၂၀၁၀ နိုင်ဂျားနိုင်ငံ စစ်ဘက်အာဏာသိမ်းမှု
အာဖရိကတိုက် အနောက်ပိုင်း နိုင်ဂျားနိုင်ငံတွင် ၂၀၁၀ခုနှစ်၊ ဖေဖော်ဝါရီ လ ၁၈ ရက်နေ့က စစ်ဘက်မှ အာဏာသိမ်းယူမှုဖြစ်ပွားခဲ့သည်။ သမ္မတမာမာဒူတန်ဂျာနှင့် ၎င်း၏ ဝန်ကြီးများ မြို့တော်နီရာမီတွင် အပတ်စဉ်ဝန်ကြီးအဖွဲ့အစည်းအဝေးပြုလုပ်နေစဉ် ဝင်ရောက်တိုက်ခိုက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။[၁] ယင်းပစ်ခတ်မှုများတွင် စစ်သားသုံးဦး သေဆုံးခဲ့သည်။ ယင်းနောက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရပ်စဲခဲ့ပြီး နိုင်ငံပိုင်အဖွဲ့အစည်းများအား ဖျက်သိမ်းခဲ့သည်။ အာဏာသိမ်းခေါင်းဆောင်များသည် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေး အချုပ်အခြာကောင်စီကို တည်ထောင်လိုက်ပြီး[၂][၃] အကြီးတန်း စစ်ဘက်အရာရှိတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးဆာလူးဂျီဘိုက ဦးဆောင်ခဲ့သည်။[၄]
သမ္မတတန်ဂျာသည် ပြီးခဲ့သည့်ဩဂုတ်လအတွင်း သမ္မတ သက်တမ်းကန့်သတ်ထားမှုကို အငြင်းပွားဖွယ်ဆန္ဒခံယူပွဲကျင်းပကာ ပြင်ဆင်ခဲ့ကာ သမ္မတနေရာကို ဆက်လက်ဆုပ်ကိုင်ရန် ကြိုးစားခဲ့ခြင်းကြောင့် အာဏာသိမ်းမှုဖြစ်ပွားရခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူတို့ကသုံးသပ်ကြသည်။ ယင်းကိစ္စကို ပြီးခဲ့သည့်နှစ်က အတိုက်အခံပါတီများ၊ အလုပ်သမားသမဂ္ဂများနှင့် လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ခဲ့ကြသည်။ ယခုအာဏာသိမ်းမှုကို ၎င်းအဖွဲ့အစည်းများကကြိုဆိုခဲ့သော်လည်း ဒီမိုကရေစီပြန်လည်ဖော်ဆောင်ပေးမည်ဟူသော ကတိကဝတ် တည်ရန် တောင်းဆိုခဲ့ကြသည်။
အသက် ၇၁ နှစ်အရွယ်ရှိ စစ်ဘက်အရာရှိဟောင်း တန်ဂျာသည် ၁၉၉၉ ခုနှစ်ကပထမအကြိမ် သမ္မတသက်တမ်းအတွက် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး ၂၀၀၄ တွင် ဒုတိယသက် တမ်းအတွက် ထပ်မံအရွေးခံခဲ့ရသည်။ ဒုတိယသက်တမ်းမှာ ပြီးခဲ့သည့်ဒီဇင်ဘာလတွင် သက်တမ်းကုန်ပြီဖြစ်သော်လည်း နောက်ထပ် သက်တမ်းတိုးနိုင်ရန် ပြုလုပ်ခဲ့သည်။ သမ္မတတန်ဂျာကို လုံခြုံဘေးကင်းစွာ ထားရှိထားကြောင်း အာဏာသိမ်းအဖွဲ့က ထုတ်ပြန်သည်။ ယခုဖြစ်စဉ်ကြောင့် အာဖရိကသမဂ္ဂက နိုင်ဂျာနိုင်ငံကို အဖွဲ့မှ ထုတ်ပယ်ခဲ့သလို ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း ဝေဖန်ခဲ့သည်။
အမေရိကန်ပြည်ထောင်စုကမူ ဒီမိုကရေစီစနစ်သို့လျင်မြန် စွာပြန်သွားရန်နှင့်တရားမျတသော ရွေးကောက်ပွဲများဆောလျင်စွာ ကျင်းပပေးရေး တောင်းဆိုခဲ့သည်။
နိုင်ဂျားအာဏာသိမ်းဆောင်များသည် နိုင်ငံကို ဒီမိုကရေစီအုပ်ချုပ်မှုစနစ်သို့ ပြန်သွားရန် လုပ်ဆောင်လျက်ရှိကြောင်း ကုလသမဂ္ဂ အနောက်အာဖရိကဆိုင်ရာ အထူးကိုယ်စားလှယ် ဆာအိဒီဂျင်နစ်က ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။ လူဦးရေ ၁၅ သန်းမျှရှိသော နိုင်ဂျားနိုင်ငံတွင် ပြည်သူအများစုက အာဏာသိမ်းမှုကို ထောက်ခံသည့်အသွင် ရှိကြောင်း ကုလအရာရှိဒီဂျင်နစ်က ပြောကြားခဲ့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Todd Pitman, "Armed soldiers storm Niger presidential palace", Associated Press, 18 February 2010.
- ↑ "Military coup ousts Niger president", BBC News, 18 February 2010.
- ↑ "Un Conseil militaire prend le pouvoir au Niger" 2010-02-21 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., Radio France Internationale, 19 February 2010 (in ပြင်သစ်).
- ↑ "Niger : le chef d'escadron Salou Djibo, "président" du CSRD" 7 December 2018 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး ., Agence France-Presse, 19 February 2010 (in ပြင်သစ်),