ယို
ယို (အင်္ဂလိပ်: jam) ဆိုသည်မှာ အသီးနှင့်သကြား တို့ကို ရေနွေးဖြင့်ဆူပွက်စေ၍ သကြားပေါက် စေးပျစ်လာအောင်ကျိုခြင်းဟု အကြမ်းအားဖြင့် သိ ထားကြသည်။ ယိုပြုလုပ်ရာတွင်လည်း အသီးတို့ကို လှီးဖြတ်ချေမွပြီး ယိုဖြစ်လာရန် ရေနှင့် သကြားတို့ကို ရော၍ အပူပေးမွှေပေးခြင်း ပြုလုပ်ပြီးနောက် ခွက် ထဲသို့ပေါင်းထည့်ရသည်။ အသီးရနံ့ကောင်း ကောင်း၊ ပြောင်သောအရောင်နှင့် အရည်မထွက်ဘဲ နူးနူးညံ့ညံ့ယိုသုတ်နိုင်ခြင်းကို ယိုကောင်းဟု သတ် မှတ်၏။ ယိုပြုလုပ်ရာတွင်လည်း သစ်သီး(သို့) ဟင်းသီးဟင်းရွက်ကို အသုံးပြုရသောအခါ အအေး ခံ၊ တာရှည်ခံဖို့ အရေးကြီး၏။ ယိုတွင် ချိုသော အရသာ၊ မွှေးသောရနံ့နှင့် အချို့ငရုတ်ကောင်း ကြောင့် ပူစပ်အရသာဟူ၍ အမျိုးအစားများစွာရှိ၏။ သစ်သီးတွင်လည်း အချဉ်ဓာတ်ပါသောအသီးများ (Citrus Fruit) ဖြစ်သော လိမ္မော်၊ လီမွန်၊ သံပရာနှင့် ဂရိတ်ဖရုသီးစသည်တို့ရှိသကဲ့သို့ ဟင်းသီးဟင်းရွက် အသုံးအဖြစ် မုန်လာဥ၊ ကန်စွန်းဥ၊ သခွားသီး၊ ဖရုံသီး၊ ချဉ်ပေါင်သီးနှင့် ခရမ်းချဉ်သီး စသည်တို့ကို လည်း ယိုပြုလုပ်ရာတွင် သုံးခဲ့ကြသည်။
ယိုမျိုးစုံတွင် အနံ့ထွက်ရုံသာ သစ်သီးကို သကြားနှင့်ပေါင်းသောယို (Conserve)၊ အပူပေးပြီး သည်နှင့် အသီးများကို မွှေနှောက်ပေး၊ ဇကာချပေး ၍ ပန်းသီး၊ မက်မွန်သီး၊ စပျစ်သီးကဲ့သို့ အသီးလုံးကြီး များကို ကျိုချက်ရသောယို (Fruit Butter)၊ အချိုပွဲ အချို့အပေါ်ဘက်တွင် သုတ်လိမ်းရသောယို (Fruit Curd)၊ သကြားမထည့်သောယို (Fruit Spread) စသည်တို့ကို ယိုပြုလုပ်နည်းနှင့် အသီးအမျိုးအစား မတူညီ၍ အမည်အမျိုးမျိုးပေးခဲ့ကြသည်။ ထို့ပြင် လုံးဝ မကျိုချက်ခြင်း (သို့) ၅ မိနစ်ထက်မပိုသော ကျို ချက်ချင်းဖြင့်သာပြုလုပ်သော အအေးခံယို (Freezer Jam) သည်လည်း မြောက်အမေရိကရှိ တစ်ချို့နေရာများတွင် အလွန်လတ်ဆတ်သော အရသာပေးသည့်စားစရာအဖြစ် ရေပန်းစားခဲ့သည်။ လိမ္မော်ခွံယို (Marmalade)သည် ဗြိတိသျှစတိုင် အဖြစ် အသီး၊ သကြားနှင့် ခါးသည့် အရသာလေး ပါဝင်၏။ အမေရိကန်စတိုင်က မခါးဘဲချိုသော အရသာရှိသော (Marmalade) ယိုဖြစ်ပါ သည်။
သစ်သီးဝလံအမျိုးစုံကိုစိုက်ပျိုးနိုင်သော မြန်မာနိုင်ငံတွင်သစ်သီးတို့ကို ယိုထိုးလေ့ရှိသည်။ ပျဉ်းမနားခရမ်းချဉ်သီးယို၊ ပြည်မြို့ထွက်ယိုစုံ၊ မော်လမြိုင်ဒူးရင်းယိုစသည်ဖြင့် မြို့အလိုက်သတင်းကြီးသောယိုမျိုးစုံသည် နိုင်ငံတစ်ဝန်းမှစားသုံးသူတို့၏အကြိုက် မြို့ပြန်လက်ဆောင်အဖြစ်ရောင်းချနိုင်ကြသည်။ ယင်းယိုစုံတို့ကို ကြာရှည်ခံစားသောက်နိုင်ရန်အတွက် ညောင်စေးကျအောင်ကျိုထားသော သကြားရည်သည် အရေးပါလှ၏။ ကျောက်ဖရုံသီးကဲ့သို့ အချို့သစ်သီးများအတွက် အသီးသားတင်းမာ စားကောင်းရန်မှာ ထုံးရည်ကြည် ကိုသုံးရသော်လည်း သကြားကိုမူလက်လွှတ်၍မရပေ။ သကြားသည်သစ်သီးတွင်ပါဝင်သော ရေဓာတ်ကို လျှော့ကျစေသည်။ ရေပါဝင်မှုရှိလျှင် အသီးယိုတွင်မှိုတက်ခြင်း၊ ဘက်တီးရီးယားပိုးဝင်၍ပုပ်ခြင်းဖြစ်တတ်သည်။ ထို့ကြောင့်ယိုတွင်သကြားပါဝင်မှုကို ရာခိုင်နှုန်းပြည့်နီးပါးရှိပါမှ မှိုမတက်သောစားစရာအဖြစ် စိတ်ချလက်ချစားသုံးနိုင်ပါမည်။ သကြားထည့်သုံးမှုမှန်ကန်လျှင် မည်သည့်ကြာရှည်ခံဓာတု ပစ္စည်းကိုမျှထည့်စရာမလိုပေ။ ယို၏ပြောင်လက်နေသောအရောင်သည် သကြားကြောင့်ဖြစ်၍ ဆွဲဆောင်မှုဖြစ်စေသည်။ ထို့နောက်သကြားကို အပူပေး၍ လောင်ကျွမ်းမှုကြောင့် အနီရောင်သမ်းလာလျှင် ယို၏အရောင်ကို လှပစေသည်။ သကြားအစားဈေးသက်သာသောဆေးသကြား (ဆက်ခရင် Saccharin)ကိုသုံးပါက သကြားကဲ့သို့ ကြာရှည်မခံသောကြောင့် မှိုတက်လွယ်၏။ ဤသို့ဖြင့် ဓာတုကြာရှည်ခံပစ္စည်းများကို အလွန်အကျွံသုံးပါက ကျန်းမာရေး ကိုထိခိုက်စေပြီး အရသာလည်းမကောင်းလှသောကြောင့် သကြားအစစ်ကိုသာ ယိုလုပ်ငန်းတွင် သုံးသင့်ရပါသည်။
ကိုးကား
[[https://web.archive.org/web/20160101093435/http://myanmarfoodindustrydirectory.com/jam.aspx Archived 1 January 2016 at the Wayback Machine.]]