ခင်လေးသိမ့်

ဝီကီပီးဒီးယား မှ

ခင်လေးသိမ့် ( ၁၂ ဒီဇင်ဘာ ၁၉၄၇ မွေးဖွား) သည် မြန်မာ့ ရုပ်ရှင် အကယ်ဒမီ ထူးချွန်ဆုရ ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာမ ဖြစ်သည်။ အဖ ဦးထွန်းမြင့်ထွန်း (ဒါရိုက်တာထွန်းမြင့်ထွန်း)၊ အမိ ဒေါ်တင်ရီတို့က ၁၉၄၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မွေးဖွားခဲ့သည်။ မွေးချင်း ၅ ဦးအနက် အကြီးဆုံး ဖြစ်ပြီး ညီမဖြစ်သူမှာ သုံးထပ်ဆင့်အကယ်ဒမီ ခင်သီတာထွန်း ဖြစ်သည်။ ပညာအရည်အချင်းမှာ သိပ္ပံဘွဲ့ (သတ္တဗေဒ) ဖြစ်သည်။

ခင်ပွန်းသည်မှာ မြန်မာစာဆရာ ဦးတင်ဝင်းသျှင် ဖြစ်ပြီး သမီးဖြစ်သူမှာ ရုပ်ရှင်နှင့်ဗွီဒီယို ဒါရိုက်တာ ကြည်ဖြူသျှင် ဖြစ်သည်။

၁၉၇၀ ပြည့်နှစ်မှစ၍ ဖခင် ဦးထွန်းမြင့်ထွန်း၏ တော်ဝင်ထွန်းရုပ်ရှင်ကုမ္ပဏီတွင် မန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့သည်။ ရုပ်ရှင်ကောင်စီမှ ဖွင့်လှစ်သော ၁/၈၄ ဒါရိုက်တာသင်တန်းကို တက်ရောက်ပြီးနောက် ၁၉၈၉ ခုနှစ်တွင် ညွန့်မြန်မာရုပ်ရှင်မှ ဒါရိုက်တာ အောင်မြင့်မြတ် ရိုက်ကူးသည့် ရတနာ ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ညွှန်းရေးသားပေးခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ ဇာတ်ညွှန်းအလွှာမှ အမှုဆောင်အဖြစ် ရွေးချယ်ခံရပြီး ၁၉၉၁ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် တော်ဝင်ထွန်းဗွီဒီယိုထုတ်လုပ်ရေးကို တည်ထောင်ပြီး ဗွီဒီယိုဇာတ်ကားများ ရိုက်ကူးထုတ်လုပ်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်တွင် မဟာထွန်းရုပ်ရှင်ထုတ်လုပ်ရေးကို တည်ထောင်ပြီး ရုပ်ရှင်ဇာတ်ကားများ ထုတ်လုပ်ခဲ့သည်။

မဟာထွန်းရုပ်ရှင်မှ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးသည့် ပန်းတစ်ပွင့်ဖန်ဆင်းခြင်း ဇာတ်ကားဖြင့် ၂၀၀၁ ခုနှစ်အတွက် ရုပ်ရှင်ဇာတ်ညွှန်းဆုဆွတ်ခူးရရှိခဲ့သည်။ ပန်းတစ်ပွင့် ဖန်ဆင်းခြင်းမှာ စာရေးဆရာမ လွန်းထားထား(ဆေးတက္ကသိုလ်)ရေးသားသော လုံးချင်းဝတ္ထု ဖြစ်သည်။ ခင်လေးသိမ့်၏ထင်ရှားသော ရုပ်ရှင်ဇာတ်ညွှန်းများမှာ နှလုံးသားလျှို့ဝှက်ခန်း၊ နှုတ်ခမ်းထက်က ဓားသွား၊ သင်ချစ်လျှင် ကျွန်ုပ် မမုန်းပါ၊ ညှို့သောပင်လယ် ဆွဲငင်သောလမင်း၊ ပန်းတစ်ပွင့်ဖန်ဆင်းခြင်း၊ အရိမဒ္ဒနပူရ၏မဟာအောင်ပွဲ စသည်တို့ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

အကယ်ဒမီခင်လေးသိမ့်နှင့် တွေ့ဆုံမေးမြန်းချက် မှတ်တမ်း။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ခြင်းအခမ်းအနားမှတ်တမ်း၊။ ရန်ကုန်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ၂၀၀၁။ (ပုံနှိပ်ထုတ်ဝေခြင်းမရှိသော မှတ်တမ်း)