မြင့်လွင်၊ ဦး (သန့်တည်ပွား)

ဝီကီပီးဒီးယား မှ
(ဦးမြင့်လွင်(သန့်တည်ပွား) မှ ပြန်ညွှန်းထားသည်)

ဆရာဦးမြင့်လွင် သည် ထေရဝါဒဗုဒ္ဓသာသနာတော် သန့်ရှင်း တည်တံ့ ပြန်ပွားရေးအဖွဲ့ (သန့်-တည်-ပွား) ကို စတင် တည်ထောင်ခဲ့သူ ဖြစ်သည်။ ဦးမြင့်လွင်ကို အဘ ဦးဆာလင် ၊ အမိဒေါ်ခင်နွဲ့တို့မှ ၁၉၅၉ တွင် မြိတ်မြို့ တပ်ပြင်ရပ်တွင် မွေးဖွားခဲ့သည်။ ၁၉၇၆ တွင် အခြေခံပညာ အထက်တန်းကို အောင်မြင်ခဲ့ပြီး ၁၉၈၀ တွင် ဘူမိဗေဒ အဓိကဘာသာရပ်ဖြင့် B.Sc သိပ္ပံဘွဲ့ ရယူခဲ့သည်။ ၁၉၈၀ တွင် B.Sc Hons : ရရှိခဲ့ပြီး M.Sc မဟာသိပ္ပံ( ကျမ်းပြု ) ကို ၄ နှစ်ကျမ်းပြုရင်း တက္ကသိုလ်တွင် သရုပ်ပြဆရာအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၈၅ တွင် စီးပွားရေးလောကသို့ စတင်ဝင်ရောက်ခဲ့ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများကို ပြုလုပ်ခြင်း ၊ ကော့သောင်းမြို့ နယ်စပ်ကုန်သွယ်ရေး ကုန်သည်ကြီးများအသင်း၏ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခြင်း စသောလုပ်ငန်းများကို ပြုလုပ်ကာ မိမိ၏ စီးပွားရေးလုပ်ငန်းများကို အောင်မြင်သည်အထိ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။

ဆရာဦးမြင့်လွင်သည် တစ်ဖက်မှ စီးပွားရေး လူမှုရေး ကိစ္စများကိုဆောင်ရွက်နေစဉ်အတွင်း တစ်ဖက်မှလည်း ဘာသာရေး သာသနာရေး ကိစ္စများကို တတ်နိုင်သမျှဆောင်ရွက်ခဲ့သည်။ ၁၉၉၄ တွင် လက်ရှိပြုလုပ်နေသော စီးပွားရေး လုပ်ငန်းများကို မပြုလုပ်တော့ဘဲ ဘာသာရေး သာသနာရေး လုပ်ငန်းများကိုသာ တစူးစိုက်စိုက် ပြုလုပ်ကာ ပရိယတ္တိသာသနာအတွက် မိမိကိုယ်တိုင် စာပေကျမ်းဂန်များကို ဖတ်ရှုလေ့လာခြင်း ၊ မိမိသိလိုသည်များကို ဆရာတော်ကြီးများထံ ဩဝါဒခံယူလျှောက်ထားခြင်း ၊ သင်ယူခြင်း ၊ လေ့လာခြင်း ၊ မိမိလေ့လာသိရှိထားသောတရားဓမ္မများကို ( မှန် – တို – ရှင်း ) နည်းလမ်းဖြင့် ဗုဒ္ဓသာသနာဝင်များကို ဟောကြားဆွေးနွေးခြင်း ၊ စာရေးသားခြင်း ၊ဖိတ်ကြားလာသော ရိပ်သာများ ၊ ဓမ္မာရုံများ ၊ စာသင်ကျောင်းများကို ပုဂ္ဂိုလ်စွဲ ရိပ်သာစွဲမထားဘဲ တရားဟောပြောဆွေးနွေးခြင်းများကို ပြုလုပ်လျက်ရှိသည်။

ပဋိပတ္တိသာသနာအတွက် မိမိကိုယ်တိုင် ဝိပဿနာ တရားများကို ပွားများအားထုတ်ခြင်း ၊ ဆရာတော်ကြီးများထံတွင် လေ့လာသင်ယူခြင်း ၊မြန်မာပြည်နေရာအသီးသီးတွင် ရိပ်သာစွဲ ဓမ္မာရုံစွဲမထားဘဲ ရိပ်သာအသီးသီးတွင် တရားလိုက်လံပြသခြင်း ၊ အဓိဌာန်တရားပွဲများ ပြုလုပ်ပေးခြင်း တို့ကို မြန်မာပြည်နေရာဒေသ အသီးသီးတွင် ပရိယတ္တိ သာသနာ ၊ ပဋိပတ္တိသာသနာတော်အတွက် စွမ်းစွမ်းတမံလုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။

၂၀၀၆ ခုနှစ်တွင် ထေရဝါဒ ဗုဒ္ဓသာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး ( သန့် တည် ပွား ) အဖွဲ့ကို စတင်တည်ထောင်ပြီး ဩဝါဒ ဆရာတော်ဘုရားကြီး၏ လမ်းညွန်ဆုံးမမှုများ ၊ အလှူ ရှင်ယောဂီများ၏ ပူးပေါင်းပါဝင်ပံ့ပိုးမှုများနှင့်အတူ ၂၀၀၇ ခုနှစ်တွင် မြင့်မြတ်အလင်းရိပ်သာကို ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်ငါးဆူတောင်ကျေးရွာ ၊ အမှတ် ၅ ရပ်ကွက်တွင် စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည်။

ဆရာဦးမြင့်လွင် ဟောကြားသောတရားတော်များတွင် အပါယ်ပိတ်တရားသည် ထင်ရှားသောတရားဖြစ်သည်။ ဟောတရားအနေနှင့်ကော ရှုကွက်တင်အထိုင်တရားအနေနှင့်ပါ ယင်းအခွေတွင် ပါဝင်သည်။ အခြားထင်ရှားသောတရားခွေများမှာ MICT တွင်ဟောကြားခဲ့သော တရားခွေ ၁၂ ခွေ ၊ မေတ္တာ ၊ ဓမ္မအောင်လံ ၊ ပရမတ္ထသစ္စဝါဒ ပါဝင်သော ၃ ခွေတွဲ ၊ ဓမ္မ ၊ ရှင်ပြု မင်္ဂလာ ၊ အသုဘရှုအခမ်းအနား ၊ ဘဝအောင်မြင်ရေးတရား ၊ အင်းလေးရွေကျွန်းမျှောခေါင်းစဉ် ၈ ခုပေါင်း တရားခွေ ၊ တရားစုံ အမ်ပီသရီး အပိုင်း ၁ နှင့် ၂ တို့ ဖြစ်သည်။

တရားစာအုပ်များတွင်လည်း အပါယ်ပိတ်တရားစာအုပ် သည် အထင်ရှားဆုံးဖြစ်ပြီး အင်္ဂလိပ်ဘာသာ ၊ တရုတ်ဘာသာ ၊ ဂျပန်ဘာသာနှင့် ထိုင်းဘာသာများသို့ ပြန်ဆိုထားပြီး အဆိုပါနိုင်ငံများတွင်ပါ ဖြန့်ဝေလျက်ရှိသည်။ အခြားထင်ရှားသော တရားစာအုပ်မှာ တခဏဖြစ်ရလူ့ဘဝ အနှစ်ပြည့်အောင်ကြိုးစားကြ ဖြစ်ပြီး စုစုပေါင်းတရားစာအုပ် ၁၇ အုပ် ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ၎င်းအပြင် တရားစာစဉ်ပေါင်း ၁၀၀ ကျော် ၊ တရားဆောင်ပုဒ် ပေါင်း ၁၂၀ ခန့်ထုတ်ဝေခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]