ဦးချို

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
တူရိယာ

တိရစ္ဆာန်အမျိုးမျိုးတို့၏ ဦးခေါင်းထိပ်မှ ချွန်ထွက်နေသော လက်နက်သဖွယ်အရာများကို ဦးချိုဟုခေါ်၏။ ထိုဦးချိုများမှာ တိရစ္ဆာန်တစ်မျိုးနှင့်တစ်မျိုး မတူကြဘဲ ပုံပန်းသဏ္ဌာန်တွင်သော်လည်းကောင်း၊ ဦးချိုဖြစ်ပေါ်လာပုံတွင်သော်လည်းကောင်း အနည်းနှင့်အများ ကွဲပြားကြလေသည်။ အချို့သောဦးချိုများမှာ အတွင်း၌ခေါင်းပွဖြစ်၍ အချို့မှာခေါင်းပိတ်ဖြစ်၏။ သမင်တို့၏ အခက်၊ အလက်၊ အတက်များပါသော ဦးချိုများသည် ခေါင်းပိတ်ဖြစ်၍ ဒရယ်၊ သိုး၊ ကျွဲ၊ နွား၊ ဆိတ်သတ္တဝါများ၏ ဦးချိုများသည် ခေါင်းပွဖြစ်၏။ တိရစ္ဆာန် ဦးချိုများမှာ နှစ်မျိုးနှစ်စားရှိ၏။ တစ်မျိုးမှာ ကိုယ်တွင်းမှအပြင်သို့ ထွက်လာသော အရိုးဆက်ဖြစ်၍ ကျန်တစ်မျိုးမှာ မာကျော သောအပြင်ခေါက် သို့မဟုတ် အရေပါးဖြစ်၏။ ဒုတိယ ဦးချိုအမျိုးအစားကိုသာ ဦးချိုစစ်ဟု ခေါ်နိုင်၏။ မြင်းခွာ၊ ငှက်နှုတ်သီး၊ သိုးဦးချို၊ မြွေနှင့် အိမ်မြှောင်တို့၏ အကြေးခွံ၊ လိပ်ခွံ၊ လူနှင့်တိရစ္ဆာန်တို့၏ ခြေသည်း၊ လက်သည်းများ စသည်တို့မှာ ခန္ဓကိုယ်တွင်းမှ ဖြစ်ပေါ်လာသော အရေပါးအခေါက်တို့ တစ်ဖြည်းဖြည်း မာကျောလာကြခြင်းပင်ဖြစ်၏။ သို့ဖြစ်၍ ထိုကဲ့သို့သော အရေမာများကို ဦးချိုစစ်ဟုဆိုရပေမည်။ သမင်၏ဦးချိုကိုကား ဦးချိုစစ်ဟုမခေါ်နိုင်၊ သမင်ဦးချိုသည် အရေပါးများ မာကျောလာခြင်းမဟုတ်ဘဲ ကိုယ်တွင်းမှ ပြင်ပသို့ဆက်ထွက်လာသော အရိုးဆက်သာဖြစ်၏။ သမင်ဦးချို ထွက်ကာစ၌ အလွန်ပါး၍ အမွေးနုများဖုံးနေသော အရေပြားဖြင့် ဖုံးအုပ်နေ၏။ အတန်ကြာသောအခါ ထိုကတ္တီပါသားနှင့် တူသော အရေပြားကွာကျသွားပြီးနောက် မာကျောသော ခေါင်းပိတ် ဦးချိုကျန်ရစ်ခဲ့လေသည်။ သမင်ဦးချိုကဲ့သို့ ဦးချိုများသည် တစ်နှစ်တစ်ခါ အပေါ်ယံအရေခွံလဲ၏။ ကျွဲ၊ နွား၊ သိုးနှင့် ဒရယ်များ၏ ဦးချိုစစ်အပေါ်ဖုံးအောက်တွင် ဦးခေါင်း၏ ရှေ့ရိုးစွန်းကို အလယ်၌ တွေ့ရှိရ၏။ သစ်ကုလားအုပ်နှင့် ကြံ့တို့၏ ဦးချိုများမှာကား ဦးခေါင်းရှေ့ရိုး၏အဆက် မဟုတ်ဘဲ သီးခြားထွက်နေသော အရိုးဖြစ်၍ မွေးညင်းများထူထပ်သောအရေပြားထူနှင့်ဖုံးအုပ်နေလေသည်။


အထက်ဖော်ပြပါ တိရစ္ဆာန်တို့တွင် ဒရယ်ချိုများသာ အပေါ်ယံအရေခွံလဲလေ့ရှိသည်။ ဦးချိုများတွင် ခေါင်းပွနှင့် ခေါင်းပိတ် နှစ်မျိုးရှိရာ၌ တိရစ္ဆာန်အမတို့၏ ဦးချိုများမှာ များသောအားဖြင့် ခေါင်းပွဖြစ်ကြသည်။ သို့သော် ခေါင်းပွဦးချိုရှိသော တိရစ္ဆာန်ကြီးများလည်းရှိကြသည်။ တိရစ္ဆာန်တို့၏ဦးချိုများဖြင့် ဘီး၊ ကြယ်သီး၊ လက်ကိုင်တုတ်ရိုး၊ ထီးရိုး၊ ဓားရိုး၊ ဇွန်းအမျိုးမျိုး၊ သောက်ရေခွက်စသည့် လူ့အသုံးအဆောင်များကို ပြုလုပ်ကြသည်။ ရှေးခေတ်လူများသည် တိရစ္ဆာန်တို့၏ဦးချိုများကို လက်နက်များ၊ ယမ်းမှုန့်ကျည်ထောက်များနှင့် ခရာများအဖြစ် အသုံးချခဲ့ကြသည်။ ဦးချိုအစစ်သည် အရိုးမဟုတ်သောကြောင့် လိုသလိုကွေးလွယ် ကောက်လွယ်နိုင်သဖြင့် လူတို့၏ အသုံးအဆောင်များနှင့် အလှအပထားရန် ပစ္စည်းများအဖြစ် ပြုလုပ်ရရှိနိုင်လေသည်။ ဦးချိုများကို အလွန်အဖိုးတန်သော လိပ်ခွံများကဲ့သို့ အကွက်ကလေးများပေါ်လာအောင် ဆိုးဆေးများဖြင့် အရောင်ချယ်ကာ အကွက်ဖော်ပေးနိုင်သည်။ ရှေးက ပြတင်းပေါက်ရွက်များ၌ဖြစ်စေ၊ လက်ဆွဲမီးအိမ်များ၌ဖြစ်စေ၊ ဦးချိုပြားပါးပါးတို့ကို အသုံးပြုခဲ့ကြသည်။ ဦးချိုဖြင့် ပြုလုပ်ရရှိသော အခြားပစ္စည်းအမျိုးမျိုးများလည်း ရှိလေသည်။ ယခုအခါတွင် ပလတ်စတစ်များကို ပြုလုပ်နိုင်မည်ဖြစ်သည့်အပြင် အရောင်များကိုလည်း လိုသလိုဆိုးနိုင်ပြီဖြစ်သဖြင့် ထိုပစ္စည်းများကို ဦးချိုဖြင့်ပြုလုပ်မည့်အစား ပလတ်စတစ်ဖြင့် ပြုလုပ်ကြလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)