မာတိကာသို့ ခုန်သွားရန်

မောင်မောင်ကြီး (အဆိုတော်)

ဝီကီပီးဒီးယား မှ

မောင်မောင်ကြီး

ငယ်နာမည် မောင်မောင်ဟုခေါ်သော အဆိုတော် မောင်မောင်ကြီးကို ဖခင် ဦးခင်စိန်နှင့် မိခင်ဒေါ်ခင်ညွှန့်ရင်တို့မှ ၁၉၃၁ ခုနှစ်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မောင်မောင်ကြီးသည် ဂီတနယ်သို့ ၁၉၄၇ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့သည်။

မောင်မောင်ကြီး၏ ဂီတဆရာများမှာ ဆရာကြီး ဦးလှဖေနှင့် ဆရာကြီး ဦးအလီတို့ဖြစ်ကြသည်။ ဆရာကြီးများထံတွင် မဟာဂီတကို လေ့လာ ဆည်းပူးခဲ့သည်။ ၁၉၅၃ခုနှစ်တွင် ကျင်းပသည့် ယဉ်ကျေးမှုအနုပညာ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဟာဂီတ အဆိုပထမ ရွှေတံဆိပ်ဆု ရရှိခဲ့သည်။

မောင်မောင်ကြီး ပထမဆုံး သီဆိုခဲ့သော သီချင်းမှာ ၁၉၅၀ ခု BSC ကောလိပ်ကျောင်း သင်္ကြန်အဖွဲ့အတွက် ဆရာရွှေပြည်အေး ရေးစပ်ပေးသည့် သီချင်းတစ်ပုဒ်ကို အေဝမ်းခင်မောင်အဖွဲ့နှင့် တပ်မတော် အသံလွှင့်ရုံမှ အသံလွှင့်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ဂီတလုလင်အပျော်တမ်း တူရိယာအဖွဲ့တွင် ပင်တိုင် အဆိုတော်အဖြစ် မြန်မာ့ အသံမှ အသံလွှင့်ခဲ့သည်။

မဟာဂီတသီချင်းကြီးများကို စောင်းဦးခင်မြင့်၊ ရွာစား စိန်ဗိုလ်တင့် အဖွဲ့တွင် သီဆို အသံလွှင့်ခဲ့သည်။ ကာလပေါ်သီချင်းများကို ဂီတလုလင် အဖွဲ့၊ ဂီတလုပ်လင်မောင်ကိုကိုအဖွဲ့၊ ချိုတေးဆက်၊ စစ်ရုံးအဖွဲ့၊ ကေသီပန်၊ စန္ဒရားနီနီ၊ စန္ဒာ၊ စန္ဒရားချစ်ဆွေပျဉ်းမနားမြင့်လှိုင်အဖွဲ့များတွင် သီဆို အသံလွှင့်ခဲ့သည်။

မောင်မောင်ကြီးသည် ရေဒီယိုရောင်းတမ်း ဓာတ်ပြားများ၊ ရုပ်ရှင် နောက်ခံတေးပေါင်းများစွာ သီဆိုအောင်မြင်ခဲ့သော အဆိုတော်ကြီး တစ်ဦး ဖြစ်ပါသည် ။

မောင်မောင်ကြီး အောင်မြင်ကျော်ကြား လူကြိုက်များသော တေးသီးချင်းအချို့မှာ “တစ်ခုတည်းသော ရည်မှန်းချက်” “နှစ်ဆင့်မေတ္တာ” “နွဲ့နှောင်း” “ရွှေညာဆီသွားမယ်” “အကျည်းတန်ချစ်သူ” “ကွမ်းတောင်ကိုင်” “အိပ်မက်နိုင်ငံ” “မေတ္တာဇာတ်လမ်း” “ပင်တိုင်ကျော့မှူး” “ဝေးပြီမွှေးရယ်” “တန်ပါ့မဖုရား” “မေတ္တာနုနုစေလာရင်ကွယ်” “စိမ်းလဲ့ညို” “အချစ်ကို ဘယ်လိုပြောရမယ် ” “ကျမျက်ရည် မကြေညာစတမ်း” “အမိုက်မလေး ငှက်ငယ်” “သစ်ခြောက်ပင်အောက် ပန်းကောက်သူ” “လွမ်းအိပ်မက်က သံသရာရှည် ” “ကျိုက္ခမီသောင်ယံမှ မောင်းမကန်အိပ်မက် ” စသည်တို့ ဖြစ်ပါသည်။

မောင်မောင်ကြီးသည် ဓာတ်ပြားကုမ္ပဏီများ၊ တေးသံသွင်းများတွင် သီချင်းများကို အသံသွင်းသူ တစ်ဦးဖြစ်ပါသည်။ ယခုအခါတွင် မြဝတီ ရုပ်မြင်သံကြား အကြံပေးအရာရှိ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ တေးဂီတ စိစစ်ရေး ဘုတ်အဖွဲ့ဝင်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး နာယက၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအကဲဖြတ်ဒိုင်အဖြစ် ဂီတဆိုင်ရာ တာဝန်များ ဆောင်ရွက်လျက် ရှိပါသည်။

နိုင်ငံတော်မှ ၂၀၀၄ ခုနှစ်တွင် လူမူထူးချွန်တံဆိပ် (ပထမဆင့်) ချီးမြှင့်ခြင်း ခံရပါသည်။

ယခုအခါ တိုက် (H) အခန်း(၃၀၄) ဒုတိယထပ်၊ မနော်ဟရီရိပ်သာ၊ ဗဟိုလမ်း၊ အလုံမြို့နယ်တွင် ဇနီးဒေါ်ဝင်းဝင်းမြင့်၊ သား ကျော်ကျော်နိုင်၊ သမီးကေသီနိုင်တို့နှင့်အတူ နေထိုင်လျက်ရှိပါသည်။

ရည်ညွှန်းကိုးကား