(မင်္ဂလာ) ရဲညွန့်မြင်းဝန်

ဝီကီပီးဒီးယား မှ

မင်္ဂလာရဲညွန့်မြင်းဝန်ရာထူးကို ယေဘုယျအားဖြင့် ရဲညွန့်မြင်းဝန်ဟူ၍ သာခေါ်ဆိုလေ့ ရှိသည်။ သီပေါမင်းလက်ထက်တွင် မြင်းတပ်စု ၁၁ စု ရှိသည့်နောက် မင်္ဂလာရဲညွန့်မြင်းအစုသားများအား ကြီးကြပ်ကွပ်ကဲရသူမှာ မင်္ဂလာရဲညွန့်မြင်းဝန်ဖြစ်၏။ ယင်းမင်္ဂလာရဲညွန့် မြင်းတပ်ကို သီပေါမင်းလက်ထက် ၁၈⁠၈၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က မြင်းတပ်သား ၄⁠၄၀ ဦးရှိပြီး လစာငွေ ၅၈၃၀ ကျပ် သုံးစွဲခဲ့ကြောင်းသိရှိရ၏။ မင်္ဂလာရဲညွန့် မြင်းတပ်သားများသည် ဝမ်းဗိုက်နံဘေးတွင် မြင်းရုပ်ရေးထိုး ထားရ၏။ မင်္ဂလာရဲညွန့် မြင်းဝန်၏ လက်အောက်တွင် မြင်းစာရေးနှစ်ဦး ကိုလည်းခန့်အပ်ထားရှိ၏။

မင်္ဂလာရဲညွန့်မြင်းဝန်များ[ပြင်ဆင်ရန်]

သီပေါမင်း လက်ထက် မင်္ဂလာရဲညွန့်မြင်းတပ်ကို ၁၈⁠၈၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့စသ်က မင်္ဂလာရဲညွန့်မြင်းဝန်အဖြစ် ဦးသိုင်းဖြူအား ခန့်အပ်ခဲ့သည်။ ဦးသိုင်းဖြူမှာ နောင်တော်ခွင် မြို့စားဝန်ကြီးအဖြစ် အမှုထမ်းခဲ့သူဖြစ်သည်။ သို့သော် မကြာမီ ဦးကြီးဆိုသူအား မင်္ဂလာရဲညွန့်မြင်းဝန် အရာခန့်အပ်ခဲ့ပြန်ပါသည်။ မင်္ဂလာရဲညွန့် မြင်းဝန်ဦးကြီသည် ဝတ်မစွတ်ဝန်ထောက်ဦးလတ်၏ ဒိုင်ယာရီအရ ကိုလိုနီးခေတ်ဦးကာလ ၂၈ ဩဂုတ် ၁၈⁠၈၈ ခုနှစ်အထိ သက်ရှိထင်ရှား ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

မင်္ဂလာရဲညွန့် မြင်းဝန်ဦးစိုးရ[ပြင်ဆင်ရန်]

သီပေါမင်းလက်ထက် ၈ မတ် ၁၈⁠၈၃ ခုနှစ်တွင် စားတော်ကွမ်းရေးကိုင် ဦးစိုးရအား ရဲညွန်မြင်းဝန်အရာခန့်အပ်ခဲ့သည်။ ဦးစိုးရသည် မြင်းစုကြီးဝန်၏ သားဖြစ်သည်ဆိုပါ၏။ အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲ ဖြစ်ပွားလုနီးကာလတွင် မင်္ဂလာရဲညွန့်မြင်းဝန် ဦးစိုးရ ( ဗိုလ်စိုးရ ) သည် စစ်မြေပြင်သို့ ချီတက်ခဲ့ရ၏။ ၁၁ နိုဝင်ဘာ ၁၈⁠၈၅ ခုနှစ်တွင် မြင်းစစ်သည်တော် ၄၀၀ ကို အုပ်ချုပ်လျက် နယ်ချဲ့ အင်္ဂလိပ်တို့အား တိုက်ခိုက်ရန် ချီတက်ခဲ့ရခြင်းဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]