ဘူမိဖဿမုဒြာ

ဝီကီပီးဒီးယား မှ

ဘူမိဖဿမုဒြာ = ဘူဖဿမုဒြာ

မြေကြီးကို လက်များထိထားသောဟန် ဖြစ်သည်။ ဝသုန္ဓရီမြေကြီးကို သက်သေညွှန်းသော ဟန်ဟူ၍လည်း ခေါ်သည်။

လက်ျာလက်သည် လက်ျာဒူးမှ အောက်သို့တွဲလဲချ၍ ထားသည်။ လက်ဝါးကို အတွင်းဘက်သို့ လှည့်ထားပြီးလျှင် လက်ချောင်းများ အားလုံးကိုဖြန့်၍ အောက်တည့်တည့်သို့ စိုက်ကာ ကြာပလ္လင်ကို ဖြစ်စေ, မြေကြီးကိုဖြစ်စေ ထိုင်ခုံတခုခုကိုဖြစ်စေ, ထိထားသောဟန် ဖြစ်သည်။ လက်ဝဲလက်မှ ပေါင်ခွင်ပေါ်တွင် လက်ဖဝါး လှန်၍ တင်ထားလေ့ရှိသည်။ လက်ျာလက်ဖမိုးကို မြင်ရသည်။ လက်ဝဲ လက်ဖဝါးကိုလည်း မြင်နိုင်သည်။

တခါတရံ လက်ဝဲလက်ထဲတွင် သပိတ်ဖြစ်စေ တခုခုကို ထည့်ပေးထားတတ်သည်။

ဤ မုဒြာ ဖြစ်ပေါ်လာရပုံမှာ ဂေါတမမြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ ဘုရားအဖြစ်သို့ ရောက်၍ အပရာဇိတပလ္လင်ထက်ဝယ် စံနေတော်မူစဉ် မာရ်နတ်သားက လာရောက် တိုက်ခိုက်လေသည်။ ထိုအခါ ဘုရားက ဝသုန္ဓရာမြေကြီးကို သက်သေညွှန်းခြင်ဖြင့် မာရ် စစ်သည်အပေါင်းကို အောင်နိုင်တော် မူခဲ့လေသည်။ ဤအဖြစ်အပျက်ကို စွဲ၍ မာရ်နတ်ကို အောင်မြင်တော်မူခန်းကို သရုပ်ဖော်ရာ၌ ဤမုဒြာကို တီထွင်ခဲ့သည်ဟု ရှေးဆိုရိုး ရှိခဲ့လေသည်။ ထို့ကြောင့် မြန်မာအနုပညာသဘင်တွင် ဝသုန် ဤမြေ သိကြားစေ သက်သေညွှန်း ဟူ၍ စပ်ဆိုခဲ့ကြရလေသည်။

တိဗက်မြန်မာ အယူအဆအရဆိုပါလျှင် ပထဝီမြေကြီးဓာတ်သည် မကုန်ခန်းနိုင်သော သဘော ခိုင်မာခက်ကြောသောသဘော, ထောက်ခံသောသဘော ထိတွေ့ကိုင်တွယ်၍ ရနိုင်သောသဘောတည်းဟူသော ဂုဏ်ထူးဝိသေသများဖြင့် ပြည့်စုံသည်။ ထိုပထဝီကို လက်ညွှန်ပြထားသော မုဒြာ၏ဆိုလိုရင်းမှာ ဤရုပ်ပွါးတော်သည်လည်း အထက်ပါဂုဏ်ထူး ဝိသေသများနှင့် ပြည့်စုံတော်မူသော အက္ခောဘျ မြတ်စွာဘုရား ဈာန်ဗုဒ္ဓ၏ပုံတော်ဖြစ်သည်ဟူ၍ နိမိတ်ပြထားကြောင်း တိဗက်ဘာသာ ကျမ်းရင်း များ၌ မိန်ဆိုထားလေသည်။

ပုဗ္ဗေစ ကတပုညတာမင်္ဂလာ, အတ္တသမာပဏိဓိမင်္ဂလာ, ခန္တီမင်္ဂလ, ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ န ကမ္ပတိမင်္ဂလာတို့ကို သရုပ်သဏ္ဌာန် ဆောင်ပြထားပေသည်။

သစ္စာပါရမီ, အဓိဋ္ဌာနပါရမီ, ဥပေက္ခာပါရမီ စခန်းများသို့ ညွှန်ပြသည်။

ဝီရရသ, အဗ္ဘုတရသများကို ပေါ်လွင်စေသည်။

လက်ျာလက်ဖမိုးကိုလှန်၍ ခြေခွင်ပေါ် တင်ထားပြီးလျှင် လက်ဝဲလက်ကို ပလ္လင်ပေါ်သို့ဖြစ်စေ မြေကြီးကိုဖြစ်စေ ထောက်ပြထားသော ဘူမိဖဿမုဒြာ ပြောင်းပြန်ပုံကိုလည်း တွေ့ရတတ်ပါသည်။ ပုဂံအာနန္ဒာစေတီတော်တွင်းမှ ပုံတော်များကို ဤဘူမိဖဿမုဒြာ ပြောင်းပြန်ပုံဖြင့် တွေ့ရှိနိုင်ပါသည်။

ပုံစံအားဖြင့် ရန်ကုန်မြို့ ကမ္ဘာအေးစေတီတော်တွင်းရှိ ဆင်းတုတော်ကြီးများသည် ဘူမိဖဿမုဒြာများဖြင့် ရှိတော်မူကြသည်။

ရန်ကုန်မြို့၊ ကမ္ဘာအေး ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပြတိုက်တွင် ဘူမိဖဿမုဒြာပုံတော် တဆူကို စာတမ်းထိုး၍ ပြသထားသည်ကို တွေ့ရပါသည်။

အမရပူရမြို့ကျောက်တော်ကြီးဘုရား ရုပ်ပွါးတော်သည် ဘူမိဖဿမုဒြာဖြင့် ရှိပေသည်။

မြန်မာပြည်တွင် ဂေါတမဗုဒ္ဓ ဆင်းတု ရုပ်ပွါးတော်များနှင့် အက္ခောဘျဘုရား၏ ရုပ်ပွါးတော် အချို့ကို ဤ ဘူမိဖဿမုဒြာဖြင့် အများဆုံး တွေ့ရှိရသည်။ ပြည်ခရိုင် ခင်ဘားကုန်း ငွေခေါင်းပွဘုရား ပလ္လင်ခွေ ရုပ်ပွါးတော်သည်၎င်း, ပုဂံမြို့ လောကထိပ်ပန်စေတီတော်တွင်းမှ အဋ္ဌမဟာဋ္ဌာနရုပ်ပွါးတော် သည်၎င်း ဘူမိဖဿမုဒြာဟန်များဖြစ်ကြသည်။ မန္တလေးမြို့ မဟာမုနိ ရုပ်ပွါးတော်ကြီးသည် ဘူမိဖဿ မုဒြာဟန် ဖြစ်ပေသည်။

မုဒြာနှင့် ဝရဒမုဒြာတို့၏ ခြားနားချက်ကို နှိုင်းယှဉ်ကြည့်သင့်သည်။ ဝရဒမုဒြာတွင် လက်ဖျားတို့သည် ပလ္လင် မြေကြီးနှင့် မထိကြချေ။ လက်ဝါးကိုလည်း အပြင်ဘက်သို့ လှန်ထားသည်။ များသောအားဖြင့် ဘူမိဖဿမုဒြာနှင့် ရှိသော ရုပ်ပွါးဆင်းတုသည် ဝဇီရာပရိယင်္ကအနေအထား ကိုယ်ဟန်ဖြင့်ရှိရလေသည်။ အထူးသဖြင့် ဘူမိဖဿမုဒြာသည် အောင်ခြင်းရှစ်ပါးတွင် တပါးအပါအဝင် ဖြစ်သောကြောင့် ယင်းရုပ်ပွါးဆင်းတုကို ကိုးကွယ်လျှင် တရားနိုင်ခြင်း, သက်သေအောင်နိုင်ခြင်း, စစ်ထိုးရာ၌ အောင်မြင်ခြင်း, ရန်သူတို့က မကြံစည် မတိုက်ခိုက်နိုင်ခြင်း, ခန့်ညားတည်ကြည်၍ မတုန်မလှုပ် နောက်မဆုတ်ခြင်းစသော အနက်အဓိပ္ပါယ် သဘောတရားများကို ဆောင်လေသည်။ အကျိုး အာနိသင်ရှိသည်ဟုလည်း ယုံကြည်ကြလေသည်။

ထိုမှတပါး အခြားဘူမိဖဿမုဒြာပုံ မူကွဲများကို နောက်ဆက်တွဲတွင် ဆက်လက်ရှင်းလင်း ဖော်ပြထားပါသည်။

လောကီဂန္ဓာရီအလိုအရမူကား-

ရန်သူတကာကို အောင်မြင်နိုင်ခြင်း, တရားအမှုတွင် မိမိဘက်မှ လွှတ်လွတ်ကျွတ်ကျွတ် အနိုင်ရခြင်း, အစိမ်းသားရဲ သင်းကွဲပြိတ္တာ နတ်မိစ္ဆာတို့၏ ပယောဂ နှောက်ယှက်မှုကို နှိမ်နင်းနိုင်ခြင်း, သေလု မြောပါးဖြစ်နေသော လူနာအား အသက်မသေ ဝေဒနာမှ ချမ်းသာရာ ရစေခြင်း, ဆင်ကြမ်း, မြင်းကြမ်း, နွားကြမ်း, သူရဲကြမ်းတို့ကို အောင်နိုင်ခြင်း, ပြုရာ နယ်ရာ အိမ်ရာ မြေရာ ကျောင်းရာ စသည်တို့ကို စတင်ရှင်းလင်းခုတ်ထွင်ရာ၌ မြေကြမ်းကို အောင်နိုင်ခြင်း, ရဲရင့်စေခြင်း, စစ်ထိုးစစ်ဆင် စစ်ချီရာ၌ ရန်သူတကာကို အောင်ပွဲရခြင်း, သုံ့ပန်းများကို အရှင်လတ်လတ် ဖမ်းဆီးရမိခြင်း, တနိုင်ငံလုံးကို စိုးမိုးလွှမ်းခြုံ၍ အာဏာတန်းခိုးထက်မြက်ခြင်း, ဘုန်းတန်းခိုးအာနုဘော်ကြီးခြင်း စသည့် အကျိုး ထူးများကို မုချအောင်မြင် ရရှိနိုင်သည်။ မာရဝိဇယမုဒြာဟူ၍၎င်း ဘူမိဖဿမုဒြာဟူ၍၎င်း ခေါ်တွင်အပ်သည်ဟူ၍ တန္တရာယာန ဝဇီရာယာနကျမ်းများ၌ မိန့်ဆိုထားလေသည်။ [၁][၂] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. BHŪMISPARSHA MUDRĀ-BHŪSPARSHA MUDRĀ DHI. p.262.; IBBS. p.17-30. IBI. p.433. Tibetan Collectiona vol.i. p.24.; ITL. p.20. F.T.M. p.108. Lokatheippau, plate 10. Mudra, Saunders. p.80 (Sokuchi-in) OBEP. plate 294 a. Ananda.
  2. ၂.၀ ၂.၁ စဝ်ထွန်းမှတ်ဝင်း မဟာဝိဇ္ဇာ (ရန်ကုန်)၊ မဟာဝိဇ္ဇာဂုဏ်ထူး (ဟားဗဒ်) အထက်တန်း သုတေသန ပညာရှင်ဘွဲ့ (ဟားဗဒ်) ညွှန်ကြားရေးမှူး၊ သုတေသနနှင့် ကျမ်းပြုဌာနခွဲ သာသနာရေး ဦးစီးဌာန။ မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ