ခွန်ထွန်းဦး

ဝီကီပီးဒီးယား မှ

ခွန်ထွန်းဦး ကို ၁၉၄၃ခုနှစ် စက်တင်ဘာလ ၁၁ရက်နေ့တွင် ရှမ်းပြည်နယ် သီပေါမြို့၌ အဖ စဝ်ကြာဇုံ အမိ -- တို့မှ ဖွားမြင်ခဲ့သည်။

၁၉၆၄ ခုနှစ်တွင် တောင်ကြီးမြို့၊ ကမ္ဘောဇကောလိပ် မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ပြီး၊ ၁၉၆၅ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်၍ ဥပဒေဘာသာရပ် ကို ဒုတိယနှစ်အထိ သင်ကြားခဲ့သည်။

၁၉၆၇ ခုနှစ်မှ ၁၉၇၇ ခုနှစ် အထိ အင်ဒိုနီးရှားသံရုံး စစ်သံမှူး၏ကိုယ်ရေးအရာရှိ၊ ၁၉၈၄ ခုနှစ်တွင် နိုင်ငံတကာ သတင်းစာ ဖြန့်ချိရေးကုမ္ပဏီ၊ ဂျပန် Overseas Courier Service (အိုစီအက်စ်)၏ သတင်းစာ ဖြန့်ချိရေး ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခဲ့သည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို) ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။ သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ(၅၂၆၈)မဲ၊ စုစုပေါင်း မဲရာခိုင်နှုန်း (၄၉.ဝ၁)ဖြင့် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (စီအာရ်ပီပီ) တိုးချဲ့ ဖွဲ့စည်းသည့်အခါ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ကိုယ်စားလှယ် အဖြစ် ပါဝင်ခဲ့သည်။ [၁]

ကိုးကား

  1. ခင်ကျော်ဟန်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရေနံချောင်း (၂)။ ၁၉၉၀ ပြည့်နှစ်၊ မေလ (၂၇) ရက်နေ့တွင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မှတ်တမ်း။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ ပြန်ကြားရေးကော်မတီ။