ဦးစိန်လှိုင်(ဘောလုံးသမား)
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ဘောလုံးသမားတို့၏ ဆရာကြီး (သို့မဟုတ်) ဦးစိန်လှိုင်
[ပြင်ဆင်ရန်]ည ၁၀နာရီခွဲ ကျော်နေပေပြီ။ ဖိလစ်ပိုင် မနီလာမြို့တော် ကစားကွင်းရှိ ပရိသတ်ထု အော်ဟစ် အားပေးသံများ၊ လက်ခုပ်ဩဘာသံများ ညံနေသည်။ မိနစ် ၁၁၀လုံးလုံး ခြေကုန်အစွမ်းကုန် ကစားခဲ့ပြီး ရှုံးနေရာမှ သရေကျအောင် ကစားနိုင် ခဲ့ခြင်းကြောင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြသည်။ ထိုထက်ပို၍ ဝမ်းသာကြရသည့် အကြောင်းမှာ ချန်ပီယန်ရွှေဖလားကို ပူးတွဲရနိုင်ခဲ့ခြင်းကြောင့်ပင်ဖြစ်သည်။ ကစားကွင်းထဲမှ မီးမောင်းကြီးများသည် ထိန်လင်းစွာဖြင့် အလင်းရောင်ထိုးပေးထားသည်။ ကစားကွင်းထဲဝယ် အလံနှစ်ခုကို ဖြန့်ယူ သယ်ဆောင်ပြီး ပရိသတ်များကို လိုက်လံနှုတ်ဆက်နေသော ဘောလုံးသင်း တသင်းမှ ဘောလုံးသမားများနှင့် ပရိသတ်၏ ပြန်လည်နှုတ်ဆက် အားပေးမှုများသည် ရုပ်ရှင် ပိတ်ကားပေါ်ဝယ် မြင်ကွင်းကျယ် ပြသနေသကဲ့သို့ပင် ဖြစ်သည်။
ပရိသတ်ထုကို ကွင်းတပတ် ပတ်ကာ နှုတ်ဆက်ခဲ့သော ဘောလုံးသင်းမှ ဘောလုံးသမားများသည် သီးသန့်နေရာသို့ ပြေးဝင်လာကြပြီး အင်္ကျီအဖြူ ဟာဝေယံလက်တို ဝတ်ဆင်ထားသူကို အတင်းပွေ့ဖက်ကာ ဝိုင်းဝန်းနှုတ်ဆက်ကြသည်။ သူတို့တတွေ ဝမ်းသာနေကြသကဲ့သို့ နှုတ်ဆက်ခံရသူ၏ မျက်နှာပေါ်တွင်လည်း ဝမ်းမြောက်ဝမ်းသာ ကျေနပ်မှု အပြုံးရှက်သန်းလျက် ရှိနေသည်။ ၁၉၆၆ ခုနှစ် ဖိလိပိုင် မနီလာတွင် ပြုလုပ်သော အဋ္ဌမအကြိမ်မြောက် အာရှလူငယ် ဘောလုံးပြိုင်ပွဲ ဖိုင်နယ်ပွဲအပြီး၌ မြန်မာလူငယ်တို့သည် ချန်ပီယန် အစ္စရေးကို တဂိုးစီ သရေကစားနိုင်ပြီး ပူးတွဲ ဗိုလ်စွဲခဲ့သည်။ ပွဲအပြီးတွင် မြန်မာ လူငယ် ဘောလုံးသမားတို့သည် ဖိလိပိုင် အလံနှင့် မြန်မာ အလံတို့ကို သယ်ဆောင်ပြီး ကွင်းတပတ် ပတ်ကာ ပရိသတ်များကို နှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် သီးသန့်နေရာကို ပြန်လည်ရောက်သည့်အခါ မြန်မာလူငယ် ဘောလုံးသမားများသည် အောင်ပွဲဆင်ရန် စီစဉ် ညွှန်ကြားပြသခဲ့သူ နည်းပြဆရာ ဦးစိန်လှိုင် (ပြည်သူ့ ရဲတပ်ဖွဲ့) ကို အတင်းပွေ့ဖက်ကာ ဝိုင်းဝန်း နှုတ်ဆက်ကြသည်။ မိမိတို့ ဆရာကို ထမ်းသူကထမ်း၊ ဖက်သူက ဖက်ဖြင့် ဝိုင်းဝိုင်းလည်နေကြသည်။ ဘောလုံးနည်းပြဆရာ ဦးစိန်လှိုင်ကား မြန်မာ့ဘောလုံး တခေတ်ပြောင်းရာတွင် အဓိက ဇာတ်ကောင်အဖြစ် ပါဝင်လုပ်ဆောင်ခဲ့သူပင်ဖြစ်သည်။ ဦးစိန်လှိုင်သည် မြန်မာဘောလုံးသင်းများ၏ နည်းစနစ် ဗျူဟာ ပညာရှင်ပင်တည်း။
ဦးစိန်လှိုင်သည် ဘောလုံးပညာ ပြည့်ဝသကဲ့သို့ အကွက်မြင်တတ်သည်၊ နည်းပရိယာယ်၊ နည်းစနစ်တို့ကို အံဝင်အောင် လုပ်နိုင်သည်။ မိမိ ဘောလုံးသမားများ၏ အခြေအနေ၊ မိမိတို့ အင်အား၊ ပျော့ကွက်၊ အားနည်းချက်၊ ပြည့်စုံချက်နှင့် တဖက်ဘောလုံးအသင်း၏ ကောင်းကွက်၊ ပြည့်စုံချက်များ၊ အားနည်းချက်များ၊ဟာကွက်များ အပေါ် မူတည်၍ နည်းစနစ် နည်းပရိယာယ်များ သင်ကြားပြသ သုံးစွဲတတ်သူပင်ဖြစ်သည်။
မြန်မာဘောလုံးအသင်းများ၏ အခြေခံ အခြေအနေ အရပ်ရပ်တို့ နှင့် ဟပ်မိအောင် အံဝင်ဂွင်ကျ လုပ်ဆောင်နိုင်ခဲ့သဖြင့် ဦးစိန်လှိုင် နည်းပြဆရာဖြစ်လာချိန်က စ၍ အောင်မြင်မှုများ ဆင့်ကဲဆင့်ကဲ ရလာနိုင်ခဲ့သည်။ တော်လှန်ရေး အစိုးရ၊ အားကစားနှင့် ကာယပညာ ဌာန၊ ဘောလုံးအဖွဲ့ချုပ်တို့၏ စနစ်တကျ ဦးဆောင်မှု ပေးနိုင်ခြင်း၊ အားပေး ချီးမြှောက်နိုင်ခြင်း၊ ဘောလုံးသမားတို့ကလည်း တိုင်းပြည်နှင့် လူမျိုးအတွက်ဆိုသော အသိစိတ်ဓာတ်များ မွေးမြူလာခြင်းတို့ကြောင့် မြန်မာ့ဘောလုံးတခေတ်ပြောင်းခဲ့ရာတွင် နည်းပြဆရာ ဦးစိန်လှိုင်၏ ကဏ္ဍသည် ပညာရပ်ဆိုင်ရာ အခန်းမှ ပါဝင်ခဲ့လေသည်။
မြန်မာပြည်သို့ လာရောက်ခဲ့ဘူးသည့် နိုင်ငံခြား နည်းပြဆရာများနှင့်အတူ တွဲခံ့ရ၍လည်း ပညာမျိုးစုံကို လေ့လာ သိရှိခွင့်ကြုံခဲ့သည်။ အင်္ဂလိပ် နည်းပြဆရာ အဝီယာနှင့် စတင်ဆုံစည်းခဲ့ပြီး ယူဂိုစလပ် နည်းပြဆရာ မစတ်ထရိုမစ်ချ်၊ တပ်မတော်မှ ယူဂိုစလပ် နည်းပြဆရာ မာကိုဗေားလော့ဗ်၊ ရုရှနည်းပြဆရာများဖြစ်သော ဘိုဇင်ကောဗ့်၊ ဇိုနင်၊ ဟန်ဂေရီနည်းပြဆရာ ကာလ်မာတို့နှင့် ပူးတွဲလုပ်ဆောင်ခြင်း၊ လေ့လာ အကဲခပ် ကြည့်ရှုနိုင်ခွင့် စသည့် တွေ့ဆုံမှုများ ရရှိခဲ့သည်။ အင်္ဂလိပ် နည်းပြဆရာ အဝီယားသည် ကြံ့ခိုင်မှုကို အသားပေး သင်ကြားခဲ့သူဖြစ်သည်။ ယူဂိုနည်းပြဆရာ မာကိုမှာ စည်းကမ်းကို အဓိက ထားကာ ခေတ်မှီ ကစားနည်း၊ ကြံ့ခိုင်မှုတို့ကို အဓိကထား သင်ကြားခဲ့သူဖြစ်သည်။ ရုရှ နည်းပြဆရာ ဘိုဇင်ကော့်ဗ်သည် ဘောလုံးပညာ၊ နည်းစနစ်၊ နည်းပရိယာယ်ကို အထူး အသားပေး သင်ကြားနိုင်သူ ဖြစ်ပြီး၊ ဇိုနင်သည် နည်းစနစ်၊ အခြေခံတို့ကို သင်ကြားပြသနိုင်သူဖြစ်သည်။ ထိုသို့သော ဘောလုံးပညာရှင်များထံမှ ပညာစုံကို ဦးစိန်လှိုင်သည် ရယူနိုင်ခဲ့သည်။
ပြည်ပ ဘောလုံးနည်းပြဆရာများသည် အားကစားတက္ကသိုလ်ထွက်များ ဖြစ်၏။ အခြေခံကစ၍ နည်းစနစ် ၊ နည်းပရိယာယ် စွယ်စုံသင်ကြား ပြသနိုင်သူများဖြစ်သည်။ သို့သော် သူတို့သည် မြန်မာဘောလုံးသမားများ၏ အခြေအနေကို အကဲဖြတ် တွက်ချက်မှု ပြုလုပ်ရာ၌ ဥရောပ အခြေအနေ၊ ဥရောပ ပုံစံတို့ဖြင့် ယှဉ်တြ အကဲဖြတ်မှုများ ပြုလုပ်တတ်ကြသည်။ ထိုနေရာတင် နိုင်ငံခြား နည်းပြဆရာများ နှင့် ဦးစိန်လှိုင်သည် ကွာခြားနေတော့သည်။ ဦးစိန်လှိုင်သည် မြန်မာ့ အခြေအနေနှင့် ဟပ်မိအောင် မြန်မာ့ ပုံစံဖြင့် အကဲဖြတ်ကာ အဖြေ ရှာဖွေထုတ်နိုင်စွမ်းရှိသူပင် ဖြစ်သည်။ ဦးစိန်လှိုင်သည် ဘောလုံးသင်း တသင်းကို အရောင်တင်ပေးရာ၌ အလွန် ပိုင်နိုင်လှသူ၊ အမွှမ်းတင်ကောင်းသူ နည်းပြဆရာတဦးဖြစ်သည်။ ဘောလုံးသင်း တသင်း၊ ဘောလုံးသမားတဦးတို့၏ ရှိပြီးသား အခြေခံစွမ်းရည်တို့ ပေါ်လွင် ချွန်ထွက်လာအောင် အမွှမ်းတင်နိုင်စွမ်း ရှိသူလည်းဖြစ်သည်။
ဦးစိန်လှိုင်သည် နည်းပြဆရာတဦးအဖြစ်သာ ကျော်ကြားအောင်မြင်မှုများ ရခဲ့သည် မဟုတ်ချေ၊ ဘောလုံးသမားတဦး အဖြစ်ဖြင့်လည်း အောင်မြင်မှုများ၊ ကျော်ကြားမှုများ ရရှိခဲ့သူပင် ဖြစ်သည်။ မြန်မာ ဘောလုံးလောကတွင် မျက်နှာဖြူများ၊ ကပြားများ ကြီးစိုးခြယ်လှယ်နေစဉ် ဒုတိယ ကမ္ဘာစစ် မဖြစ်မီ ကာလပင် ဘီအေအေ (အောင်ဆန်းကွင်း) ၌ ခြေချကာ ခြေစွမ်းပြသနိုင်ခဲ့သူပင် ဖြစ်သည်။ မြန်မာ ဘောလုံးသမားများ အနက် အသက်ငယ်ငယ်ရွယ်ရွယ် နှင့် လက်ရွေးစင် ဖြစ်လာသူပင်ဖြစ်သည်။ ဦးစိန်လှိုင်သည် မျိုးရိုးလိုက်၍ ဘောလုံးထူးချွန်ခဲ့သူဟုလည်း ဆိုနိုင်သည်။ ဦးစိန်လှိုင်၏ အစ်ကိုတော်နှစ်ဦးဖြစ်သော ကွယ်လွန်သူ ဦးဝေလင်း (ပြည်သူ့ရဲ) နှင့် ဦးဘကြည် (အကောင်ခွန်) တို့သည် ဘောလုံးထူးချွန်သူများသာမက မြန်မာ့လက်ရွေးစင် ဖြစ်ခဲ့ကြသူများပင်၊ ဒုတိယ ကမ္ဘာစစ် မဖြစ်မီနှင့် စစ်ပြီးစ နှစ်တို့တွင် ဦးစိန်လှိုင်နှင့် ဦးဝေလင်းတို့ ညီအကိုသည် မြန်မာ လက်ရွေးစင် အသင်း၌ အတူတကွ ပါဝင် ကစားခဲ့ကြသေးသည်။
ဦးစိန်လှိုင်သည် နည်းပြဆရာ အဖြစ် ဆောင်ရွက်ရာ၌ ဉာဏ်များသူပင်ဖြစ်သည်။ တဖက်အသင်း၏ အားနည်းချက်ကို မြင်တတ်သူဖြစ်သည့်အတိုင်း ဉာဏ်ကို လွှာ၍ သုံးတတ်သည်။ နည်းပြဆရာအဖြစ်သာ ဉာဏ်လွှာသုံးပြီး ဉာဏ်များသူ မဟုတ်ချေ။ ဘောလုံးသမား ဘဝကပင် ခွန်အားဗလ အားကိုးဖြင့် မိုက်မိုက် ကန်းကန်း ကစားတတ်သူမျိုးလည်း မဟုတ်ခဲ့ချေ၊ ဉာဏ်နှင့် ကစားခဲ့သူသာဖြစ်သည်။ သူနည်းသူဟန်သည်တဘာသာဟု ဆိုလောက်သည်။ ဦးစိန်လှိုင်၏ ဘောလုံးခေါက်ပုံ၊ ခေါက်နည်း၊ ဆွဲနည်းဆွဲဟန်သည် အလွန်ပီရိ သေသတ်လှ၏ သူခေါက်လိုက်လျှင် အပိုင်ပင်ဖြစ်သည်။ ဘောလုံး ပရိသတ်သည် သူ၏ကစားနည်း ကစားဟန်ကို အလွန်သဘောကျ နှစ်သက်ကြသည်။ လူချင်းဆိုင်၍ အပြိုင်လုလျှင် သူသာဘောလုံးကိုရသည်။ တဖက်သင်းက လူချ၍ လူပြန်ချရာ၌ပင် စိန်လှိုင်လောက် ပိရိသေသတ်သူ မရှိဟူ၍ ပရိသတ်ဖက်က မှတ်ချက်ချ တင်စားခဲ့ကြသည်။ နောက်ပိုင်း တခေတ်မှ အောင်ရှိန်၏ ဘောလုံးကစားနည်းကစားဟန် ၊ ခေါက်ပုံ ခေါက်နည်းတို့ကိုပင် ပရိသတ်က " ဆရာကြီး စိန်လှိုင်ရဲ့ ပညာတွေကွ" ဟူ၍ အော်ဟစ် ချီးကျူးအားပေးခဲ့ကြသည်။ မြန်မာဘောလုံးပရိသတ်သည် ဘောလုံးသမားကောင်း တစ်ယောက်အဖြစ် အောင်မြင်ခဲ့သူ ဦးစိန်လှိုင်ကို နည်းပြဆရာအဖြစ်ဖြင့်လည်း ယုံကြည်မှု အပြည့်အဝထားခဲ့သည်။ ဦးစိန်လှိုင် ကိုင်တွယ်လျှင် အောင်မြင်မှုရရန် သေချာသည်ဟူ၍ပင် တထစ်ချ ယုံကြည်အားကိုးထားကြသည်။ ယင်းသို့ ယုံကြည်အားကိုးသမှုပြုကြသည်မှာလည်း အကြောင်းမဲ့မဟုတ်ပါချေ၊ မြန်မာလက်ရွေးစင် ဘောလုံးသင်း၊ မြန်မာလူငယ် လက်ရွေးစင် ဘောလုံးသင်းတို့သည် ၁၉၆၃ ခုနှစ်မှ ၁၉၇၂ ခုနှစ်အတွင်း နိုင်ငံတကာ ဘောလုံးပြိုင်ပွဲများတွင် အကြိမ်ကြိမ်ဗိုလ်စွဲခဲ့သည်။
ထို့ုပြင်ဥရောပဘောလုံးသင်းများအပေါ် မြန်မာဘောလုံးသင်းများက ၁၉၆၆-၇၂ ခုနှစ်အတွင်း အနိုင်ရခဲ့စဉ်ကလည်း မြန်မာဘောလုံးသင်းများကို ဦးစိန်လှိုင်ကိုင်တွယ် နည်းပြခဲ့သည်။ ယခုကဲ့သို့သော အောင်မြင်မှုမျိုးကို ကမ္ဘာကျော ဘောလုံးနည်းပြဆရာတဦးဖြစ်သူ ဟဲလင်နိုဟာရဲရား (စပိန် ဘာဆီလိုနာ နည်းပြဆရာနှင့် အီတလီ အင်တာမီလန် နည်းပြဆရာ) ပင် မရခဲ့ဘူးချေ။ ယင်းသို့ အောင်မြင်မှုများ ဆက်တိုက်ရအောင် စွမ်းဆောင်ခဲ့သူ နည်းပြဆရာ ဦးစိန်လှိုင်အပေါ် မြန်မာ ဘောလုံးပရိသတ်ထုနှင့် တိုင်းပြည်က ယုံကြည်ကိုးစားခြင်းသည် မဆန်းလှချေ။
ဦးစိန်လှိုင်သည် မြန်မာလက်ရွေးစင် ဘောလုံးသင်းအား အာရှအိုလံပစ် ချန်ပီယန် နှစ်ကြိမ် (၁၉၆၆-၁၉၇၀) မြန်မာလူငယ်ဘောလုံးသင်းအား အာရှလူငယ် ချန်ပီယန်ဖြစ်အောင် လေးကြိမ် (၁၉၆၃၊ ၁၉၆၄၊၁၉၆၆၊ ၁၉၆၈) လက်ရွေးစင်သင်းအား မာဒေးကား ချန်ပီယန်ဖြစ်အောင် နှစ်ကြိမ် (၁၉၆၄ နှင် ၁၉၇၁) ရရှိအောင် နည်းပြဆရာအဖြစ် တာဝန်ယူ လုပ်ဆောင်ခဲ့သည်။ အာရှပြိုင်ပွဲများ၌ ဒုတိယ၊ တတိယ ရခဲ့စဉ်ကလည်း တာဝန်ယူခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ဂျာကာတာဖလားပွဲ၊ ကျွန်းဆွယ်ပွဲများ၌လည်း ဗိုလ်စွဲအောင် ဦးဆောင် တာဝန်ယူခဲ့သူ ဖြစ်သည်။
ဦးစိန်လှိုင်သည် ဦးရိပ်နှင့် ဒေါ်စုတို့၏ သားသမီခြောက်ယောက် အနက် အငယ်ဆုံး သားထွေးဖြစ်လေသည်။ ၁၉၂၂ခုနှစ်က ရန်ကုန်တွင် ဖွားမြင်ခဲ့သည်။ ငယ်ရွယ်စဉ်ကပင် ဘောလုံးဝါသနာပါခဲ့သည်။ အစ်ကိုနှစ်ဦးဖြစ်သူ ဦးဝေလင်း၊ ဦးဘကြည်တို့နှင့် အတူဘောလုံး လိုက်ကစားခဲ့သည်။ ငယ်စဉ်က မအူကုန်း ဝိဇယကျောင်းတွင် ပညာစတင် သင်ကြားခဲ့သည်။ ဝိဇယကျောင်းမှ ပုဇွန်တောင နေရှင်နယ်ကျောင်းသိူ့ ပြောင်းရွေ့ ပညာသင်ကြားခဲ့သည်။ ပုဇွန်တောင် ကျောင်းတွင် အသက်၁၃နှစ်အရွယ်ကစ၍ ကျောင်းအသင်းမှ ပါဝင်ကစားခဲ့သည်။ ပုဇွန်တောင်ကျောင်းမှတဖန် မြို့မကျောင်းသို့ ပြောင်းရွေ့ ပညာသင်ကြားလေသည်။ အသက် ၁၅နှစ် အရွယ်ကပင် အရပ်သား ဘောလုံးသင်းများမှ စတင်ပါဝင်ကစားခဲ့သည်။ ၁၉၃၈ ခုနှစ် နှင့် ၃၉ ခုနှစ်များတွင် အဝေးကွင်း၌ ဘားမားယူနီယန် ဘောလုံးသင်းမှ ပါဝင်ကစားခဲ့သည်။ ၁၉၄၀ ခုနှစ်တွင် နာမည်ကြီး ဖရင်းယူနီယန် ဘောလုံးသင်းမှ ပါဝင်ကစားပြီး ပထမတန်းသို့ ရောက်လာကာ ဘီအေအေ၌ ခြေချခဲ့သည်။ ထိုစဉ်က နာမည်ကြီး၊ ဘောလုံးသမားများဖြစ်ကြသော သန်းကြွယ်၊ ကံဂွမ်း၊ ဟဲရစ်၊ မောင်မောင်ကလေးတို့နှင့်အတူ တွဲဖက်ကစားခဲ့သည်။ ၁၉၄၀ ခုနှစ်ကပင် မြန်မာ လက်ရွေးစင် ဘောလုံးသမားအဖြစ် ရွေးချယ်ခံခဲ့ရသည်။ လက်ရွေးစင် အသင်းတွင် ဘယ်အတွင်းလူ၊ ဘယ်ဝင်းနေရာတို့၌ နေရာမရွေး ပါဝင်ကစားခဲ့သည်။
နည်းပြဆရာ ဦးစိန်လှိုင်၏ အကြောင်းကို ၁၉၇၂ ခုနှစ်ထုတ် ဆရာမောင်ရဲဝင်း၏ " မြန်မာ့အားကစားလူရည်ချွန်များ " စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်သည်။[၁]
- ↑ ဆရာမောင်ရဲဝင်း၏ " မြန်မာ့အားကစားလူရည်ချွန်များ "