စံမြင့်

ဝီကီပီးဒီးယား မှ
ဦးစံမြင့်
မွေးဖွား (1931-03-16) ၁၆ မတ်၊ ၁၉၃၁ (အသက် ၉၃)
ပြည်မြို့
နိုင်ငံလူမျိုးဗြိတိသျှ-ဗမာ
အလုပ်အကိုင်စစ်မှုထမ်းဟောင်း
တိရစ္ဆာန် ဆေးဘက်ဝန်ထမ်း
သရုပ်ဆောင်

ဦးစံမြင့် (၁၆ မတ် ၁၉၃၁ မွေးဖွား) သည် မြန်မာနိုင်ငံသား စစ်မှုထမ်းဟောင်း၊ တိရစ္ဆာန် ဆေးဘက်ဝန်ထမ်းနှင့် သရုပ်ဆောင် ဖြစ်သည်။ ဗြိတိသျှအရာရှိအဖြစ် သရုပ်ဆောင်များသောကြောင့် သခင်ကြီး ဟူသော အမည်နှင့် ပို၍ လူသိများသည်။

ငယ်ဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

၁၉၃၁ ခု၊ မတ်လ ၁၆ ရက်တွင် ပြည်မြို့၌ မွေးသည်။ ဖခင်မှာ ဗြိတိသျှလက်အောက်ခံ ကာလတွင် မြန်မာသို့ လာရသော ဗြိတိသျှစစ်သား ဖြစ်ပြီး မိခင်မှာ ဒေါ်ပန်းသီး ဖြစ်သည်။ မွေးချင်း ၆ ယောက် ရှိသည်။ [၁]

အသက် ၆ နှစ်အရွယ်တွင် ဖခင်ဆုံးရာ မိသားစု ကျပ်တည်းသဖြင့် ကျောင်းမထားနိုင်။ အသက် ၁၂ နှစ်ရောက်သော် အင်္ဂလိပ်-မြန်မာ အလွတ်ပညာသင်ကျောင်း၌ အခမဲ့ပညာသင်ခွင့်ရရန် တောင်းပန်ရာ ကျောင်းနေခွင့် ရလာသည်။ (၇) တန်းကို ၄ နှစ်သာတက်ပြီး အအောင်ဖြေသည်။ အင်္ဂလိပ်စကားသာမက ဟင်ဒီစကားလည်း ပြောနိုင်သည်။

စစ်မှုထမ်းဘဝ[ပြင်ဆင်ရန်]

(၇) တန်းအောင်ပြီးနောက် အသက် ၁၈ နှစ်တွင် ဗမာ့တပ်မတော်သို့ ဝင်သည်။ အမြောက်တပ်ရင်းတွင် တာဝန်ကျသည်။

၁၉၅၂ ခုတွင် ယူဂိုဆလားဗီးယားသို့ ၇၆ မမ အမြောက် သုံးနည်းထိန်းနည်းအတွက် ပညာသင် ၆ လ သွားရသည်။ ထိုအမြောက်မြားကို မြင်းနှင့်တင်သဖြင့် ၁၉၅၄ ခုတွင် ပါကစ္စတန်နိုင်ငံ ဆာကိုဒါမြို့၌ တိရစ္ဆာန်ဆေးပညာ ထပ်သင်သည်။

ထို့နောက် တရုတ်ဖြူစစ်ဆင်ရေးများဖြစ်သော ရန်ကြီးအောင်၊ ဘုရင့်နောင်၊ လွိုင်တွန်းစခန်း၊ အောင်မေဃ စသော စစ်ဆင်ရေးတို့တွင် ပါဝင်ရသည်။

၁၉၆၀ ပြည့်တွင် ဗိုလ်ရွေးဝင်ခွင့် ရသော်လည်း သွေးနှောဖြစ်သဖြင့် အရွေးမခံရ။

၁၉၆၂ ခုတွင် တပ်မှ ထွက်သည်။

တိရစ္ဆာန် ဆေးဘက်ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

တပ်မှ ထွက်သည့်နောက် ရန်ကုန်မြို့ ကန်တော်လေးရပ်၌ နေသည်။ ရထားသည့် ပညာဖြင့် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၌ တိရစ္ဆာန် ဆေးဘက်ဝန်ထမ်းအဖြစ် အလုပ်ဝင်သည်။

သစ်တောဝန်ကြီးဌာနမှ အကူတောင်းသဖြင့် သစ်ထုတ်လုပ်ရေးအတွက် ပဲခူးရိုးမတွင် ဆင်ဖမ်းရာ၌ လိုက်ကူဖူးသည်။ ဆင်ရိုင်း ၃ ကောင် ဖမ်းပေးခဲ့သည်။

အာဇာနည်နေ့ ဗုံးကွဲသည့်အခါ တရားခံတို့အား မေ့ဆေးသေနတ်နှင့် ပစ်ဖမ်းရန် အမိန့်ရသဖြင့် ရဟတ်ယာဉ်နှင့် သွားကူရသည်။ သို့သော် ဖမ်းဆီးပြီး ဖြစ်နေသောကြောင့် လုပ်ကွက်မရ။

၁၉၈၀ နှောင်းပိုင်းကာလတွင် ဆတ်ချိုနုမှ ဆေးဖော်နိုင်ကြောင်း သုတေသနတို့ကြောင့် တရုတ်နိုင်ငံသို့ သွားကာ ပညာသင်သည်။ ထိုစီမံကိန်း၌လည်း ပါဝင်ရသည်။

သရုပ်ဆောင်ဘဝ[ပြင်ဆင်ရန်]

အောင်ပန်းရှိ အမြောက်တပ်၌ နေစဉ် တပ်မြင်းများကို တင်ညွန့်၊ ရွှေဘ၊ သင်းသင်းလဲ့ စသော သရုပ်ဆောင်များပါသည့် ဇာတ်ကားများအတွက် လာငှားသဖြင့် အနုပညာလောကနှင့် မစိမ်း။ တင်ညွန့်ခေါ်သဖြင့် ရန်သူကို ဘာမထီ ဇာတ်ကားတွင် စပါသည်။

တပ်မှထွက်၍ တိရစ္ဆာန် ဆေးဘက်ဝန်ထမ်း လုပ်သည့်အခါ ရုပ်ရှင်ဇာတ်ကားများတွင် ပို၍ ပါခွင့်ရလာသည်။ လူသိများသော "မောင်မင်း လူကလေး" ကို စနေမ ဇာတ်ကားတွင် ပြောရန် ဝါဝါဝင်းရွှေက သင်ပေးပြီး ပရိသတ်သဘောတွေ့သော စကားစု ဖြစ်ခဲ့သည်။

ရုံတင်ဇာတ်ကား ၃၄ ကားတွင် ပါဝင်သည်။

ပါဝင်သည့် ဇာတ်ကားများ[ပြင်ဆင်ရန်]

ဇာတ်ကားအမည် ရုံတင်နှစ် ဇာတ်ကောင်အမည် မှတ်ချက်
ရန်သူကို ဘာမထီ
စနေမ
ရဲဘော်ဆက်လုပ်
သူ့ကျွန်မခံပြီ

ပုဂ္ဂိုလ်ရေးရာ[ပြင်ဆင်ရန်]

တိရစ္ဆာန် ဆေးဘက်ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူပြီးနောက် ဒလ၌ အခြေချသည်။ ယခု ပဲခူးမြို့၌ နေသည်။ [၂]

ကိုးကား[ပြင်ဆင်ရန်]