သံလွင်ပင်
Olive | |
---|---|
Olea europaea | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Asterids |
မျိုးစဉ်: | Lamiales |
မျိုးရင်း: | Oleaceae |
မျိုးဇာတ်သေး: | Oleinae |
မျိုးစု: | Olea |
မျိုးစိတ်: | O. europaea
|
ဒွိနာမ | |
Olea europaea | |
Distribution map, with Olea europaea subsp. europaea shown in green |
သံလွင်ပင် (Olea europaea) သည် အိုလီအေစီအီး မျိုးရင်းတွင်ပါဝင်၍ ရုက္ခဗေဒ အလိုအားဖြင့် အိုလီယာယူရိုပီယာဟုခေါ်သည်။ လူတို့စိုက်ပျိုးကြသော အပင်များတွင် သံလွင်ပင်သည်အလွန်အသက် ရှည်သောသစ်ပင်မျိုးဖြစ်သည်။ အပင်သက်နှစ်ပေါင်း ၇ဝဝ ခန့်ရှိသော သံလွင်ပင်အိုကြီးများကို ယနေ့တိုင်တွေ့မြင်နိုင်သေးသည်။ လုံးပတ်အားဖြင့်လည်းပေ ၂ဝ ကျော်အထိရှိတတ်သည်။ သို့ရာတွင်ယခု အချိန်၌လူတို့စိုက်ပျိုးထားကြသောသံလွင်ပင်များမှာအမြင့်ပေ ၃ဝ မကျော်ရအောင် အကိုင်းအခက်တို့ကို မကြာခဏချိုင်ပစ်ကြသည်။ သံလွင်ပင်စိုက်ပျိုးသည့်လုပ်ငန်းမှာလည်း အလွန်ရှေးကျသောလုပ်ငန်းတစ်ရပ်ဖြစ်၍ ရှေးခေတ်လူများအတွက်အလွန်အသုံးဝင်သော သစ်ပင်ဖြစ်လေသည်။ ဥရောပ တိုက်တောင်း ပိုင်းနှင့်အာရှမိုင်းနားကျွန်းဆွယ်အရပ်တို့သည် သံလွင်ပင် မူလပေါက်ရောက်ရာအရပ်များ ဖြစ်သည်။ စပိန်၊ ဣတလီ၊ ဂရိအစရှိသော မြေထဲပင်လယ်တစ်ဝိုက်ရှိတိုင်းနိုင်ငံတို့တွင် သံလွင်ဆီကိုဟင်းလျာများ ကြော်ချက်ရာ၌ အသုံးပြုကြသည်။ သံလွင်ဆီအညံ့စားကိုမူ မီးထွန်းရန်နှင့်ဆပ်ပြာလုပ်ရန်အတွက်အသုံးပြုကြသည်။
ယခုအချိန်တွင် မြေထဲပင်လယ်ဝန်းကျင်၌တည်ရှိသော တိုင်းနိုင်ငံများအပြင်အာဖရိကတောင်ပိုင်း နှင့် နယူးဇီလန်ကျွန်းများ၌လည်း သံလွင်ပင်ကိုစိုက်ပျိုးလျက်ရှိကြသည်။ ဂရိနိုင်ငံတွင် သံလွင်သီးမှည့် အခြောက်များကိုလူတို့စားသုံးကြသည်။ အခြားနိုင်ငံများ၌ သံလွင်သီးအမှည့်ကိုဖြစ်စေ၊ အစိမ်းကိုဖြစ်စေ၊ သနပ်ပြုလုပ်၍ စားသုံးကြသည်။ သံလွင်သီးတွင်ဆီ ၆ဝမှ ၇ဝ ရာခိုင်နှုန်းအထိပါရှိသဖြင့် ယခုခေတ်၌ သံလွင်ပင်များကို ဆီရရန်အတွက်စိုက်ပျိုးထားကြသည်။ သံလွင်စိုက်ပျိုးထားသော အချို့တိုင်းနိုင်ငံတို့တွင် သံလွင်သီးမှဆီကို ကြိတ်ဆုံများဖြင့်သာ ကြိတ်ညှစ်ယူလျက်ရှိကြသော်လည်း အချို့တိုင်းနိုင်ငံများ၌မူ ဆီကြိတ်စက်ရုံကြီးများကို ဆောက်လုပ်ထားကြသည်။ သံလွင်ဆီသည် စားသုံးရန်အတွက်သာလျှင် အသုံးဝင်သည်မဟုတ်။ ဆေးများဖော်စပ်ရာ၌လည်းကောင်း၊ ခေါင်းလျှော်ရည်၊ ခေါင်းလိမ်းဆီနှင့်အခြားအိမ်တွင်းသုံး ပစ္စည်းအမျိုးမျိုးအတွက်သော်လည်းကောင်း၊ ထိုဆီကိုအသုံးပြုနိုင်သည်။ အပင်မှခူးပြီးကာစ သံလွင်သီးအစိမ်းများ တွင် ခါးသက်သောအရသာရှိသည်။ ထိုအခါးဓာတ်ပျောက်ပြယ်သွားရန် အသီးများကို ဆားငန်ရည်တွင် စိမ်ထားရသည်။
သံလွင်ပင်၏သစ်သားသည် အလွန်မာ၍ အရောင်အဆင်းလှ သဖြင့်စားပွဲ၊ ဗီရိုစသည်တို့လုပ်ရန် အသုံးဝင်သည်။ ရှေးအခါ ကဂရိနိုင်ငံတွင် သံလွင်ကိုအမြတ်တနိုးထားကြ၏။ အိုလင်းပစ် ကစားပွဲများ ကျင်းပသည့်အခါ၌ ပွဲကြည့်ပရိသတ်တို့သည် သံလွင်ခက်များကို ကိုယ်စီကိုင်ကာ ပြိုင်ပွဲဝင်သူတို့ကိုအားပေးကြ သည်။ ပန်းဝင်သည့်အခါ၌လည်း သံလွင်ခက်များကိုဝင့်ကာမြှောက် ကာ ချီးကျူးထောပနာပြုကြ သည်။ ပြိုင်ပွဲနိုင်သူတို့အား သံလွင် ခက်များဖြင့်ပြုလုပ်ထားသောသရဖူကိုဆုအဖြစ် ချီးမြှင့်လေ့ရှိကြသည်။ ထိုစဉ်အခါမှစ၍ သံလွင်ခက်သည်ငြိမ်းချမ်းသာယာခြင်းနှင့် ပေါကြွယ်ဝ ခြင်း အတိတ်ကိုဆောင်သည် ဖြစ်ရာအနောက်နိုင်ငံစာပေများတွင် ထိုအဓိပ္ပာယ်မျိုးဖြင့်ယနေ့ထက်တိုင်ရေးသားထားကြသည် ကိုတွေ့ရှိရ လေသည်။ ဆပ်ပြာမပေါ်သေးမီက ဥစ္စာပစ္စည်းကြွယ်ဝသူ ဂရိလူမျိုးနှင့်ရောမလူမျိုးတို့သည်ကိုယ်ခန္ဓာကို သံလွင် ဆီဖြင့် လိမ်းကျံလေ့ရှိကြသည်။ ခရစ်ယန်သမ္မာကျမ်းစာထဲ၌ သံလွင်ပင်အကြောင်းဖော်ပြချက် များပါရှိသည့်အပြင်၊ ခရစ်တော် ပေါ်ထွန်းရာဖြစ်သော ပယ်လက်စတိုင်ပြည်တွင်ယနေ့တိုင်တည်ရှိနေသော သံလွင်တောင်မှာသမ္မာကျမ်းစာနှင့်စပ်လျဉ်း၍ ထင်ရှားသော တောင်တစ်ခုဖြစ်လေသည်။
သံလွင်ပင်၏အကိုင်းအခက်အပွင့်၊ အသီးတို့၏အသွင်အပြင်နှင့်အ ရောင်အဆင်းတို့မှာ အတော်ပင် ကြည့်ရလှပပေသည်။ အခေါက်နှင့်အရွက်တို့မှာ အစိမ်းနုရောင်ဖြစ်၍အပင်လုံးတွင် အဖုအထစ်များရှိသဖြင့် ချော၍မနေချေ။ အရောင်ထွက်နေသော ခရမ်းရင့်ရောင်အသီးများမှာ အလွန်မက်မောစရာကောင်း လှပေသည်။ အရွယ်မှာအချင်း ၃/၄ လက်မမှ တစ်လက်မအထိ ရှိ၍ အချို့မှာလုံး၍ အချို့မှာ ဘဲဥပုံ ရှိသည်။ အရွက်များမှာ လှံသွားပုံရှိသည်။ သံလွင်ပင်၏အပွင့်များသည်သေးငယ်၍ ပင်လုံးကျွတ်ဝေ ဝေဆာဆာပွင့်ကြသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Magos Brehm, J., Draper Munt, D. & Kell, S.P. 2011. Olea europaea (errata version published in 2016). The IUCN Red List of Threatened Species 2011: e.T63005A102150835. Downloaded on 26 June 2021. http://www.iucnredlist.org/species/63005/102150835
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)