၁၉၆၄ ခုနှစ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် ဥပေဒေ။

ဝီကီပီးဒီးယား မှ

[၁၉၆၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၄။]

နိဒါန်း။[ပြင်ဆင်ရန်]

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီသည်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အရ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီကို တည်ဆောက်ကာ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဆိုရှယ်လစ်စီးပွားရေး၊ အုပ်ချုပ်ရေး၊ လူမှုရေးစနစ်များကို ထူထောင်ရန်ကြိုးပမ်းလျက်ရှိသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပစ္စက္ခအခြေအနေအရပ်ရပ်က ဆိုရှယ်လစ်စနစ်မှအပ အခြားစနစ်ကို တည်ဆောက်ရန်မဖြစ်နိုင်ဟု ပြရုံမက၊ ယင်းစနစ်သည်သာလျှင် တောင်သူလယ်သမားများ၊ အလုပ်သမား များ၊ တိုင်းပြည်အတွက် အလုပ်လုပ်သော အတတ်ပညာသည်များနှင့် အသိပညာရှင်များ အစရှိသည်တို့ ပါဝင်သည့် လုပ်သားပြည်သူတရပ်လုံးအတွက် အကျိုးဖြစ်ထွန်းစေနိုင်သည်ဟု သမိုင်းကလည်း သက်သေပြခဲ့သည်။

ယင်းသို့ဆိုရှယ်လစ်စနစ်ကို တည်ဆောက်ရာတွင် တောင်သူလယ်သမားများ၊ အလုပ်သမားများ၊ တိုင်းပြည်အတွက် အလုပ်လုပ်သော အတတ်ပညာသည်များနှင့် အသိပညာရှင်များအစရှိသည်တို့ပါဝင်သည့် လုပ်သားပြည်သူတရပ်လုံး စည်းလုံးညီညွတ်စွာ လုပ်ကိုင်မှအချိန်တိုတိုနှင့် အကောင်းဆုံးသော အောင်မြင်မှု ကို ရရှိနိုင်မည်။

နောက်ကြောင်းနှင့်ပစ္စက္ခအခြေအနေကိုကြည့်ပါက နိုင်ငံရေးပါတီဦးရေနှင့်အမျှ တောင်သူလယ် သမား၊ အလုပ်သမား၊ အဖွဲ့အစည်းများ အစိတ်စိတ်အမြွှာမြွှာကွဲ၍ ပေါ်ပေါက်ကာ၊ တောင်သူလယ်သမား၊ အလုပ်သမားတို့သည်အချင်းချင်းညီညွတ်မှုမရကြဘဲ စိတ်ဝမ်းကွဲကြသဖြင့်၊ ပြည်ထောင်စု၏အကျိုး၊ မိမိတို့၏အကျိုးကို ထိရောက်စွာ မဆောင်ရွက်နိုင်ရုံသာမက၊ မိမိတို့၏အတွင်း ပဋိပက္ခများကြောင့်ငွေရှင်၊ ကြေးရှင်၊ မြေရှင်များ၏ လုပ်ခုပ်အတွင်းထင်သလို ခြယ်လှယ်ခံရသည့်ဘဝသို့ ရောက်ခဲ့ကြရသည်။

ထို့ပြင်နိုင်ငံရေးအဖွဲ့အစည်းမဟုတ်သော်လည်း အချို့သော အခြားအဖွဲ့အစည်းများသည်လည်း၊ ပြည်ထောင်စုမြန်မာနိုင်ငံ၏ အကျိုးကိုသော်လည်းကောင်း၊ စည်လုံးညီညွတ်ရေးကိုသော်လည်းကောင်း၊ ထိပါးအောင်လုပ်ကိုင်နေ သည်ကို တွေ့မြင်နေရပေသည်။

ထို့ကြောင့်ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌသည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း ၁။[ပြင်ဆင်ရန်]

၁။ ။ (၁) ဤဥပဒေကို ၁၉၆၄ ခုနှစ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့်ဥပဒေဟု ခေါ်တွင်စေရမည်။

(၂) ဤဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံတဝှမ်းလုံးတွင် ချက်ချင်းအာဏာတည်ရမည်။

၂။ ။ (၁) ဤဥပဒေပါ စကားရပ်များသည် အောက်ပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်။

(က) "အဖွဲ့အစည်း" ဆိုသည်မှာ၊ အမည်သီးခြားရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ရည်ရွယ်ချက် တခုခု အတွက်၊ သို့တည်းမဟုတ် လုပ်ငန်းစဉ်တခုခုအတွက်၊ လူအများစု စုပေါင်းဖွဲ့စည်းထားသော အသင်း၊ အစည်း အရုံး၊ ပါတီ၊ ကလပ်၊ ကော်မတီ၊ အသင်းစု၊ အဖွဲ့ချုပ်နှင့် အလားတူအဖွဲ့အစည်းကို ဆိုလိုသည်။

(ခ) "နိုင်ငံရေးအဖွဲ့အစည်း" ဆိုသည်မှာ၊ နိုင်ငံရေးအယူဝါဒတခုခုပေါ်တွင်အခြေခံ၍၊ လမ်းစဉ် တရပ်ချမှတ်ကာ၊ လမ်းစဉ်ကိုအကောင်အထည်ဖော်ရေးအတွက် နိုင်ငံအာဏာကိုသော်လည်းကောင်း၊ ဒေသန္တရအာဏာ ကိုသော်လည်းကောင်း၊ ရယူရန်ရှေးရှုဆောင်ရွက်သော အဖွဲ့အစည်း၊ သို့မဟုတ် နိုင်ငံရေးအဖွဲ့အစည်းတရပ်ရပ်၏ လမ်းစဉ်ကိုအထောက်အကူပြုစေရန်အတွက် ရှေးရှုဆောင်ရွက်သော အဖွဲ့အစည်းကိုဆိုလိုသည်။

(ဂ) "အခြားအဖွဲ့အစည်း" ဆိုသည်မှာ၊ နိုင်ငံရေးအဖွဲ့အစည်းမှအပ ဖြစ်သောအဖွဲ့အစည်းတရပ် ရပ်ကိုဆိုလိုသည်။ သို့ရာတွင် ၎င်းစကားရပ်တွင်၊ ဘာသာသာသနာရေး သက်သက်ကိုသာ ကျင့်သုံး ဆောင်ရွက် သောအဖွဲ့အစည်းမပါဝင်စေရ။

(ဃ) "ပစ္စည်း" ဆိုသည်တွင် မြေ၊ အိမ်ရာအဆောက်အဦ။ စက်ရုံ၊ အလုပ်ရုံ၊ ယာဉ်၊ ကိရိယာ တန်ဆာပလာနှင့် အခြားပစ္စည်းများပါဝင်သည်။

(၂) ဤဥပေဒေပါစကားရပ်၏ အဓိပ္ပာယ်ကောက်ယူချက်နှင့် စပ်လျဉ်း၍၊ ဤကိစ္စအလို့ငှာ အစိုးရ ကခန့်ထားသည့်အဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်စေရမည်။

အခန်း ၂။ အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်ခြင်း။[ပြင်ဆင်ရန်]

၃။ ။ (၁) ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးအဖွဲ့အစည်းများကို ဤဥပေဒေအာဏာတည် သည့်အချိန်ကစ၍ ဖျက်သိမ်းလိုက်သည်။ ၎င်းတို့၏အဆောင်အယောင်များသည်လည်း ပျက်ပြယ်ပြီး ဖြစ်ရမည်။

(၂) အထက် ပုဒ်မခွဲ (၁) အရ၊ ဖျက်သိမ်းပြီးဖြစ်သော နိုင်ငံရေးအဖွဲ့အစည်းပိုင်သော ပစ္စည်းများ၊ ငွေများနှင့်စာရွက်စာတမ်းများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူလိုက်သည်။

(၃) ပုဒ်မခွဲ (၁) သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့် ယင်းပါတီ၏ ဦးဆောင်မှုကို ခံယူ သောအဖွဲ့အစည်းများနှင့် မသက်ဆိုင်စေရ။ ထို့ပြင်အစိုးရသည်သင့်လျော်သော အခြားနိုင်ငံရေးအဖွဲ့အစည်း တရပ်ရပ်ကို ပုဒ်မခွဲ (၁) တွင် အကျုံးဝင်ခြင်းမှ ကင်းလွတ်ခွင့်ပေးနိုင်သည်။

၄။ ။ (၁) ဤဥပဒေ စတင်အာဏာတည်ပြီးသည့်နောက်၌ နိုင်ငံရေးအဖွဲ့အစည်း အသစ်တရပ်ရပ်ကို အစိုးရ၏ ခွင့်ပြုချက်မရဘဲ တည်ထောင်ခြင်းမပြုရ။

(၂) အစိုးရသည် ပုဒ်မ ၄ (၁) အရ ပေးအပ်ထားသော ခွင့်ပြုချက်ကို ရုပ်သိမ်းနိုင်သည်။ ထိုသို့ ရုပ်သိမ်းသည့်အခါ ပုဒ်မ ၃ (၁) နှင့် ၃ (၂) ပါပြဋ္ဌာန်းချက်တို့သည် ယင်းနိုင်ငံရေးအဖွဲ့အစည်းနှင့်သက်ဆိုင်စေ ရမည်။

၅။ ။ (၁) ပြည်ထောင်စုမြန်မာနိုင်ငံ၏အကျိုး၊ သို့မဟုတ် ညီညွတ်ရေးကို ထိခိုက်အောင်ပြုကျင့်သည့် အခြားအဖွဲ့အစည်းများကိုလည်း၊ အစိုးရက ဖျက်သိမ်းနိုင်သည်။ ထိုသို့ဖျက်သိမ်းလျှင်၊ ၎င်းတို့၏အဆောင် အယောင်များသည်လည်း ပျက်ပြယ်ပြီးဖြစ်ရမည်။

(၂) အထက်ပုဒ်မခွဲ (၁) အရ၊ ဖျက်သိမ်းသော အဖွဲ့အစည်းများပိုင်သော ပစ္စည်းများ၊ ငွေများနှင့် စာရွက်စာတမ်းများကို အစိုးရက ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းယူနိုင်သည်။ သို့မဟုတ် အခြားနည်းဖြင့် စီမံခန့်ခွဲ နိုင်သည်။

၆။ ။ မည်သူမဆို ပုဒ်မ ၃ (၁)၊ သို့မဟုတ် ၄ (၂)၊ သို့မဟုတ် ၅ (၁) အရ ဖျက်သိမ်းပြီးဖြစ်သော နိုင်ငံရေးအဖွဲ့အစည်းများ၊ သို့မဟုတ်အခြားအဖွဲ့အစည်း တရပ်ရပ်တွက်ဆက်လက်ပါဝင်နေလျှင်သော်လည်းကောင်း၊ လုပ်ငန်းကိုဆက်လက် လုပ်ကိုင်နေလျှင်သော်လည်းကောင်း၊ အားပေးကူညီနေလျှင်သော်လည်းကောင်း၊ အဆောင်အယောင်များကို ဆက်လက်အသုံးပြုနေလျှင် သော်လည်းကောင်း ငါးနှစ်အထိ ထောင်ဒဏ်စီရင်ခြင်းခံရမည်။

အခန်း ၃။ အထွေထွေ။[ပြင်ဆင်ရန်]

၇။ ။ ပုဒ်မ ၆ အရ အရေးယူသည့်ကိစ္စတိုင်းတွင် အစိုးရ၊ သို့မဟုတ် အစိုးရက တာဝန်ပေးအပ် သည့် ပုဂ္ဂိုလ်၊ သို့မဟုတ် ကော်မတီ၏ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်။

၈။ ။ ဤဥပေဒေပါပြဋ္ဌာန်းချက်များကို ထမြောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ အစိုးရ သည်နည်းဥပဒေများပြုလုပ်၍ ပြဋ္ဌာန်းခြင်း၊ အမိန့်များကိုထုတ်ပြန်ခြင်း ပြုလုပ်နိုင်သည်။ ယင်းနည်းဥပဒေ များ၊ အမိန့်များသည် ဤဥပဒေကဲ့သို့ အာဏာတည်စေရမည်။