မုဒြာ

ဝီကီပီးဒီးယား မှ
၁၅:၅၁၊ ၁၇ ဇန်နဝါရီ ၂၀၂၁ နေ့က InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) (ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.8) တည်းဖြတ်သည့်မူ

မုဒြာဟူသော ဝေါဟာရသည် သက္ကတဘာသာအားဖြင့် မုဒြာ၊ ပါဠိဘာသာအားဖြင့် မုဒ္ဒဖြစ်သည်။ မြန်မာဘာသာအရ လက်အနေအထား ပုံစံကို ခေါ်ဆိုသည်။ အချို့ ရုပ်ပွားဆင်းတုဆိုင်ရာ ပဋိမာသိပ္ပံပါရဂူကြီးများက မုဒြာဟူ၍၎င်း၊ ဟတ္ထဟူ၍၎င်း ခွဲခြားခေါ်ဝေါ်ပညတ်ကြလေသည်။ အလွန်နက်နဲသိမ်မွေ့၍ အတွင်းငုပ်သော အနက်အဓိပ္ပါယ် သဘောတရားများကို ရည်ညွှန်းခြင်း ဖြစ်သည်။ အချို့မုဒြာမှာ လက်တစ်ဘက်တည်းဖြင့်သာ ဟန်အမူအရာ ပြခြင်းဖြစ်၍၊ အချို့မုဒြာမှာမူ လက်နှစ်ဘက်ဖြင့်ဖြစ်စေ၊ လက်လေးငါးဆယ်ဘက်ဖြင့်ဖြစ်စေ ဟောကြားညွှန်ပြလိုသော သဘောတရားကို ဟန်အမူအရာ ပြထားခြင်းမျိုး ဖြစ်လေသည်။


မုဒြာသည် ရုပ်ပွားဆင်းတု၊ ရုပ်လုံးရုပ်ကြွ စသည်တို့ကို လေ့လာသုတေသန ပြုရာတွင် မသိလျှင်မဖြစ်သော အခြေခံအကျဆုံး ပဋိမာ သိပ္ပံပညာရပ်၏ သော့ချက်တစ်ခု ဖြစ်ပေသည်။

အကြမ်း(၆)မျိုး

မုဒြာများသည် ဗုဒ္မ၏ဘဝတစ်လျှောက်လုံးတွင် ဖြစ်ပျက်သမျှကို ပုံဖေါ်ထားခြင်းဟုဆိုနိုင်သည်။ အကြမ်းအားဖြင့် မုဒြာ(၆)မျိုး တွေ့နိုင်သည်။

  1. သမာဓိမုဒြာ = ထိုင်လျက် လက်ဝါးနှစ်ဘက်စလုံး ကို အပေါ်သို့ လှန်လျက် ထပ်ထားပြီး ပေါင်ခွင်ပေါ်တွင် အလိုက်သင့် တင်ထားသည့် လက်အနေအထားသည် တရားအားထုတ်ဟန်။ ဈာန်ဝင်ဝင်စားဟန်ကို ဖော်ညွှန်းသည်။
  2. ဘူမိဖဿမုဒြာ = ထိုင်လျက် မြေကြီးကို ညာဘက် လက်ချောင်းများဖြင့်ထိစေကာ ဝသုန္မရိမြေကြီးအား မာန်နတ်ကို အောင်မြင်ကြောင်း သက်သေညွှန်းဆိုဟန်ကို ဖေါ်ပြသည်။
  3. ဓမ္မစကြာမုဒြာ= ထိုင်လျက် လက်နှစ်ဘက်စလုံး ရင်ညွန့် အထက်နားတွင်မြှင့်ထားပြီး ဘယ်လက်ချောင်းထိပ်နှင့် လက်ယာလက်ဖဝါးကို ထိနေဟန်သည် ဓမ္မစကြာတရားကို ဟောကြားနေဟန် ဖြစ်သည်။
  4. အဘယမုဒြာ = ဘေးအန္တရာယ်မကျရောက်စေရန် ကာကွယ်ပေးဟန် ကို ဖေါ်ပြသည်။ ရပ်တော်မူပုံနှင့် စင်္ကြန်ကြွချီဟန်ပုံတို့တွင် လက်ယာလက်ဖြင့် လက်ဝါးကာပြသကဲ့သို့ လက်ဖဝါးအပြင်ဘက်သို့လှန်ကာ လက်ချောင်းများက အပေါ်သို့ ထောင်ဖြန့်ပြနေဟန်ဖြစ်သည်။ ( ရံခါ လက်နှစ်ဘက် )
  5. ဝိတက္ကမုဒြာ=ဆွေးနွေးဟန် ညွှန်ကြားဟန်ဖြစ်၍ အဘယမုဒြာနှင့်ဆင်တူသည်။ လက်ယာဘက်လက်ညိုးနှင့် လက်မထိပ်ထိထားပုံ သာကွာသည်။
  6. ဝရဒမုဒြာ= ရပ်တော်မူ ဗုဒ္မရုပ်ပွားတော်များ၌သာ တွေ့မြင်နိုင်သည်။ ကောင်းချီးပေးဟန် ဆုပေးဟန်ဖြစ်ပါသည်။ လက်ယာဘက်လက်ကိုအောက်ချ၍လက်ဖဝါးကို အပြင်သို့လှည့်ပြီး လက်ချောင်းများ အောက်သို ဖြန့်ချထားဟန်ဖြစ်သည်။

သုံးကဏ္ဍ

ပါမောက္ခပိုဒုဝါလ်၏ အဆိုအမိန့်အရ -

  1. ဗေဒင်ကျမ်းများဆိုင်ရာ မုဒြာများ၊
  2. တန္တရာယာနဆိုင်ရာ မုဒြာများ (၁၀၈)မျိုး၊
  3. လောကီယ အနုပညာဆိုင်ရာ မုဒြာများ (၆၄)မျိုးဟူ၍ သုံးပိုင်း၊ သုံးကဏ္ဍ ခွဲခြားနိုင်ပေသည်။

ယင်းတို့အနက် အသုံးအများဆုံး အထင်ရှားဆုံး မုဒြာပေါင်း (၄၅) ခုရှိကြောင်း သိရသည်။

ကိုးကား

http://www.myworld-phyophyo.com/p/buddha-1-16.html Archived 12 November 2016 at the Wayback Machine.