အုန်း၊ ဦး၊ ဖရီဒါ

ဝီကီပီးဒီးယား မှ
(ဦးအုန်း မှ ပြန်ညွှန်းထားသည်)

ဦးအုန်းသည် ကမ္ဘာမြေချစ်သူဆုကို မြန်မာနိုင်ငံတွင် စတင်ရွေးချယ်ပေးခဲ့သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းပညာရှင် တစ်ဦးဖြစ်သကဲ့သို့ သစ်တောများထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း အစဉ်တစိုက် ဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဦးအုန်းကို စစ်ကိုင်းမြို့၊ မန်ကျဉ်းဇင်တင်းတိတ်ရွာတွင် (၁၉၂၇ ခု၊ ဩဂုတ်လ ၇ ရက်) ၁၂၈၉-ခု၊ ဝါခေါင်လဆန်း ၁၀ ရက်နေ့က မွေးဖွားခဲ့သည်။ ဖခင်မှာ လယ်ရှင်၊ မြေရှင် ရွာသူကြီး ဦးဘသော် ဖြစ်ပြီး မိခင်မှာ ဒေါ်နှင်းရီ ဖြစ်သည်။ ဖခင် ရွာသူကြီး အုပ်ချုပ်မှုအောက်တွင် မန်ကျည်းဇင်၊ တင်းတိတ်၊ ဖျောက်ဆိပ်ကုန်း စသည့် သူကြီးတပိုင် ရွာ‍လေးငါးရွာ ရှိသည်။ မွေးချင်း မောင်နှမ (၄)ဦး ရှိပြီးဗုဒ္ဓဘာသာဝင် ဗမာလူမျိုး ဖြစ်သည်။

ပညာရေး[ပြင်ဆင်ရန်]

သိမ်တော်ရွာ မူလတန်းကျောင်းနှင့် စစ်ကိုင်းမြို့ အစိုးရ အထက်တန်းကျောင်းတို့တွင် ပညာသင်ယူခဲ့သည်။ ၆ တန်း ကျောင်းသားဘဝတွင် မြန်မာနိုင်ငံကို ဂျပန်တို့ ဝင်လာသဖြင့် ၃ နှစ်ခန့် ပညာရေး လစ်ဟင်းခဲ့ရသည်။ ၁၉၄၅ ခု၊ ဂျပန် ပြေးမှ ၇ တန်းမှ စ ကျောင်းပြန်တက်ရသည်။ ၁၉၄၆ - ၄၇ ခုနှစ်တွင် ၈ တန်းတွင် ဆရာကြီး ဦးတိုးလူ၏ တိုက်တွန်းချက်နှင့် အဒေါ့်ယောက်ျား (၁၀)တန်း ဆရာကြီး ဦးထွန်းခင် ထံ၌ ဂျော်ဩမေတြီ၊ ထရီဂိုနိုမယ်ထရီဘာသာရပ်များ ပြန်သင်ပြီး ၁၀ တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုရာ အောင်မြင်ခဲ့သည်။ ၁၉၄၉-ခုနှစ် အင်တာ second year (ဒုတိယနှစ်) ဖြေအပြီးတွင် ပြည်တွင်းစစ် မီးကြောင့် ဖခင် မိခင်တို့၏ စီးပွားဥစ္စာ ပျက်စီးဆုံးပါး သွားခဲ့ရသည်။

ဖခင်မှ သူကို ကျောင်းမထား နိုင်တော့၍ အလုပ် တခုခု ဝင်လုပ်ရန် မျက်ရည် စက်လက်နှင့် တိုက်တွန်းခဲ့သည်။ သို့သော် မန္တလေးမြို့၊ ပိုက်ကျုံးရပ်တွင်နေသော ကြီးတော် ဒေါ်မှူးက သူ့အိမ်တွင် လာနေလာစားရန် ခွင့်ပြု၍၊ တက္ကသိုလ်ဆရာကြီး ဦးနက် အထောက်အပံ အကူအညီနှင့် ကျောင်းဆက်တက်နိုင်ခဲ့သည်။ ကြီးတော်အိမ်တွင် အခိုင်းအ‍စေသမျှ လုပ်ကိုင်ပေးပြီး ကျောင်းတက် ပညာသင်ကြားခဲ့ရပေသည်။ တတိယနှစ် ပညာသင်ယူနေစဉ် ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့သည်။

၁၉၅၁-ခုနှစ်တွင် ဘီအက်စ်စီဘွဲ့ ရခဲ့ပြီးနောက် စစ်ကိုင်း အမှတ်(၁) အထက်တန်းကျောင်းတွင် ၁၉၅၁- ၁၉၅၂ ခုနှစ်အထိ အထက်တန်းပြဆရာ အဖြစ် လုပ်ကိုင်ခဲ့သည်။ တစ်နှစ်နှင့်လေးလကျောင်းဆရာလုပ်‍ပြီး ဘဝတိုးတက်ဖို့ရာ အစိုးရပညာ‍တော်သင်လျှောက် ခဲ့သည်။ ၁၉၅၂- ၁၉၅၆ အထိ အင်္ဂလန်နိုင်ငံ မြောက်ဝေလ တက္ကသိုလ် (Wales University) ၌ သစ်တောပညာ ဘာသာရပ်ကို သင်ကြားခဲ့သည်။ ၁၉၅၆-ခုနှစ်တွင် ဘီအက်စ်စီ(သစ်တော) ဂုဏ်ထူးဘွဲ့ ရရှိခဲ့သည်။

မိသားစုဘဝ[ပြင်ဆင်ရန်]

နိုင်ငံခြား ပညာသင်မှ ပြန်ရောက်လာသောအခါ၊ ၁၉၅၈-ခုနှစ်တွင် နိုင်ငံခြား ပညာတော်သင် သွားရာမှာ အစစ အရာရာ ကူညီခဲ့သူ သစ်‍တောမင်း‍ကြီး ဦး‍နေဝင်း၏ တူမ အငယ် မခင်‍မြနှင့် လက်ထပ်ခဲ့ပြီး သားနှစ်ဦး၊ သမီးနှစ်ဦး ထွန်းကားခဲ့သည်။ အမှတ် ၃၅ (ဃ)၊ ကျိုက်ဝိုင်း ဘုရားလမ်း၊ မရမ်းကုန်း မြို့နယ်မှာ နေထိုင်သည်။

လုပ်ငန်းဆောင်ရွက်မှုများ[ပြင်ဆင်ရန်]

၁၉၅၇-ခုနှစ်မှ ၁၉၈၈-ခုနှစ်အထိ မြန်မာနိုင်ငံ သစ်တောဦးစီးဌာနမှာ သစ်တောဝန်ထမ်း အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ သစ်တောဝန်ထောက်၊ သစ်တောညွှန်ကြားမှူးအဖြစ် တာဝန်အသီးသီး ယူခဲ့သည်။ ၁၉၆၄-ခုနှစ်မှ ၁၉၇၃-ခုနှစ်အတွင်း ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်၊ သစ်တောပညာဌာန၌ တွဲဖက် ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၆၃-ခုနှစ်တွင် လက်‍ထောက် ညွှန်‍ကြား‍ရေးမှူး အ‍ဖြစ် အေအာဒီစီ (မြေယာ၊ ကျေးလက်‍ကြီးပွား တိုးတက်‍ရေးကော်ပို‍ရေးရှင်း) လက်မှ သစ်‍တောဌာနက လွှဲ‍ပြောင်းလက်ခံရန် သွားသောအခါမှစပြီး ပုပ္ပါး‍တောင်နှင့် ထိတွေ့ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် National Park and Nature Conservation (NPNC) ဆိုသော UNDP ပရောဂျက်အရ ပုပ္ပါး အပါအဝင် အ‍လောင်း‍တော်ကဿပ၊ ချပ်သင်း၊ ရွှေစက်‍တော်၊လှော်ကား စသည့် ဒေသများကို သဘာဝတောနှင့် ဥယျာဉ်များ တည်‍ဆောက်ရန် လုပ်ငန်းစတင်သည်။ ထိုစီမံကိန်းအရ ပုပ္ပါးဒေသ ထိန်းသိမ်း‍ရေးနှင့် သဘာဝ ဥယျာဉ် တည်‍ဆောက်‍ရေး တာဝန်ကို ဦးအုန်းမှ သစ်‍တောဌာန၏ ညွှန်‍ကြား‍ရေးမှူး အ‍နေဖြင့် ၁၉၈၁- ၁၉၈၅ ခုနှစ်အတွင်း တာဝန် ယူခဲ့ရသည်။

ပုပ္ပါးတောင် စိမ်းလန်းရေး တာဝန် ယူခဲ့စဉ်က အတွေ့အကြုံနှင့် ပတ်သက်ပြီး ကျော်ရင်မြင့်နှင့် မေးမြန်းခန်း တစ်ခုတွင် ဦးအုန်းက အခုလို ပြန်ပြောင်း ပြောပြ ခဲ့သည်။ "ပုပ္ပါး‍တောင်‍ကြီး စိမ်းလန်းစ‍ ပြုလာတဲ့ အခါ နိုင်ငံ‍ခြားက လာတဲ့ Chief Technical Advisor (NPNC က နည်းပညာ အ‍ကြံ‍ပေး ‍ခေါင်း‍ဆောင်) Mr.John Blower က ပုပ္ပါး‍တောင်မ‍ကြီးကို ပတ်‍ပြီး ကားလမ်း‍ ဖောက်ဖို့ အ‍ကြံ‍ပြုတယ်။ နိုင်ငံ‍ခြားသားပေးတဲ့ အ‍ကြံဆို‍တော့ လက်ခံ ချင်‍ကြတယ်။ ကျနော်က ကျနော့် ရာထူး‍ ဖြုတ်ချင်‍ဖြုတ်၊ ဒါ မလုပ်သင့် ဘူးလို့ ကန့်ကွက်တယ်။ ကျနော်တို့ ခက်ခက်ခဲခဲနဲ့ စိမ်း‍အောင်လုပ်ခဲ့ရတဲ့ ပုပ္ပါး‍ တောင်‍ကြီးဟာ လမ်းပန်း ဆက်သွယ်‍ရေး‍ ကောင်းလို့ လွယ်လွယ် ထင်းတက်ခုတ်ကုန်‍ကြရင် သုံး‍လေးနှစ် အတွင်း တောင်ကတုံး‍ ပြန်‍ဖြစ်သွားမှာပဲလို့ ကျနော် ရှင်း‍ပြမှ တောင်ပတ်လမ်း စီမံကိန်း မ‍အောင်‍မြင်ဘဲ ‍ဖြစ်သွားတယ်။

ပညာရှင် တ‍စ်ယောက်‍ ဖြစ်‍ပေမယ့် ကျနော့် ရာထူး‍ နေရာ ထိခိုက်မှာ‍ကြောက်‍ပြီး ပြောသင့်‍ပြောထိုက်တာကို သတ္တိရှိရှိ မ‍ပြောဘဲ‍ နေခဲ့မယ်ဆိုရင် ပုပ္ပါး‍ တောင်‍ကြီးကို ယခုလို စိမ်းစိမ်းစိုစို‍ မြင်ရမှာ မဟုတ်‍တော့ပါဘူး။"


၁၉၈၈- ၁၉၉၃ ခုနှစ်အထိ သစ်တော ဦးစီးဌာနတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၂-ခုနှစ် ပြဋ္ဌာန်းခဲ့သော သစ်တောဥပဒေ မူကြမ်း ရေးဆွဲခြင်းနှင့် ၁၉၉၄-ခုနှစ်၊ ပြဋ္ဌာန်းခဲ့သော တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေးဥပဒေ ရေးဆွဲရာတွင် ကော်မတီ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ အမေရိကန်၊ ဥရောပ၊ အိန္ဒိယ၊ ဩစဩေးလျ၊ နယူးဇီလန်၊ ထိုင်း၊ စင်ကာပူနိုင်ငံများကို ၈ ကြိမ် သွားရောက်ပြီး သစ်တော သုတေသန၊ ကွန်ပျူတာ၊ သဘာဝ ထိန်သိမ်းရေးနှင့် အမျိုးသားဥယျာဉ် အုပ်ချုပ်ရေး ပညာရပ်တွေကို လေ့လာ ဆည်းပူးခဲ့သည်။

နိုင်ငံရပ်ခြားသို့ ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများ အတွက် အကြိမ်ကြိမ် သွားရောက်ခဲ့သည်။ International Union for Conservation Natural Recources (IUCN) ၏ အသင်းဝင်အဖြစ် ၁၉၈၆ -ခုနှစ်မှ ယနေ့တိုင် ဆောင်ရွက် နေဆဲ ဖြစ်သည်။ International Society for Mangrove Ecosystem (ISME)၏ ရာသက်ပန် အသင်းသားဖြစ်သည်။ သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေး အသင်း (Forest Resource Environment Development and Conservation Association, FREDA)တွင် အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန် ယူထားသည်။ သုတေသန စာစောင် ၁၅ စောင် ပြုစုခဲ့ပြီး သစ်တော ပညာရပ် ဆိုင်ရာ စာအုပ် တစ်အုပ် ရေးသားခဲ့သည်။ ထိုစာအုပ်နှင့် စာပေဗိမာန် စာမူဆု ရရှိခဲ့သည်။ ဦးအုန်းသည် ၁၉၈၂-ခုနှစ်မှ ၁၉၈၆-ခုနှစ်အတွင်းတွင် ပုပ္ပားတောင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောများ စိုက်ပျိုးနိုင်ခဲ့၍ ပုပ္ပားတောင်ဒေသသည် တောင်ကတုံး ဖြစ်စေမည့် အခြေအနေမှ ရှောင်လွှဲနိုင်ခဲ့သည်။

၁၉၉၇ ခုနှစ်မှ ၂၀ဝ၇ ခုနှစ် အတွင်း ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသ (ပျဉ်ဒရယ် သစ်တောကြိုးဝိုင်း)၌ ဒီရေတောများကို ဧက ၂၅၀ဝ ပြန်လည် စိုက်ပျိုးနိုင်ခဲ့၍ ဂေဟစနစ်နှင့် ဇီဝမျိုးကွဲများကို မူလအတိုင်း ပြန်လည် ထိန်းသိမ်းနိုင်ခဲ့သည်။ ထိုလုပ်ဆောင်ချက်များသည် ဦးအုန်း၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမား ဘဝသက်တမ်းတလျှောက် ကျေနပ်မှုအရှိဆုံး လုပ်ဆောင်ချက်များ ဖြစ်သည်ဟု ဦးအုန်းမှ ပြောပြခဲ့သည်။

ဂုဏ်ပြုခံရမှုများ[ပြင်ဆင်ရန်]

သစ်တော သယံဇာတ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (Forest Resource Environmental Development Association – (FREDA)(ဖရီဒါ)က အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးအုန်းကို ၂၀ဝ၇ ခုနှစ်အတွက် Weekly Eleven News ဂျာနယ်၏ ထင်ရှားကျော်ကြား ကဏ္ဍတွင် ထည့်သွင်းဖော်ပြ ဂုဏ်ပြုခဲ့သည်။ ၁၉၈၂ – ၁၉၈၆ ခုနှစ်အတွင်း ပုပ္ပားတောင်စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောများ စိုက်ပျိုးနိုင်ခဲ့ခြင်း၊ ၁၉၉၇- ၂၀၀၇ ခုနှစ်အတွင်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ဒီရေတော ဧက ၂၅၀၀ ပြန်လည်စိုက်ပျိုးနိုင်ခဲ့မှုကြောင့် ဂေဟစနစ်နှင့် ဇီဝမျိုးကွဲများကို မူလအတိုင်းပြန်လည် ထိန်းသိမ်းနိုင်ခဲ့ခြင်းတို့ကြောင့် ၂၀ဝ၅-ခုနှစ် ဂျပန်တွင် ပြုလုပ်ခဲ့သော World Exposition ပွဲ၌ ဂျပန်နိုင်ငံ Citizen Forum ပညာရှင်များ အသင်းက ပေးအပ်ချီးမြှင့်သော ကမ္ဘာမြေချစ်သူဆု (Minamata Environmental Award)ကို ရရှိခဲ့သည်။

ဦးအုန်း၏ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ လုပ်ဆောင်ချက်များကြောင့် ဂျပန်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ အကြားတွင် နာမည်ကျော် လူသိများခဲ့သည်။ ဦးအုန်းသည် ၂၀ဝ၇ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ချီးမြှင့်သော Minamata Environmental Award ဆုကို ထပ်မံ ရရှိခဲ့ပြီး ဆုငွေ ဂျပန်ယန်း တသန်း လက်ခံ ရရှိခဲ့သည်။ ထိုငွေနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုများကို ထောက်ပံ့နိုင်ရန် သူ၏ ကိုယ်ပိုင် Ohn-ACT-MANG ရန်ပုံငွေ ထူထောင်သည်ဟု သိရသည်။ ထိုရန်ပုံငွေ ထဲက သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဆုအဖြစ် ဦးအုန်း အပါအဝင် ဘုတ်အဖွဲ့ဝင် ငါးဦး အဖွဲ့က တနှစ် တယောက် ရွေးချယ် ချီးမြှင့် ပေးသွားမည် ဟု သိရသည်။ ဦးအုန်းသည် လူတို့ သဘာဝနှင့် သဟဇာတ ဖြစ်စွာ နေထိုင် အသက်ရှင်ရန် လိုအပ်ချက်တွေ အကြောင်း ဖော်ပြပါဝင်သော “Surviving Together” အမည်ရ စာအုပ်တစ်အုပ် ရေးရန်လည်း စီစဉ် ထားသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၂၀၁၈-ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့ နံနက် ၆ နာရီခန့် တွင် ကျိုက်ဝိုင်းဘုရား လမ်းနေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဆရာကြီးဦးအုန်း၏ အသက်မှာ ၉၁ နှစ် ရှိပြီ ဖြစ်သည်။ ဖရီဒါ အသင်းမှ ၂၀၁၅-နှစ်လည်ကတည်းက ကျန်းမာရေးမကောင်း၍ အနားယူခဲ့သော်လည်း ဆရာကြီးဦးအုန်းသည် ဂုဏ်ထူးဆောင်နာယကအဖြစ် ရှိနေပေးသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Myanmar ISP [၁][လင့်ခ်သေ]
  2. First Eleven ဂျာနယ် ကွန်ရက် မျက်နှာ
  3. Zagawa Environment Network, www.zagawa.info မှာ လွှင့်တင်ထားတဲ့ ကျော်ရင်မြင့် ရဲ့ 'ပုပ္ပါးချစ်သူ'၊ 'ဘိလပ်ပြန်တောသား' ဆောင်းပါးများ
  4. ပိတောက် ပွင့်သစ် စာပေ အနုပညာ မဂ္ဂဇင်း အမှတ် (၆)၊ ဇူလိုင် ၂၀ဝ၆ (စာမျက်နှာ ၁၄၀) နဲ့
  5. ၂၀ဝ၈ ဇူလိုင်လတွင် Club 18 Creative House မှ ပထမအကြိမ် ပုံနှိပ် ထုတ်ဝေခဲ့တဲ့ 'သူတို့ ဒီနေရာကို ဘယ်လို ရောက်လာကြသလဲ၊ လှေကားထစ်များ ရာဇဝင်' (စာမျက်နှာ ၁၉၀)