေထိုင်၍ သားမွေး အရောင်းအဝယ်ကို လုပ်ကိုင်ခဲ့လေသည်။ ဟဒ်ဆန်သည် နောက်ဆုံးဖြစ်သော စတုတ္ထအကြိမ်တွင် အင်္ဂလိပ်ကုမ္ပဏီတစ်ခုအတွက် ခရီးထွက်ခဲ့ရလေသည်။ ထို အကြိမ်တွင် သူသည် နောင်အခါ၌ သူ့အမည်ကို အစွဲပြုကာ ဟဒ်ဆန်ရေလက်ကြားဟု ခေါ်ဝေါ်နေသော ရေလက်ကြားနှင့် ဟဒ်ဆန် ပင်လယ်အော်ဟု ခေါ်နေသော ပင်လယ်အော်တို့ ရှိရာသို့ ရောက်ခဲ့လေသည်။ ( ဟဒ်ဆန်ပင်လယ်အော်။)

သို့သော် သူတို့လူစုသည် ဆိုးရွားလှသော ရာသီဥတု၏ ဒဏ်ကိုခံစားခဲ့ရပြီးလျှင် ရိက္ခာပြတ်ခြင်းစသည့် အခက်အခဲ များစွာတို့နှင့်လည်း တွေ့ကြုံခဲ့ရလေ၏။ ထို့ကြောင့် သူ၏ သင်္ဘောသားများသည် ပုန်ကန်ကြ၍ ဟဒ်ဆန်နှင့် သူ၏ သားငယ်တို့ကို အခြားသစ္စာရှိ သင်္ဘောသားအချို့နှင့် အတူ လှေငယ်တစ်စင်းပေါ် တင်ကာ ပင်လယ်ပြင်တွင် မျှောလိုက်ကြ လေသည်။ ထိုနောက်၌ သူတို့၏ သတင်းကို မကြားရ တော့ချေ။

ဟဒ်ဆန်၏ စွန့်စားမှုများသည် ပထဝီဝင်ဆိုင်ရာအတွက်သာ အကျိုးများသည် မဟုတ်သေး စပစ်စဗာဂင် ကျွန်းစုတွင် ငါးဖမ်းသည့် လုပ်ငန်းနှင့် ဟဒ်ဆန်ပင်လယ်အော် တစ်ဝိုက်တွင် သားမွေးလုပ်ငန်းကိုပါ ဖြစ်ထွန်းစေခဲ့လေသည်။[၄]

မှတ်စု[ပြင်ဆင်ရန်]

  1. All the portraits used to represent Henry Hudson were drawn after his death.

ကိုးကား[ပြင်ဆင်ရန်]

  1. Butts, Edward (2009). Henry Hudson:New World Voyager. Toronto: Dundurn Press. p. 17.
  2. Hunter, Douglas (2007). God's Mercies:Rivalry, Betrayal and the Dream of Discovery. Doubleday Canada. p. 12.
  3. Nieuwe Wereldt ofte Beschrijvinghe van West-Indien, uit veelerhande Schriften ende Aen-teekeningen van verscheyden Natien (Leiden, Bonaventure & Abraham Elseviers, 1625) p.83: "/in den jare 1609 sonden de bewindt-hebbers van de gheoctroyeerde Oost-Indischische compagnie het jacht de halve mane/ daer voor schipper ende koopman op roer Hendrick Hudson, om in 't noordt-oosten een door-gaat naer China te soecken[...]"("in the year 1609 the administrators of the East Indies Company sent the half moon under Hudson to seek a northeast passage to China[...]")
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)