မာတိကာသို့ ခုန်သွားရန်

ဥရောပဘုံဈေးအဖွဲ့

ဝီကီပီးဒီးယား မှ

ဥရောပဘုံဈေးအဖွဲ့ ခေါ် ဥရောပစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (European Economic Community - EEC) သည် ကမ္ဘာပေါ်တွင် ကုန်သွယ်မှုအင်အားကြီးမားသော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ၎င်းကို ၁၉၅၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်တည်ထောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ ၁၉၅၇ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့က အီတလီနိုင်ငံရောမမြို့တွင် ဥရောပကျောက်မီးသွေးနှင့် သံမဏိအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ချုပ်ဆိုခဲ့သော သဘောတူညီချက် စာချုပ်အရ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

၁၉၉၃ ခုနှစ်တွင် Maastricht Treaty စတင်အသက်ဝင်လာသောအခါ၊ EEC (ဥရောပစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့) ကို စီးပွားရေးမူဝါဒထက် ပိုမိုကျယ်ပြန့်သော ကဏ္ဍများကို လွှမ်းခြုံနိုင်ရန်အတွက် ဥရောပအဖွဲ့အစည်း (European Community - EC) ဟု အမည်ပြောင်းလဲခဲ့သည်။ ဤအချိန်သည် EC အပါအဝင် ဥရောပအဖွဲ့အစည်းသုံးခုကို Maastricht Treaty မှ ထူထောင်ခဲ့သည့် ဥရောပသမဂ္ဂ (European Union) ၏ ပထမဆုံးသော မဏ္ဍိုင်အဖြစ် ပေါင်းစည်းခဲ့သည့်အချိန်လည်း ဖြစ်သည်။ EC သည် ၂၀၀၉ ခုနှစ် Treaty of Lisbon မှ ဖျက်သိမ်းခံရသည်အထိ ဤပုံစံဖြင့် တည်ရှိခဲ့သည်။ Lisbon Treaty သည် EC ၏ အဖွဲ့အစည်းများကို EU ၏ ပိုမိုကျယ်ပြန့်သော မူဘောင်အတွင်းသို့ ထည့်သွင်းခဲ့ပြီး EU သည် "ဥရောပအဖွဲ့အစည်းကို အစားထိုးကာ ဆက်ခံမည်" ဟုလည်း ပြဋ္ဌာန်းခဲ့သည်။

အဖွဲ့ဝင်နိုင်ငံများ

[ပြင်ဆင်ရန်]

ဥရောပဘုံဈေးအဖွဲ့၏ မူလအဖွဲ့ဝင် ၆ နိုင်ငံမှာ-

၁၉၇၃ ခုနှစ်တွင် ဗြိတိန်အိုင်ယာလန်နှင့် ဒိန်းမတ်တို့ ဝင်ရောက်ခွင့်ရခဲ့သဖြင့် အဖွဲ့ဝင် ၉ နိုင်ငံ ဖြစ်လာခဲ့သည်။ ၁၉၈၁ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဂရိနိုင်ငံ ဝင်ရောက်လာခဲ့ရာ အဖွဲ့ဝင် ၁၀ နိုင်ငံအထိ တိုးလာခဲ့သည်။

ထို့ပြင် ကယ်ရစ်ဗျန်ဒေသပစိဖိတ်ဒေသနှင့် အာဖရိကတိုက်မှ ဗြိတိသျှဓနသဟာယ အဖွဲ့ဝင်နိုင်ငံများသည်လည်း အရန်အဖွဲ့ဝင်များအဖြစ် ပါဝင်ခဲ့ကြသည်။ စပိန်လက်ဗနွန်အီရန်အစ္စရေးနှင့် ယူဂိုစလားဗီးယားနိုင်ငံတို့သည် ဥရောပဘုံဈေးအဖွဲ့နှင့် ကုန်သွယ်ရေး သဘောတူညီမှုစာချုပ်များ ချုပ်ဆိုထားခဲ့သည်။

ဖွဲ့စည်းပုံ

[ပြင်ဆင်ရန်]

ဥရောပဘုံဈေးအဖွဲ့တွင် အောက်ပါအဖွဲ့အစည်းများ ပါဝင်ဖွဲ့စည်းထားသည်-

  • ဘုံဈေးလွှတ်တော်: အဖွဲ့ဝင်နိုင်ငံများမှ လွှတ်တော်အမတ်များ အချိုးကျပါဝင်သည်။
  • ဘုံဈေးကော်မရှင်: အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် တစ်ဦးကျစီ ပါဝင်သည်။
  • ဝန်ကြီးများကောင်စီ: အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးအဆင့်ရှိသူ ကိုယ်စားလှယ် တစ်ဦးကျစီ (အများအားဖြင့် နိုင်ငံခြားရေးဝန်ကြီး) ပါဝင်ပြီး ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် အခွင့်အာဏာရှိသည်။
  • တရားရုံး
  • စီးပွားရေးနှင့် လူမှုရေးကောင်စီ
  • ရင်းနှီးမြှုပ်နှံမှုဘဏ်
  • ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအဖွဲ့
  • လူမှုရေးရန်ပုံငွေအဖွဲ့

ဥရောပဘုံဈေးအဖွဲ့၏ ဌာနချုပ်ကို ဘယ်လ်ဂျီယမ်နိုင်ငံဘရပ်ဆဲလ်မြို့တွင် ဖွင့်လှစ်ထားရှိသည်။[]

ရည်ရွယ်ချက်များ

[ပြင်ဆင်ရန်]

ဥရောပဘုံဈေးအဖွဲ့၏ အဓိကရည်ရွယ်ချက်များမှာ-

  • အဖွဲ့ဝင်နိုင်ငံအချင်းချင်း ကုန်သွယ်ရာ၌ အကောက်ခွန် ကောက်ခံခြင်းစနစ်ကို ပယ်ဖျက်ရန်။
  • အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများနှင့် ကုန်သွယ်ရာ၌ တစ်ပြေးညီစွာ အကောက်ခွန်ကောက်ခံသည့်စနစ်ကို ကျင့်သုံးရန်။
  • စီးပွားရေးလုပ်ငန်းများကို တစ်ပြေးညီစွာ တိုးတက်ဖွံ့ဖြိုးလာအောင် မြှင့်တင်ရန်နှင့် အဆက်မပြတ် တိုးချဲ့ရန်။
  • စီးပွားရေး ပိုမိုတည်ငြိမ်ရန်။
  • အဖွဲ့ဝင်နိုင်ငံများမှ ပြည်သူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန်။
  • စီးပွားရေးနှင့် နိုင်ငံရေးကိစ္စများတွင် အဖွဲ့ဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရန်။

လုပ်ဆောင်ချက်များနှင့် ကြုံတွေ့ရသော စိန်ခေါ်မှုများ (၁၉၇၀-၁၉၈၀ ခုနှစ်များ)

[ပြင်ဆင်ရန်]
  • အကောက်ခွန်စနစ် ပယ်ဖျက်ရေး: မူလအဖွဲ့ဝင် ၆ နိုင်ငံအကြား ကုန်သွယ်မှု အကောက်ခွန်ကောက်ခံခြင်းကို မပြုလုပ်ရန် ပြဋ္ဌာန်းပြီးဖြစ်သော်လည်း မူလအဖွဲ့ဝင်နှင့် နောက်တိုးအဖွဲ့ဝင် ၃ နိုင်ငံအကြားတွင်မူ အကောက်ခွန်စနစ်ကို ဆက်လက်ကျင့်သုံးခဲ့သည်။ သို့သော် ၁၉၇၇ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ထိုအကောက်ခွန်စနစ်ကိုလည်း မကြာမီ ပယ်ဖျက်တော့မည်ဟု ဘုံဈေးအဖွဲ့ချုပ်က ကြေညာခဲ့သည်။ ထို့ကြောင့် ဘုံဈေးအဖွဲ့ဝင်နိုင်ငံများမှ ထွက်သော စက်မှုနှင့် လယ်ယာထွက်ကုန်ပစ္စည်းများကို လွတ်လပ်စွာ သယ်ယူရောင်းချနိုင်ခဲ့သည်။
  • ဘုံအကောက်ခွန်စနစ်: အဖွဲ့ဝင် ၉ နိုင်ငံသည် ဘုံဈေးအဖွဲ့ဝင်မဟုတ်သော နိုင်ငံများမှ ကုန်ပစ္စည်းများအပေါ်တွင်မူ ဘုံအကောက်ခွန်စနစ်ကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်သည်။
  • ထိပ်သီးအစည်းအဝေးများ:
    • ၁၉၇၇ ခုနှစ်၊ ဇွန်လ ၂၉-၃၀ ရက် (လန်ဒန်): ငွေဖောင်းပွမှု၊ အလုပ်အကိုင်နေရာချထားရေး၊ ကုန်သွယ်မှုတိုးတက်ရေးတို့နှင့် စပ်လျဉ်းသော ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့သော်လည်း သံမဏိလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ သင်္ဘောတည်ဆောက်မှုလုပ်ငန်း၊ ဖိနပ်လုပ်ငန်းတို့နှင့်ပတ်သက်၍ အဖွဲ့ဝင်နိုင်ငံများအချင်းချင်း မကြေလည်မှုများ ဖြစ်ပေါ်ခဲ့သည်။
    • ၁၉၈၁ ခုနှစ်၊ မတ်လ (နယ်သာလန်၊ မာစတရစ်): ဥရောပစီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံတကာရေးရာများကို ဆွေးနွေးခဲ့ကြသည်။ ဥရောပငွေကြေးဖောင်းပွမှုနှုန်း ကြီးထွားလာခြင်းနှင့် လူငယ်ထုအလုပ်လက်မဲ့ပြဿနာတို့ကို အလေးထားဆွေးနွေးခဲ့ကြသည်။
    • ၁၉၈၁ ခုနှစ်၊ ဇွန်လ (လူဇင်ဘတ်): ပြည်တွင်းဈေးကွက်၊ အမေရိကန်နှင့် ငွေကြေးဆက်ဆံမှု၊ ဂျပန်နိုင်ငံနှင့် ကုန်သွယ်မှု၊ သံမဏိဈေးနှုန်းကိစ္စရပ်များအပြင် နိုင်ငံတကာရေးရာများကို ဆွေးနွေးခဲ့ကြသည်။ (ဥပမာ- အာဖဂန်နစ္စတန်၊ ကမ်ပူးချား၊ နမီးဗီးယားပြဿနာများ)။
    • ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ (ဗြိတိန်၊ လန်ဒန်): ဥရောပငွေကြေးစနစ်အပေါ် ပြန်လည်သုံးသပ်ရန် သဘောတူခဲ့ကြပြီး အဖွဲ့ဝင်နိုင်ငံများအတွင်း ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် အမေရိကန်၊ ဂျပန်နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။
    • ၁၉၈၁ ခုနှစ်၊ နိုဝင်ဘာလ (ရန်ပုံငွေထည့်ဝင်ရေး): ရန်ပုံငွေထည့်ဝင်ရေး ပြဿနာနှင့် ပတ်သက်၍ သဘောတူညီချက်မရရှိဘဲ ပြီးဆုံးခဲ့သည်။ ဗြိတိန်နှင့် ဂျာမနီတို့က မိမိတို့သည် ထည့်ဝင်ငွေကြေးကို မတန်တဆပေးသွင်းနေရကြောင်း ပြောကြားခဲ့ကြသည်။
  • ရေနံပြဿနာ: ရေနံထုတ်လုပ်သောနိုင်ငံများက ရေနံပိတ်ဆို့ဖြတ်တောက်မှုမျိုးနှင့် ကြုံတွေ့ခဲ့လျှင် အဖွဲ့ဝင်နိုင်ငံများအတွင်း ရေနံကို ခွဲဝေသုံးစွဲရေးနှင့် ရေနံကြမ်းခင်းဈေးနှုန်းတစ်ရပ် သတ်မှတ်ရေး စသည့်အချက်များ ပါဝင်သော ကြေညာချက် ထုတ်ပြန်ခဲ့သည်။
  • ငါးဖမ်းဇုန်: ပင်လယ်ပြင် ငါးဖမ်းဇုန်ကို မိုင် ၂၀၀ သတ်မှတ်ထားပြီး ဘုံဈေးအဖွဲ့ရေပြင်အတွင်း ပူးတွဲငါးဖမ်းရေးမူဝါဒတစ်ရပ် ချမှတ်၍ ငါးဖမ်းလျက်ရှိသည်။
  • ကုန်သွယ်မှုကျဆင်းခြင်းနှင့် အလုပ်လက်မဲ့ပြဿနာ: အကောက်ခွန် အဟန့်အတားများကို ပယ်ဖျက်နိုင်ခဲ့သော်လည်း ၁၉၇၂ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ကုန်ပစ္စည်းများ ဈေးတက်လာမှုကြောင့် ကုန်သွယ်မှုအရှိန်အဟုန် ကျဆင်းလာခဲ့သည်။ ၁၉၇၇ ခုနှစ်၊ ဇွန်လခန့်တွင် ဘုံဈေးအဖွဲ့ဝင်နိုင်ငံများအတွင်း အလုပ်လက်မဲ့ဦးရေ ၅ သန်းခန့်ရှိသည်ဟု ခန့်မှန်းရပြီး အလုပ်အကိုင်သစ်များ ဖန်တီးရန် ဒေါ်လာသန်း ၁၂,၀၀၀ ရှိသော ရန်ပုံငွေတစ်ရပ်ကို ထူထောင်ရန် စီစဉ်လျက်ရှိသည်။
  • ဖောက်ကလင်အရေးအခင်း (၁၉၈၂): အာဂျင်တီးနားနိုင်ငံမှ ပို့ကုန်အားလုံးကို ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့သော်လည်း အိုင်ယာလန်နှင့် အီတလီတို့က ဆန့်ကျင်ခဲ့ကြသည်။ နောက်ပိုင်းတွင် အာဂျင်တီးနားနိုင်ငံအား စီးပွားရေးသပိတ်မှောက်ထားမှုကို ရပ်စဲခဲ့သည်။
  • အမေရိကန်နှင့် ဆက်ဆံရေး: ဆိုဗီယက်ပြည်ထောင်စု၏ သဘာဝဓာတ်ငွေ့ပိုက်လိုင်းအတွက် စက်ပစ္စည်းများ ပေးပို့နေမှုနှင့်ပတ်သက်၍ အမေရိကန်၏ တားဆီးပိတ်ပင်ရန် ကြိုးပမ်းမှုကို ဥရောပဘုံဈေးအဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။ ထို့ပြင် အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းသော သံမဏိပို့ကုန်ကို ၁၀% အထိ လျှော့ချရန် သဘောတူညီခဲ့ကြသည်။
  • အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး: အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုတွင် ပါဝင်ဆောင်ရွက်နိုင်ရန် လေ့လာမှုများ ပြုလုပ်ခဲ့ပြီး အစ္စရေးက ဂိုလန်ကုန်းမြင့်အား သိမ်းပိုက်ခြင်းကို ဆန့်ကျင်ကြောင်း ကြေညာခဲ့သည်။

အနာဂတ်အလားအလာ

[ပြင်ဆင်ရန်]

ဥရောပဘုံဈေးအဖွဲ့ကို ယခုထက်ပို၍ ကျယ်ပြန့်စွာ ဖွဲ့စည်းသွားရန် စီစဉ်နေခဲ့သည်။ ဩစတြီးယား၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ စပိန်၊ ပေါ်တူဂယ်နှင့် စိုက်ပရပ်စ်နိုင်ငံတို့သည် ဘုံဈေးအဖွဲ့တွင် အရန်အဖွဲ့ဝင်နိုင်ငံများအဖြစ် ဝင်ခွင့်တောင်းခံခဲ့ကြသည်။ ဂရိနိုင်ငံသည် ၁၉၇၆ ခုနှစ်က အဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့ရာ ၁၉၇၈ ခုနှစ် အစောပိုင်းတွင် လက်ခံဖွယ်ရာရှိခဲ့ပြီး ဒသမမြောက် ဘုံဈေးအဖွဲ့ဝင်နိုင်ငံဖြစ်ရန် အလားအလာကောင်းခဲ့သည်။

အမေရိကန်ပြည်ထောင်စုကလည်း မိမိနိုင်ငံနှင့် ဥရောပဘုံဈေးအဖွဲ့တို့ အပြန်အလှန် အခွန်ကောက်ခံမှု လျှော့ပေါ့ရေးကို ဆွေးနွေးရန် အဆိုပြုထားသည်။ ဂျပန်၊ အိန္ဒိယ၊ အယ်လ်ဂျီးရီးယား၊ မော်ရိုကိုနှင့် တူနီးရှားနိုင်ငံတို့သည်လည်း ဥရောပဘုံဈေးကို ချဉ်းကပ်နေခဲ့ကြသည်။

အကယ်၍ ဂရိနိုင်ငံသည် ဘုံဈေးအဖွဲ့ဝင်နိုင်ငံဖြစ်လာပါက ဘုံဈေးအဖွဲ့၏ ဩဇာသည် အရှေ့မြေထဲပင်လယ်ဒေသသို့တိုင် တိုးချဲ့လာမည်ဖြစ်သည်။ ဘုံဈေးအဖွဲ့၏ စီးပွားရေးနှင့် ငွေကြေးသမဂ္ဂထူထောင်ရန် လိုအပ်သည့် လုပ်ဆောင်ဖွယ်ရာများကိုလည်း ၁၉၈၀ ပြည့်နှစ်တွင် အပြီးသတ်လုပ်ဆောင်နိုင်ရန် လျာထားခဲ့သည်။[]

ကိုးကား

[ပြင်ဆင်ရန်]
  1. စွယ်စုံကျမ်းနှစ်ချုပ်၊(၁၉၇၉)
  2. စွယ်စုံကျမ်းနှစ်ချုပ်၊(၁၉၈၂)