မာတိကာသို့ ခုန်သွားရန်

ဩဝါဒကထာ စာတမ်း

ဝီကီပီးဒီးယား မှ

ဩဝါဒကထာစာတမ်း ကို လုံးတော်ဆရာတော်အရှင်ဂုဏဝါ(မြန်မာ ၁၁၉. - ၁၂..) က ရေးသားပြုစုခဲ့သည်။

ဩဝါဒကထာ - စာတမ်း

[ပြင်ဆင်ရန်]

ဆရာမှာခဲ့မည်၊ တပည့်ငယ်အများတို့၊ ငါ ဆရာ့စကားကို စေ့စေ့နားထောင်လေ။

မသေသမျှ ကာလအတွင်းတွင် ဖျင်းတန်ပေါ့သွပ်သောသူကို မပေါင်းနှင့်။

လောင်းစားသေစာမှုကို ဝေးအောင်ကြဉ်။

ဆရာသခင်၊ အရှင်နှစ်ပါး၊ မိဘများကို၊ မုန်းထားမာန်မျက်၍၊ စိတ်ထွက်အောင်မပြုနှင့်။

သူ့ကျေးဇူးကိုလည်း အထူးသိလေ။

ဆွေလာမျိုးဝတ်လည်း ကျေလှစေ။

အဆွေမိတ်ကောင်းကို ရအောင်ရှာ။

ကာမဂုဏ်ကြောင့်လည်း မရူးနှင့်။

ဥစ္စာဂုဏ်ကြောင့်လည်း မမြူးနှင့်။

ကျေးဇူးမသိသည့်ခင်ပွန်းကို ပစ်ပယ်။

အလယ်အလတ်ကျအောင်ကြံ။

မာန်မာနနည်းသသူကိုရှာ။

ကုသိုလ်ဥစ္စာ၊ ပညာသုံးခု၊ တစ်နေ့မူမှာ၊ တစ်ခုခုကို၊ ရအောင်ကြံ။

ကံကိုချည်းလည်း မယိုးနှင့်။

ဉာဏ်ကိုချည်းလည်း မထိုးနှင့်။

တစ်ထောင်တန် သူ့အကျိုးကြောင့်၊ ကိုယ်ကျိုးကို မယုတ်စေရာ။

လိမ်မာတုကိုခိုး၊ ကိုယ်ကျိုးရှိအောင်ကြံ။

လောဘခက်ထန်လျှင်၊ စားရသုံးရ၏။

ဒေါသခက်ထန်လျှင်၊ ပစ္စုပ္ပန် သံသရာ၊ နှစ်ဖြာရှုံး၍၊ စုံးစုံးနစ်နာ၏။

အဆွေခင်ပွန်းသစ်ကို ရအောင်ပေါင်း။

အဆွေခင်ပွန်းဟောင်းကိုလည်း မပစ်နှင့်။

ချစ်ဖွယ်သောစကားကိုဆိုက သဗ္ဗသျို။

အကျိုးစီးပွားကိုပြုက အဆွေ။

ကျွေးမွေးပေးက အဘ။

ချစ်ကျွမ်းဝင်က ခင်ပွန်း။

ကြိုးပမ်းလုပ်ကျွေးမွေးမြူမှ မယားကောင်း။

အပေါင်းကြည်သာလျှင် အရာခပ်သိမ်းပြီး၏။

ကိစ္စမှုဆောင်သူဟူသမျှကိုလည်း ပြီးစီးမှသာ ချီးမွမ်းရာ၏။

စာသိပေမြင် မသင်ကြားဘူးသူတစ်ထွေ၊ အစာမကျေသူတစ်ယောက်၊ အရွယ်မရောက်မီက အိမ်ရာကျသူတစ်သွယ်၊ ငယ်ရွယ်သူတခြား။ ။ဤလေးပါးတို့မှာ စားမိသောအဆိပ်နှင့် တူလေသည်။

များစွာသော ဆွေမျိုးတို့၏ အကျိုးကို မျှော်ထောက်၍ တစ်ယောက်ကို စွန့်ရာ၏။ မစင်လိမ်းကျံသည်ဖြစ်လျက်လည်း၊ ရွှေခွက်မှန်က ယူရာသည်။

ပညာရှိဟုတ်မူ အမျိုးယုတ်သူပင်ဆရာ။

ပညာရှိသူကို ကိုးကွယ်။

ပညာမဲ့သူကိုပယ်။

အရွယ်အဆင်းလှပခြင်းဖြင့် ပညာနှင့် ကင်းသူကို လူမဆန်။

အရောင်အဆင်းလှပခြင်းဖြင့် အနံ့ကင်းသောပန်းကို လူမပန်။

အကြံပင်ကောင်းသော်လည်း နှောင်းလျှင်အကျိုးမရှိ။

ပျားကိုရှာသော ယောက်ျားသည် ပျားရချေလျှင် ကြက်ဆူပင်ကိုသော်လည်း တောတွင်အမြတ် မှတ်ရာသည်။

နောက်လိုက်သူကား များ၏၊ ရှေ့သွားမရှိ။

အစွမ်းသတ္တိရှိသောသူမှာ လေးစွာသောဝန်ကိုမလောက်။

သတိဝီရိယရှိသူမှာ ဥစ္စာရှိမည်ကို မကြောက်။

စွမ်းအင်ရှိသူမှာ ရန်သူလာမည်ကို မကြောက်။

ပညာရှိသူတို့မှာ မေးမြန်းလာမည်ကို မကြောက်ရာ။

ပညာရှိသူတို့အား အရပ်တပါးဟူ၍ မရှိရာ။

ပီယဝါစာ ပြောသသူတို့အား သူတစ်ပါးဟူ၍ မရှိရာ။

ဤသို့ ပြခဲ့ပြီးသော အင်္ဂါကို ပညာနှင့် နှိုင်းနှုန်း၍ ထုံးစံမပျက်ကျင့်ရာသည်။

သူယုတ်တို့အားကား များစွာပင်ဝေးသော်လည်း ကျေးဇူးကို မသိမတင်ရာ၊ အပြစ်ကိုသာ ရှာပေတတ်ရကား၊ မြွေနဂါးတို့မှာ ဃနာထောပတ် မြိန်မြတ်ရသော ကျွေးပါငြားလည်း၊ အဆိပ်ပွားသကဲ့သို့၊ တရားထုံးပုံ ရှိချေသည်။

ကိုးကား

[ပြင်ဆင်ရန်]

[၁]

  1. ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာများ (ဒုတိယအကြိမ် ed.)။ အခြခံပညာ ဦးစီးဌာန။ စက်တင်ဘာ ၁၉၉၂။ pp. ၁၃၃။