မာတိကာသို့ ခုန်သွားရန်

ဦးသာထွန်း၊ ဦး

ဝီကီပီးဒီးယား မှ
ဦးဦးသာထွန်း
မွေးဖွား၂၃ နိုဝင်ဘာ ၁၉၁၇
မြောက်ဦးမြို့၊ ရခိုင်ပြည်နယ်
ကွယ်လွန်၁၄ ဩဂုတ်၊ ၁၉၉၀(1990-08-14) (အသက် ၇၂)
စစ်တွေမြို့၊ ရခိုင်ပြည်နယ်
လူမျိုးရခိုင်လူမျိုး
အလုပ်အကိုင်သုတေသီ၊ နိုင်ငံရေးသမား
တက်ကြွလှုပ်ရှားနှစ်များ၁၉၅၅-၁၉၉၀

ဦးဦးသာထွန်း (၂၃ နိုဝင်ဘာ ၁၉၁၇ - ၁၄ ဩဂုတ် ၁၉၉၀) သည် ရခိုင်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ်တွင် ထင်ရှားခဲ့သူ ဖြစ်သည်။ ၁၉၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ မွေးဖွားခဲ့သည်။ ဖခင် ဦးကောင်းစံရွှီနှင့် မိခင် ဒေါ်အောင်ကြွဇံတို့၏ တစ်ဦးတည်းသောသားဖြစ်သည်။ ငယ်စဉ်ကတည်းကပင် ဖခင်ကွယ်လွန်ခဲ့သောကြောင့် နဝမတန်းမှ ကျောင်းထွက်ခဲ့ရသည်။ ထို့နောက် အဘိုးဖြစ်သူနှင့် အခြားပညာရှင်များထံမှ ပါဠိ၊ သက္ကတ၊ သမိုင်း၊ ဗေဒင်နှင့် ရှေးဟောင်းပညာရပ်များကို သင်ယူခဲ့သည်။[]

ပညာရှင်ဘဝ

[ပြင်ဆင်ရန်]

ဦးဦးသာထွန်းသည် ၁၉၅၀ မှ ၁၉၅၅ ခုနှစ်အထိ မူလတန်းပြဆရာအဖြစ် လုပ်ကိုင်ခဲ့သည်။ ၁၉၅၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ မြောက်ဦးမြို့ ရှေးဟောင်းသုတေသနဌာနခွဲတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၇၇ မှ ၁၉၈၃ ခုနှစ်အထိ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆက်လက်လုပ်ကိုင်ခဲ့သည်။ သူသည် ဝေသာလီမြို့ဟောင်းတူးဖော်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့ပြီး ယခုလက်ရှိ မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်ကို စုဆောင်းတည်ဆောက်ခဲ့သူဖြစ်သည်။ ရခိုင်ယဉ်ကျေးမှုအမွေအနှစ်၊ သမိုင်း၊ စာပေ၊ ကျောက်စာများနှင့် ဓလေ့ထုံးတမ်းစဉ်လာများကို ထိန်းသိမ်းဖော်ထုတ်ခဲ့သည့် ပညာရှင်တစ်ဦးလည်းဖြစ်သည်။

သူသည် အောက်ပါစာပေနှင့် သုတေသနလုပ်ငန်းများတွင် ပါဝင်ရေးသားပြုစုခဲ့သည်-

  • ပုံနှိပ်ထုတ်ဝေခဲ့သော စာပေများ-
    • မြောက်ဦးမြို့ ဘုရားသမိုင်း (၁၉၄၀)
    • ဦးရာဇ်တော်ဓာတ်စေတီ ဘုရားသမိုင်းကျမ်း ပြင်ဆင်ဖြည့်စွက်ချက် (၁၉၅၂-၁၉၅၃)
    • ရက္ခိုင် အမျိုးသမီး သူရဲကောင်း အတ္ထုပတ္တိ (၁၉၅၃-၁၉၅၄)
    • ရက္ခိုင် ရာဇဝင် သင်္သေပကျမ်း (၁၉၅၄-၁၉၅၅)
    • မဂ္ဂဇင်းနှင့် ဂျာနယ်များတွင် ရေးသားခဲ့သော ဆောင်းပါးများ-
    • ဓညဝတီ မဂ္ဂဇင်း၊ ရခိုင်တန်ဆောင် မဂ္ဂဇင်း၊ မန္တလေး ပြည်သူ့ဂျာနယ်၊ ရန်ကုန် မဂ္ဂဇင်းနှင့် အခြားစာစောင်များတွင် ဦးဦးသာထွန်း၊ ဦးသူရိယ စသည့် ကလောင်အမည်များဖြင့် ရေးသားခဲ့သည်။
  • နိုင်ငံခြားပညာရှင်များကို ကူညီခဲ့မှုများ-
    • သုတေသီ Pamela Gutman ၏ "Ancient Arakan" ကျမ်း
    • ပါမောက္ခ Bernot ၏ ရခိုင်ပုံပြင် "လိပ်ကန်ဖာမ" နှင့် "ကျီးဖြူရွာ" စာတမ်းများ
    • ပါမောက္ခ John O'Kailfor ၏ "စေတီအဆောက်အအုံနှင့် နန်းအဆောက်အအုံ" စာတမ်း
    • ပါမောက္ခ Ono Toreru ၏ ရခိုင်စကားပြော လေယူလေသိမ်း အသံထွက်ပုံ စာတမ်းများ

နိုင်ငံရေးလှုပ်ရှားမှုများ

[ပြင်ဆင်ရန်]

၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ ပါတီနိုင်ငံရေးများ ပေါ်ပေါက်လာချိန်တွင် ဦးဦးသာထွန်းသည် နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်လာခဲ့သည်။ ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့တွင် Arakan League for Democracy (ALD) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို နာယကအဖြစ် စတင်တည်ထောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ALD ၏ စည်းရုံးရေးခရီးစဉ်များတွင် တရားဟောပြောမှုများ ပြုလုပ်ခဲ့သည်။ သူ၏ နိုင်ငံရေးခံယူချက်မှာ မြန်မာနိုင်ငံကို စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုအဖြစ် တည်ထောင်ရန်နှင့် တိုင်းရင်းသားများ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရန်ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ALD ပါတီအတွက် ကျောက်တော်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ စည်းရုံးရေးခရီးစဉ်တစ်ခုဖြစ်သော မင်းပြားမြို့နယ်၊ ပြားချောင်းကျေးရွာတွင် တရားဟောအပြီးနောက်ပိုင်း စစ်တွေမြို့၌ ဖမ်းဆီးခံခဲ့ရသည်။ ၁၉၉၀ ပြည့်နှစ် မေလ ၂၂ ရက်နေ့တွင် အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅(ည) ဖြင့် စစ်တွေအကျဉ်းထောင်တွင် ထောင်ဒဏ်ချမှတ်ခံခဲ့ရသည်။

ကွယ်လွန်ခြင်း

[ပြင်ဆင်ရန်]

ဦးဦးသာထွန်းသည် အကျဉ်းကျခံနေစဉ် ၅ လအကြာ ၁၉၉၀ ပြည့်နှစ်၊ သြဂုတ်လ ၁၄ ရက်နေ့တွင် ထောင်တွင်း၌ ကွယ်လွန်ခဲ့သည်။ သေဆုံးရခြင်းအကြောင်းရင်းမှာ ဦးနှောက်သွေးကြောပြတ်ရောဂါ (Cerebral Haemorrhage) ကြောင့်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။ သူ၏ ရုပ်ကလာပ်ကို ဇာတိမြောက်ဦးမြို့သို့ ပြန်လည်သယ်ဆောင်လာခဲ့ပြီး သျှစ်သောင်းပုထိုးတော်ကြီးဘုရားအနီးတွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]