ဧကတ္ထမ္ဘိကထေရ်

ဝီကီပီးဒီးယား မှ

ဧကတ္ထမ္ဘိကထေရ် သည် မြတ်စွာဘုရား၏ သာသာနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

သိဒ္ဓတ္ထမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ ကုသိုလ်ယူကြသော အသင်းသားများသည် မြတ်စွာဘုရား၏ တန်ဆောင်းဝန်းကို ဆောက်လုပ်လျက် ရှိ၏။ ထိုသို့ ဆောက်လုပ်ရာတွင် တိုင်တစ်လုံးသည် လိုလျက် ရှိ၏။ ထိုအသင်းသားတို့သည် တိုင်အတွက် တောထဲတွင် ရှာဖွေကြ၏။

ထိုသို့ရှာဖွေကြသည့် အသင်းသားများကို ဧကတ္ထမ္ဘိကထေရ်သည် တွေ့၏။ ထိုအခါ မေးမြန်းကြည့်ရာ တိုင်လိုလျက် ရှိကြောင်း ပြော၏။ ထိုအခါ ဧကတ္ထမ္ဘိကထေရ်သည် မိမိလှူပါမည့်အကြောင်းကို ပြောကြားလိုက်၏။ ထို့နောက် ဧကတ္ထမ္ဘိကထေရ်သည် ထိုတတန်ဆောင်းဝန်းအတွက် တိုင်လှူ၏။ ထိုအခါ လှူဒါန်းသည့် စိတ်သည်ကြည်လင်မှုကြောင့် ဗိမာန်သည် ဖြစ်ပေါ်၏။

ဧကတ္ထမ္ဘိကထေရ်သည် ထိုကဲ့သို့ ပြုခဲ့သော ကောင်းမှုကုသိုလ်တို့ကြောင့် များစွာသော စည်းစိမ်တို့ကို ခံစားခဲ့ရ၏။ ငါးဆယ့်ငါးကမ္ဘာထက်တွင် ယသောဓရစကြာမင်း ဖြစ်၏။ နှစ်ဆယ့်တစ်ကမ္ဘာထက်တွင် ဥဒနမည်သော မင်းဖြစ်၏။ ထို့ပြင် ထိုသို့ တိုင်လှူခဲ့သော ကောင်းမှုကုသိုလ်တို့ကြောင့် လှူခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ချေ။

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင် ဧကတ္ထမ္ဘိကထေရ်အမည်ဖြင့် အာသဝေါကုန်ခမ်းသည့် ရဟန္တာဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ထေရာပဒါန်ပါဠိတော်၊ သီဟာသနိယဝဂ်