ကျွဲကောပင်
Pomelo | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | |
(unranked): | |
(unranked): | |
(unranked): | |
မျိုးစဉ်: | |
မျိုးရင်း: | |
မျိုးစု: | |
မျိုးစိတ်: | C. maxima
|
ဒွိနာမ | |
Citrus maxima |
ကျွဲကောပင်သည် ရှောက်၊ သံပရာ၊ လိမ္မော်စသည်တို့နှင့်အတူ ရှောက်ပင်မျိုးတွင် ပါဝင်သည်။ ကျွဲကောပင်၏ ရုက္ခဗေဒအမည်မှာ စစ်တြပ်ဒီကျူမန်နား (citrus decumana) ဖြစ်သည်။ အချို့က ကျွဲကောသီးကို ရှောက်ပန်းသီးဟုလည်း ခေါ်ကြသည်။ ကျွဲကောပင်သည် မလေးကျွန်းစုနှင့် ပိုလီနီးရှင်းကျွန်းများတွင် မူလပေါက်ရောက်၍ နောက်မှ မြန်မာနိုင်ငံသို့ မလ္လာယုကျွန်းဆွယ်နှင့် အိန္ဒိယနိုင်ငံတို့မှ တဆင့် ရောက်လာသည်။ ယခုအခါ မြန်မာနိုင်ငံအနှံ့အပြားတွင် ကျွဲကောပင်များကို တွေ့ရသည်။ ကျိုက္ခမီခရိုင်၊ မုတ္တမနယ်၌ ကျွဲကောခြံများရှိလေသည်။ မြန်မာနိုင်ငံတွင် ကျွဲကောပင်ကို အစေ့မှလည်းကောင်း၊ မြေထုပ်စည်းစနစ်ဖြင့်လည်းကောင်း၊ မျိုးပွားယူကြသည်။
အကိုင်းကူးနည်း၊ မျက်စိဆက်နည်းတို့ဖြင့် စိုက်ပျိုးပါက အပင်လည်း ကြီးထွား၍ အသီးလည်း ပိုမိုဖြစ်ထွန်းသည်။ ကျွဲကောပင်များကို အတန်းလိုက် စိုက်ပျိုးထားသည်ကို တွေ့ရသည်။ ကျွဲကော စိုက်ပျိုးသောအခါ တပင်နှင့် တပင် အနည်းဆုံး ပေ ၂၀ ခန့် ခွာ၍ စိုက်ပျိုးရသည်။ အစေ့မျိုးစေ့ မှ ပေါက်လာသော ကျွဲကောပင်သည် ၆ နှစ်မှ ၇ နှစ်ခန့်ကြာလျှင် သီးသည်။ ဘူဂတံနည်းမျိုး(ပင်စည်မျိုးစေ့) ဖြင့် ပေါက်လာသော အပင်သည် ၄ နှစ်ကျော်လျှင် သီးသည်။ မိုးဥကျအချိန်မှစ၍ ပန်းပွင့်သည်။ အသီးများသည် တော်သလင်းမှ ပြာသိုလအတွင်း မှည့်ကြသည်။ ကျွဲကောပင်သည် ပေ ၃၀၊ ၄၀ အထိမြင့်နိုင်သည်။ ကျွဲကောသီးသည် ခပ်လုံးလုံးဖြစ်၍ အချင်း ၆ လက်မမှ ၈ လက်မခန့်အထိ ရှိသည်။ အခွံသည် ထူသည်။ စိမ်းသည်။ မှည့်လျင် အဝါရောင်သန်းလာသည်။ အတွင်း၌ ရှောက်သီးမှာကဲ့သို့ အမြွာလိုက် အသားရှိသည်။ အသားသည် အရည်ရွမ်းသည်။ ကျွဲကောသီးကို အသားအရောင်ကိုလိုက်၍ အဖြူမျိုး၊ အနီးမျိုးဟူ၍ လည်းကောင်း၊ အရသာကိုလိုက်၍ အချည်မျိုး၊ အချိုမျိုးဟူ၍ လည်းကောင်း ခွဲခြားခေါ်ကြသည်။
နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံဖက်သို့ စင်္ကာပူဖက်မှ ကျွဲကောသီး အမြောက်အမြားတင်သွင်း၍ ဟောင်ကောင်နှင့် အခြားနိုင်ငံအချို့မှလည်း အနည်းအကျဉ်းတင်သွင်းသေးသည်။ မြန်မာနိုင်ငံ၌သီးသော ကျွဲကောသီးသည် အချို့ လုံး၍ အချို့ ထိပ်နှစ်ဖက်တွင် ပြားယောင်ယောင်ဖြစ်သည်။ အချို့သည် အညှာရှိသော ထိပ်ဖက်တွင် ချွန်သည်။ ထိပ်ချွန်သော အသီးမျိုးကို အချို့က ရှမ်းကျွဲကောဟုခေါ်ကြသည်။ စင်္ကာပူဘက်မှ တင်သွင်းသော ကျွဲကောသီးသည် အားလုံးလိုလို ထိပ်ချွန်ချည်းသာ ဖြစ်သည်။ မြန်မာနိုင်ငံထွက် ကျွဲကောသီးများထက် အနံ့အရသာ ပိုမိုကောင်းမွန်၍ အမျှင်နည်းသည်ကို တွေ့ရသည်။
အနောက်နိုင်ငံများ၌ နံနက်စာတွင် ခံတွင်းလိုက်အသီးအဖြစ် စားသုံးလေ့ ရှိသော ဂရိတ်ဖရုခေါ်အသီးသည် ကျွဲကောသီးနှင့် မျိုးတူဖြစ်သည်။ ယင်းကို ရုက္ခဗေဒအမည်မှာ လည်း စစ်တြပ်ဒီကျူမန်နားပင် ဖြစ်သည်။ ထိုအသီးကို မြန်မာတို့က ကျွဲကောကလေးဟု ခေါ်ကြသည်။ ထိုကျွဲကောကလေးသည် လိမ္မော်သီးအရွယ် ၂ ဆ ခန့် ရှိသည်။ ကျွဲကောသီးလောက် အခွံမထူချေ။ ကျွဲကောသီးထက် အရည်ရွမ်းသည်။ ကျွဲကောသီးသည် တစ်လုံးချင်းသီး၍ ကျွဲကောကလေးမှာ စပျစ်သီးကဲ့သို့ အခိုင်လိုက် တွဲရရွဲသီးသည်။ ကျွဲကောကလေးပင် အမြင့် ၂၅ ပေမျှသာ ရှိ၍ အပင်သက် ၆ နှစ်တွင် အသီးစ၍ သီးတတ်သည်။[၁]
ကိုးကား
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ၂၊ အပိုင်းခ၊ နှာ-၂၃၀