မာတိကာသို့ ခုန်သွားရန်

ဦးသန့်ကျွန်း

ဝီကီပီးဒီးယား မှ
ဦးသန့်ကျွန်း(U Thant Island)

ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူ မြန်မာနိုင်ငံသား ဦးသန့်အား ဂုဏ်ပြုထားသည့် ဦးသန့်ကျွန်းသည် အမေရိကန်နိုင်ငံ၊ နယူးယောက်စီတီးမြို့၏ အရှေ့ဘက်မြစ် (East River) အတွင်းမှာရှိသော ကျွန်းငယ်လေးဖြစ်သည်။ အတိအကျ ပြောရလျှင် ကုလသမဂ္ဂရုံးချုပ်နှင့် ဂမ့်တရီပလာဇာ စတိပ် Gantry Plaza State ပန်းခြံကြား၌ရှိသော အရှေ့ဘက်မြစ်အတွင်းမှ ကျွန်းငယ်လေး ဖြစ်ပေသည်။ ထိုကျွန်းသည် အမှန်မှာ သဘာဝကျွန်း မဟုတ်ပဲ လူလုပ်ကျွန်းသာဖြစ်သည်။ ၁၉၈ဝ-ခုနှစ်နှောင်းပိုင်းက ဂျာမနီလူမျိုး အမေရိကန်ရောက် စီးပွားရေးလုပ်ငန်းရှင် ဝီလီယံ စတိန်းဝေးမှ ပြုလုပ်ဖန်တီးခဲ့ခြင်း ဖြစ်သည်။ မြစ်တစ်ဖက်ကမ်းနှင့် တစ်ဖက်ကမ်း ရေအောက်ဖြတ်ရထားလှိုဏ်ဂူ ဆောက်ရန် ပြုလုပ်ခြင်း ဖြစ်ပေသည်။ ယင်းအစီအစဉ်ကြောင့် ကျွန်းငယ်လေးကိုပါ လုပ်ဖြစ်ခဲ့ခြင်း ဖြစ်ပေသည်။ ထို့ပြင် ယင်းကျွန်းကလေးဆီသို့ ရေပေါ်မှလည်း ကောင်း၊ လိုဏ်ဂူထဲမှလည်းကောင်း အရောက်သွားနိုင်အောင် ပြုလုပ်ထားသည်။ ယင်းကုန်းမြေလေးကို ၁၉၇၇-ခုနှစ်ရောက်မှ ကျွန်းတစ်ခုအဖြစ် ကုလသမဂ္ဂဝန်ထမ်းများ၏ အားထားလေးစား သော ဒဿနပညာရှင်၊ ဂုရု Sir Chinmoyက ဦးဆောင်ပြီး အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။

ဦးသန့်

Sir Chinmoyသည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သော ဦးသန့်၏ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးလည်း ဖြစ်ပေသည်။ ထို့ကြောင့် Sir Chinmoy ကိုယ်တိုင်က ယင်းကျွန်းကို ဦးသန့်ကျွန်း (U Thant Island)ဟု အမည်ပေးလိုက်ပါသည်။ ယခင်အမည်မှာ Belmont ကျွန်းဖြစ်သည်။ အရွယ်အစားအား ပေ ၁ဝဝx၂ဝဝ ပတ်လည်သာရှိသော ထိုကျွန်းကို ကမ္ဘာ့အထူး ဆန်းဆုံးကျွန်း ဆယ်ခုစာရင်းထဲတွင် ထည့်သွင်းခဲ့ပေသည်။ အမေရိကန်နိုင်ငံရှိ အသေးငယ်ဆုံးကျွန်းလည်း ဖြစ်ပေသည်။ ၁၉၉၉-ခုနှစ်တွင် နယူးယောက်တိုင်းမ်မဂ္ဂဇင်းမှ ၃ဝ-ရာစု၌ ပျောက်ကွယ်သွားမယ့် ကျွန်းဟုဖော်ပြခဲ့သည်။ ကုန်းပေါ်မှာ ငှက်များ၊ ရေအောက်မှာ ရေမှော်ရေညှိများတွယ်ပြီး လှပနေသော ဦးသန့်ကျွန်းလေးသည် ကမ္ဘာသိ ထူးဆန်းကျွန်းငယ်လေး တစ်ခုအ ဖြစ် တည်ရှိနေလေသည်။

ကိုးကား

[ပြင်ဆင်ရန်]

ကိုဩဒိနိတ်: 40°44′48″N 73°57′52″W / 40.746599°N 73.964387°W / 40.746599; -73.964387