ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်

ဝီကီပီးဒီးယား မှ

အုပ်ချုပ်ရေးအာဏာပိုင်များမှ ထုတ်ပြန်သည့်အမိန့်၊ တရားရုံးများ၏စီရင်ချက်နှင့် အမိန့် စသည်တို့သည်လည်း ဥပဒေသဘောသက်ဝင်သည်။ အမိန့်သည် သီးသန့်အကြောင်းအရာကိစ္စ တရပ်ရပ်အတွက် ထုတ်ပြန်ခြင်းဖြစ်သည်။ အုပ်ချုပ်ရေးအာဏာပိုင်များမှ ထုတ်ပြန်သော အမိန့်များအနက် နိုင်ငံတော်သမ္မတကထုတ်ပြန်သော အမိန့်များလည်း ပါဝင်သည့်အပြင် ထိုကဲ့သို့သော အမိန့်မျိုး၏ လေးနက်မှုအတိုင်းအတာမှာလည်း မြင့်မားသည်ကို တွေ့ရမည်ဖြစ်သည်။

Ordiance ဟူသော အမိန့်သည် မြန်မာနိုင်ငံတွင်ကျင့်သုံးခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေများအရ နိုင်ငံတော်၏ ဥသျှောင်၊ အကြီးအကဲ(သို့မဟုတ်) နိုင်ငံတော်၏ အာဏာပိုင်အဖွဲ့က ထုတ်ပြန်သော အမိန့်ဖြစ်သည်။ ၁၉၄၇ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပုဒ်မ ၉၄(၁) အရ၊ စစ်ကြောင့်ဖြစ်စေ၊ နိုင်ငံတွင်းဆူပူမှုကြောင့်ဖြစ်စေ၊ ပြည်ထောင်စုနိုင်ငံ၏ တည်တံ့မှုကို အန္တရာယ်ဖြစ်စေအံ့သော အထူးအရေးတကြီး အခြေအနေ ဖြစ်ပေါ်နေပြီဟူ၍သော်လည်းကောင်း နိုင်ငံတော်သမ္မတက ကျေညာချက်တရပ် (Proclamation) ကို ထုတ်ပြန်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၀(၁) အရ ပါလီမန်ဆိုင်ရာ လွှတ်တော်နှစ်ရပ်လုံး၏ ညီလာခံမရှိခိုက်၊ မည်သည့်အခါမျိုး၌မဆို၊ နိုင်ငံတော်သမ္မတသည်၊ ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သော ကိစ္စများပေါ်ပေါက်လာသည်ဟု ယူဆလျှင်၊ ထိုကိစ္စများ ပေါ်ပေါက်လာသည့်အလျှောက် လိုအပ်သည်ဟု ထင်မြင်သော တစ်ချက်လွှတ်ဥပဒေများ (Ordinances) ကိုထုတ်ပြန်ကျေညာနိုင်သည်ဟု ပြဋ္ဌာန်း ပါရှိပေသည်။

၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၄-တွင် ဥပဒေကဲ့သို့အာဏာတည်သောအမိန့်များ[ပြင်ဆင်ရန်]

Ordinances

ထုတ်ပြန်ကျင့်သုံးခွင့်နှင့် စပ်လျှဉ်း၍ “နိုင်ငံတော်ကောင်စီသည် ပြည်သူ့လွှတ်တော် အစည်းအဝေးတစ်ခုနှင့် တစ်ခုအကြားတွင် ပုဒ်မ ၇၄- ပါ ကိစ္စများမှအပ၊ အခြားကိစ္စများအတွက် လိုအပ်လျှင် ဥပဒေကဲ့သို့အာဏာ တည်သောအမိန့်များ (Ordinances) ကို ပြဋ္ဌာန်းနိုင်ခွင့် ရှိသည်။ ယင်းအမိန့်များကို ရက်ပေါင်း ကိုးဆယ်အတွင်း ကျင်းပသော အနီးကပ်ဆုံး ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။ ယင်းအမိန့်များကို ထုတ်ပြန်ပြီးနောက် ရက်ပေါင်း ကိုးဆယ် အတွင်း ပြည်သူ့လွှတ်တော်အစည်းအဝေး ကျင်းပရန်မရှိလျှင် ပြည်သူ့လွှတ်တော်အရေးပေါ် အစည်းအဝေးကို ခေါ်ယူကျင်းပ၍ အတည်ပြုချက်ရယူရမည်။ ပြည်သူ့လွှတ်တော်၏ အတည်ပြုချက် မရှိလျှင် ယင်းအမိန့်သည် အတည်မပြုသည့်နေ့မှစ၍ အာဏာတည်ခြင်းမှ ရပ်စဲရမည်”ဟူ၍ ပြဋ္ဌာန်း ကျင့်သုံးခဲ့သည်ကို တွေ့ရသည်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် နိုင်ငံတော်အာဏာကိုသိမ်းယူပြီးနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (ငြိမ်ပိ) ကို စစ်ခေါင်းဆောင်များက ဖွဲ့စည်းခဲ့ကြသည်။ ထိုနေ့မှာပင် ငြိမ်ပိအဖွဲ့ သည် အမိန့်အမှတ်- ၂/၈၈ ကို ထုတ်ပြန်ကြေညာခဲ့ပြီး၊ အပိုဒ် ၁(က) ၌ “ည ၂၀ ဝ၀နာရီအချိန်မှ နံနက် ဝ၄ ဝ၀နာရီအချိန်အထိ မည်သူမဆို အမိန့်တစ်စုံတစ်ရာမရှိဘဲ လမ်းများပေါ်သို့ ထွက်ရောက်သွားလာမှု မရှိစေရ။”ဟု အမိန့်တစ်ရပ်ကိုထုတ်ပြန်ခဲ့သည်။ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ပါလီမန်က ပြဋ္ဌာန်းထားသောဥပဒေများ၊ နည်းဥပဒေများကို မထိခိုက်စေဘဲ၊ သက်ဆိုင်ရာဒေသအတွက် လိုအပ်သော အမိန့်များ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကို လိုအပ်သလို (အကန့်အသတ်ဖြင့်) ထုတ်ပြန်နိုင် ခွင့်များရှိကြပေသည်။ ဥပမာအားဖြင့် ဒေသတခုအတွင်း ရပ်ရွာအေးချမ်းသာယာရေးအတွက် လိုအပ်ပါက ညမထွက်ရအမိန့် အစရှိသည့် အုပ်ချုပ်ရေးဆိုင်ရာ အမိန့်တို့ကို အုပ်ချုပ်ရေးအာဏာပိုင်မှ အရေးပေါ်လိုအပ် ချက်အရ ထုတ်ပြန်နိုင်ပြီး၊ ၎င်းတို့သည် ဥပဒေကဲ့သို့စည်းနှောင်အားရှိပေသည်။