ရုက္ခမူဓုတင်
ရုက္ခမူဓုတင် သည် ကိလေသာများကို ခါထုတ် ခေါင်းပါးစေသည့် အကျင့်တစ်ခု ဖြစ်သည်။ ရုက္ခမူဓုတင် ဆောက်တည်မည့် ရဟန်းသည် အုပ်ကြွပ်၊ ကျောက်ပြား၊ အင်္ဂတေ၊ သက်ကယ်၊ သစ်ရွက် တို့တွင် တစ်ခုခုဖြင့် မိုးထားသော အရိပ်အာဝါသ၌ မနေရ၊ သစ်ပင်အောက်၌သာ နေရသည်။
ဓုတင်ဆောင်ပုဂ္ဂိုလ် အမြတ်စား၊ အလတ်စား၊ အညံ့စား ဟု သုံးမျိုးသုံးစား ရှိ၏။ အမြတ်စားပုဂ္ဂိုလ်မျာ သစ်ပင်ကောင်း သစ်ပင်သန့် မရွေးချယ်ဘဲ မည်သည့် သစ်ပင်အောက်မှာမဆို သစ်ရွက်ပုံများကို ကိုယ်တိုင်ခြေဖြင့် ဖယ်ရှင်း၍ နေရ၏။ အလတ်စားပုဂ္ဂိုလ်သည် သစ်ပင်အောက် ရောက်လာသူများကို ရှင်းခိုင်းခွင့် ရှိ၏။ အညံ့စားပုဂ္ဂိုလ်သည် ကျောင်းသားသာမဏေတို့ကို ခေါ်၍ သစ်ရွက်ရှင်း၊ သဲခင်း၊ နံရံကာ၊ တံခါးတပ်စေလျက် နေခွင့်ရှိ၏။[၁]
ဆောက်တည်ပုံ
ဤဓုတင်အား ဆောက်တည်မည့်ရဟန်းသည် “ဆန္နံ ပဋိက္ခိပါမိ” ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ “အမိုးရှိသော အရိပ်အာဝါသကို ပယ်ပါ၏” ဟု မြန်မာဘာသာဖြင့်လည်းကောင်း၊ “ရုက္ခမူလိကင်္ဂ သမာဒိယာမိ” ဟု ပါဠိဘာသာဖြင့်လည်းကောင်း၊ “သစ်ပင်အောက်၌ နေလေ့ရှိသော ရဟန်း၏ အကြောင်းစေတနာကို ဆောက်တည်ပါ၏” ဟု မြန်မာဘာသာဖြင့်လည်းကောင်း ရွတ်ဆိုကာ ဆောက်တည်ရ၏။[၁]
ဓုတင် ပျက်စီးခြင်း
အမိုးမိုးထားသော အရိပ်အာဝါသတွင် နေသော ခဏ၌ပင် ရုက္ခမူဓုတင် ပျက်၏။ ထိုသို့ ဓုတင်ပျက်ပါက ပြန်၍ ဆောက်တည်ကာ ကျင့်သုံးနိုင်၏။ အခြားသော ဓုတင် ဤအတိုင်း ဖြစ်၏။[၁]