မာတိကာသို့ ခုန်သွားရန်

ဥပစာစကား

ဝီကီပီးဒီးယား မှ

စကားပြောရာ၌လည်းကောင်း၊ စာရေးသားရာ၌လည်းကောင်း အနက်အဓိပ္ပာယ် ထင်ရှား စေရန် တင်စား၍ ပြောဆိုရေးသား ထားသော စကားကို ဥပစာ စကားဟုခေါ်သည်။ ခိုင်းနှိုင်းပြော ဆိုသော စကား၌ နှိုင်းချက်ရှိရသည့်အတူ တင်စားပြောဆိုသော စကား၌လည်း တင်စားချက်ရှိရသည်။ တင်စားချက် ရှိသော စကားကိုမှ တင်စားစကား၊ ဥပစာစကားဟု ဆိုထိုက်သည်။ တင်စားခြင်းဆိုသည်မှာ စကားတစ်ခုကို ဝေါဟာရ ပြောရိုး အနက်မှန်၌ မပြောဘဲ အနက်မှန်မဟုတ်သော တစ်ပါးအနက်၌ ပြောဆိုခြင်းမျိုးဖြစ်သည်။

သဒ္ဒသာရတ္ထဇာတိနီကျမ်း၌ ဥပစာစကား ဆယ်ပါးရှိ သည်ဟု ပြသည်။ ယင်းတို့မှာ-

  1. ကာရဏုပစာ
  2. ဖလူပစာ
  3. သဒိသူပစာ
  4. ဌာနူပစာ
  5. ဌာနျူပစာ
  6. ဂုဏူပစာ
  7. ဧကဒေသူပစာ
  8. သမီပူပစာ
  9. တဒ္ဓမ္မူပစာ
  10. ဘေဒူပစာတို့ ဖြစ်ကြသည်။

(၁) ကာရဏုပစာ

[ပြင်ဆင်ရန်]

၁. ကာရဏုပစာ ဟူသည်မှာ ပါဠိစကားဖြစ်၍ မြန်မာဘာသာနှင့်ဆိုမူ အကြောင်းပြော အကျိုး ကောက် ဥပစာ ဖြစ်သည်။ ဝါကျ၌ အကြောင်းအမည်ကိုသာ ပြောဆိုသော်လည်း ထိုအကြောင်းနှင့် မကင်းရာ ဖြစ်သော အကျိုးအမည်ကို ကောက်ယူရန် တင်စား ပြောဆိုရေးသားသော စကားမျိုး ဖြစ်သည်။ ပုံစံကား နှုတ်ချို၊ သျှိုတစ်ပါးဟူသော စကားမျိုး ဖြစ်သည်။ ဤဝါကျ၌ အသား အရေဖြစ်သော နှုတ်ခမ်းအနက်ကို မဆိုလို၊ နှုတ်ခမ်းဖြင့်ပြော သော စကားကိုသာ ဆိုလိုသည်။ နှုတ်ကား စကားသံကို ဖြစ်စေသော အကြောင်းဝတ္ထု၊ စကားသံကား အကျိုးဝတ္ထု၊ နှုတ်နှင့်စကားသံတို့သည် အကြောင်းအကျိုး အားဖြင့် တစ်ခုနှင့် တစ်ခု မကင်းရာ မကင်းကြောင်း ဖြစ်ကြသည်။ ဤဝါကျ၌ အကြောင်းဖြစ်သော နှုတ်သဒ္ဓါကို အကျိုး ဖြစ်သော စကား အနက်၌ သုံးသောကြောင့် နှုတ်ချို သျှိုတစ်ပါး ဟူသောစကား သည် ဥပစာစကားဖြစ်သည်။

(၂)ဖလူပစာ-

[ပြင်ဆင်ရန်]

ပါဠိဘာသာဖြင့် ဖလူပစာ ခေါ်သောဥပစာ စကားကို မြန်မာ ဘာသာဖြင့် အဓိပ္ပာယ်ကောက်မူ အကျိုးပြော၊ အကြောင်း ကောက် ဥပစာဟုခေါ်ရပေမည်။ ဝါကျ၌ အကျိုးအမည်ကို သာပြောဆိုသော်လည်း ထိုအကျိုးနှင့် မကင်းရာဖြစ်သော အကြောင်းကို ကောက်ယူရန် တင်စား ပြောဆိုသော စကားမျိုး ဖြစ်သည်။ ပုံစံအားဖြင့် မခင် ထမင်းချက်သည်ဟူသော ဝါကျ၌ မခင်သည် ထမင်းကို ချက်သည်မဟုတ်၊ ထမင်း ဖြစ်စေရန် ဆန်ကိုချက်ခြင်းဖြစ်သည်။ ဆန်ကားအကြောင်း၊ ထမင်းကာ အကျိုးဖြစ်သည်။ အထက်ပါ ဝါကျ၌ အကျိုး ဖြစ်သောထမင်း သဒ္ဒါပါသော်လည်း အနက်ကောက်ရာ၌ ထမင်းကိုဖြစ်စေသော အကြောင်း ဖြစ်သည့် ဆန်ကိုချက် ခြင်းကိုသာ ဆိုလိုခြင်းဖြစ်သည်။ ထိုကြောင့် ထမင်းသဒ္ဒါသည် ဤဝါကျ၌ အကျိုးပြော အကြောင်းကောက် ဥပမာစကား ဖြစ်သည့် ဖလူပစာမည်၏။

(၃)သဒိသူပစာ-

[ပြင်ဆင်ရန်]

သဒိသူပစာသည် ပါဠိဘာသာဖြင့် ခေါ်သော ဥပစာစကား တစ်မျိုး ဖြစ်၍ မြန်မာဘာသာ ဖြင့် ဆိုရမူ အနှိုင်းပြော အနှိုင်းခံကောက် ဥပစာဖြစ်သည်။ ဝါကျ၌ အနှိုင်းစကား ကိုသာ ဖော်ပြ၍ ယင်းအနှိုင်းအမည်ကို အနှိုင်းခံအနက်၌ တင်စားပြောဆိုသော စကားမျိုးဖြစ်သည်။ ပုံစံအားဖြင့် သုံးခွင်လုံး မကိုဋ်၊ သုံးတိုက်လုံးမှန်ကူ၊ ကြွတော်မူ ပါရော့ဟူသော ဝါကျ၌ မကိုဋ်၊ မှန်ကူတို့ ကြွတော်မူ ခြင်းမဟုတ် သုံးလောက၏ အထွတ်အထိပ် မကိုဋ်မှန်ကူ နှင့်တူသော မြတ်စွာဘုရား ကြွတော်မူသည်ကိုသာ ဆိုလိုရင်း ဖြစ်သည်။ မကိုဋ်မှန်ကူကား အနှိုင်းစကား၊ အနှိုင်းဝတ္ထု၊ မြတ်စွာဘုရားကား အနှိုင်းခံစကား၊ အနှိုင်းခံဝတ္ထု ဖြစ်သည်။ အထက်ပါဝါကျ၌ အနှိုင်းခံဝတ္ထုမပါဘဲ၊ အနှိုင်းဝတ္ထုကိုသာ ထုတ်ဖော်ပြောဆိုသော်လည်း အနှိုင်း ဝတ္ထုဖြစ်သော မကိုဋ်၊ မှန်ကူကို မြတ်စွာဘုရားကိုယ်စား တင်စားနှိုင်းဆိုပြခြင်း ဖြစ်သဖြင့် အနှိုင်းခံဝတ္ထုကိုသာ အဓိပ္ပာယ်ကောက်ယူရသော ကြောင့် အနှိုင်းပြော အနှိုင်းခံကောက် ဥပစာစကား (ဝါ) သဒိသူပစာ မည်၏။

(၄) ဌာနူပစာ-

[ပြင်ဆင်ရန်]

တည်ရာအမည်ကိုသာ ဖော်ပြထားသော်လည်း တည်သူကို ကောက်ယူရသော တင်စား စကားမျိုးကို ဌာနူပစာဟုခေါ်သည်။ မြန်မာအခေါ်ဖြင့်ဟူမူ တည်ရာပြော တည်ရာကောက် ဥပစာဟုဆိုရ ပေမည်။ ပုံစံအားဖြင့် ကန်တော်မင်းကျောင်း၊ မေတ္တာလောင်းပိမ့်ဟူသော စကား၌ တည်ရာဖြစ်သော ကန်တော်မင်းကျောင်းကို ဖော်ပြထားသော်လည်း အဝိညာဏက အသက်မရှိသောကျောင်းက မေတ္တာလောင်းသည်ဟု ဆိုလို သည်မဟုတ်၊ ထိုကျောင်းနေ ဘုန်းတော်ကြီးက မေတ္တာလောင်း သည်ကို တည်ရာဖြစ်သော ကျောင်း၌ တင်စားဆိုခြင်းသာ ဖြစ်သည်။ ဤတည်ရာကို ပြောသော်လည်း တည်သူကို ကောက်ယူရသော ကြောင့် ယင်းစကားကို တည်ရာပြော၊ တည်သူကောက်ဥပစာ(ဝါ) ဌာနူပစာဟု ခေါ်သည်။ ယင်းကို ထွက်ရပ် ပြော ထွက်ရာကောက်ဥပစာဟုလည်း ခေါ်သည်။ ပုံစံအားဖြင့် ဘန်ကောက်ကို လူကြိုက်များသည်ဟူသော စကား၌ ဘန်ကောက်မြို့ကို လူကြိုက်သည်ဟု ဆိုလိုသည် မဟုတ်၊ ဘန်ကောက်မြို့မှ ထွက်သော ပိုးပုဆိုးကို လူကြိုက် များသည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ဤ၌ ထွက်ရပ်ကို ပြော သော်လည်း ထွက်ရာဝတ္ထုကို ကောက်ရသော စကားမျိုးသာ ဖြစ်သည်။

(၅) ဌာနျူပစာ-

[ပြင်ဆင်ရန်]

ဌာနျူပစာဟူသည်မှာ တည်ရာအနက်ကို ကောက်ရန် တည်သူ အမည်သာ ဖော်ပြထားသော တင်စားစကားမျိုးဖြစ်သည်။ မြန်မာအခေါ်ဖြင့် ဟူမူ တည်သူပြော တည်ရာကောက် ဥပစာဟုဆိုရပေမည်။ ပုံစံအားဖြင့် စူဠဏီ ဗြဟ္မဒတ်မင်းသည် ထင်းရေမဝင်ရအောင် ပိတ်လေသည်။ဆိုရာ၌ ထင်းကို ထမ်း လာသူ ရေကို ထမ်းလာသူတို့ မဝင်ရအောင် ပိတ်သည်ဟု ဆိုလိုခြင်းသာ ဖြစ်သည်။ ထင်း၏တည်ရာ ထင်းထမ်းလာ သူကို ဆိုလိုလျက်၊ ရေ၏တည်ရာ ရေထမ်းလာသူ ဆိုလိုလျက် တည်သူ ထင်းနှင့်ရေကိုသာ ဤ၌ ပြောဆိုခြင်းမှာ ဌာနျူပစထာ စကားဖြစ်သည်။ တည်သူပြောလျက် တည်ရာကို ကောက်ရ သော ဥပစာစကားဟူ လိုသည်။

(၆) ဂုဏူပစာ-

[ပြင်ဆင်ရန်]

ဝတ္ထုဒြပ် တစ်ခုခုကို ပြောလိုသည့်အခါ ယင်းဝတ္ထု၏ ဂုဏ်ဒြပ်ကိုသာပြော၍ ထိုဂုဏ်၏ ဝတ္ထုဒြပ်ကို ကောက်ယူ ရသောစကားကို ဂုဏ်ပြော ဒြပ်ကောက် ဥပစာ၊ သို့မဟုတ် ဂုဏူပစာဟု ခေါ် သည်။ ပုံစံအားဖြင့် ပေါ်နွေလလျှင် ချီရတု တွင် စိန်းဝါမိုးပန်း၊ ထွေထွေစွန်းက၊ ရေသွန်းသာကြည်၊ ပျော်ရမည်ကို ဆိုရာတွင် စိမ်း၊ ဝါသဒ္ဒါသည် စိမ်းဝါသော အဆင်းတည်းဟူသောဂုဏ်ကို အကြောင်းပဝတ္တ နိမိတ်ပြု၍ ပန်းဒြပ်ကို ဟောသောကြောင့် ဂုဏူပစာဖြစ်သည်။ သို့ရာတွင် အကယ်စိမ်း အကယ်ဝါသော ဝတ္ထုပစ္စည်းကို စိမ်းသည် ဝါသည်ဟု ဆိုခြင်းသည် တင်စား ဆိုခြင်းမဟုတ်၊ အနက်မှန်စကားသာ ဖြစ်သည်။ ထိုကြောင့် ဥပစာစကားဟု ယူခြင်းသည် မသင့်လျော်ဟု အချို့ပညာရှင်များက ကောက်ချက် ချကြသည်။

(၇) ဧကဒေသူပစာ-

[ပြင်ဆင်ရန်]

ဧကဒေသူပစာ ဟူသည်မှာ အပေါင်းဖြစ်သော ဒြပ်၏အမည်ကို အစိတ်ဖြစ်သော ဒြပ်၌ တင်စားခေါ်ဝေါ်ခြင်း ဖြစ်သည်။ ဝါကျ တစ်ခု၌ အစုအပေါင်းအမည်ကို ဖော်ပြပြောဆိုထားသော်လည်း ပြောသည့်အတိုင်း အပေါင်းကို ကောက်ယူရသည် မဟုတ်ပဲ အစိတ်အပိုင်းကိုသာ အဓိပ္ပာယ် ကောက်ယူ ရသော အပေါင်း ပြော အစိတ်ကောက် ဥပစာမျိုး ဖြစ်သည်။ ပုံစံအားဖြင့် ဟိမဝန္တတောင်ကို ကျွန်ုပ် မြင်သည်ဆိုရာ၌ ဟိမန္တာတောင် ဟူသည် အလွန်ကြီးမား ကျယ်ပြန့်သဖြင့် တစ်တောင်လုံးကို မြင်နိုင်စွမ်းသည်မဟုတ်၊ တစ်စိတ်တစ်ဒေသကိုသာ မြင်ခြင်း ဖြစ်သည်။ သို့ရာတွင် တစ်တောင်လုံးကို တင်စား၍ ဆိုထား သဖြင့် ဤ၌ အပေါင်းကိုပြောသော်လည်း တစ်စိတ်တစ်ပိုင်းကို မြင်ရသည်ဟု အနက်ကောက်ရသည်။

(၈) သမီပူပစာ-

[ပြင်ဆင်ရန်]

ဆိုလိုသောအရာဝတ္ထုဒေသစသည်တို့၌ အနီးရှိသော ထင်ရှားရာ အရာဝတ္ထုဒေသ စသည် ကို ဖော်ပြပြောဆိုသော်လည်း ယင်း ထင်ရှားရာကို တိုက်ရိုက်ယူရသည်မဟုတ်၊ ယင်း၏ အနီး၌ ရှိသော အရာ ဝတ္ထုဒေသစသည်ကိုသာယူရန် တင်စားပြောဆို သော ဥပစာစကားကို သမီပူပစာဟု ပါဠိဘာသာဖြင့်ခေါ်သည်။ မြန်မာဘာသာဖြင့် အတိုဆိုရမူ ထင်ရှားရာပြော နီးရာ ကောက် ဥပစာဟု ဖြစ်သည်။ အချို့ကလည်း အနီးပြော တည်ရာကောက် ဥပစာဟု ခေါ်ကြသည်။ ပုံစံအားဖြင့် ရွှေကျင်မြို့၌ ဆေးစိုက်သည် ဆိုရာတွင် ရွှေကျင်မြို့တွင်း၌ ဆေးစိုက်ရိုး မဟုတ်သောကြောင့် ယင်းမြို့အနီးဝန်းကျင်၌ စိုက်သည်ဟု အနက် ကောက်ရသည်။ ထိုကြောင့် ရွှေကျင် မြို့သဒ္ဒါသည် ထင်ရှားရာပြော နီးရာကောက် ဥပစာစကား ဖြစ်သည်။

(၉) တဒ္ဓမ္မူပစာ

[ပြင်ဆင်ရန်]

တကယ်ဟုတ်၊ တကယ်ရှိ၊ တကယ်ဖြစ်သောအရာကို တကယ် မဟုတ်၊ တကယ်မရှိ၊ တကယ်မဖြစ်သောအရာ၌ တင်စား၍ ဟုတ်လေဟန်၊ ရှိလေဟန် ပြောသည်ကို မဟုတ်၊ မရှိ၊ မဖြစ်ဟု အနက်ကောက်ရသော ဥပစာစကားမျိုးကို တဒ္ဓမ္မူပစာဟု ပါဠိ ဘာသာဖြင့် ခေါ်သည်။ မြန်မာလို အကျဉ်းဆိုမူ ဟုတ်ဟန် ပြော၊ မဟုတ်ကောက်ဥပစာ၊ သို့မဟုတ် အရှိပြော မရှိ ကောက် ဥပစာဟုခေါ်သည်။ ပုံစံ အားဖြင့် ယုန်ချို၊ လိပ်မွေး၊ ပုစွန်သွေး ပါသောဆေးကို စားလျှင် သင့်ရောဂါ ပျောက်လိမ့်မည် ဟူသော စကား၌ ဆိတ်နွားတို့၌ ဦးချိုရှိ သဖြင့် ယုန်၌လည်း ဦးချိုရှိလေဟန်ဆိုသော်လည်း ယုန်၌ ဦးချိုမရှိသည့် အနက်ကိုသာ ကောက်ယူရသောကြောင့် ယင်းစကားကို ဟုတ်ဟန်ပြော၊ မဟုတ်ကောက်၊ သို့မဟုတ် အရှိပြော မရှိကောက်ဥပစာ (ဝါ)တဒ္ဓမ္မူပစာဟုခေါ်သည်။ လိပ်မွေး၊ ပုစွန်သွေးဟူသော စကားများသည်လည်း ထိုနည်း အတိုင်ပင်ဖြစ်သည်။ လိပ်တွင် အမွေးမရှိသည်ကို ရှိသကဲ့ သို့လည်းကောင်း၊ ပုစွန်တွင် သွေးမရှိ သည်ကို ရှိသကဲ့ သို့လည်းကောင်း တင်စားဖော်ပြထားခြင်းဖြစ်သဖြင့် တဒ္ဓမ္မူပစာ စကားများပင် ဖြစ်သည်။

(၁ဝ) ဘေဒူပစာ-

[ပြင်ဆင်ရန်]

ပါဠိ၌ ဘေဒူပစာကို အဘေဒဘေဒူပစာဟုလည်း ခေါ်သည်။ မကွဲပြားသော အရာဝတ္ထု ကို ကွဲပြားလေဟန် ပြောသောလည်း ကွဲပြားခြင်း မရှိဟု သိရ၊ အနက်ကောက်ရသော စကားမျိုး ဖြစ်သည်။ မြန်မာလို အတိုဆိုရသော် ကွဲဟန်ပြော မကွဲ ကောက်(ဝါ) အကွဲပြော မကွဲကောက် ဥပစာဟု ဆိုရ ပေမည်။ ပုံစံအားဖြင့် ငါ၏ကိုယ်ဟူသောစကား၌ ငါဟူသည် တစ်ဦး၊ ကိုယ်ဟူသည် တစ်ဦးကဲ့သို့ ကွဲပြား လေဟန် ဖြစ်သော်လည်း ငါသည်လည်းကိုယ်၊ ကိုယ်သည်လည်း ငါပင်ဖြစ်သောကြောင့် ကွဲပြားခြင်း မရှိဟု သိရ အဓိပ္ပာယ် ရသည်။ ဤသို့ မကွဲပြားသည်ကို ကွဲပြားသကဲ့သို့ ပြောခြင်း သည် ကွဲဟန်ပြော မကွဲကောက် (ဝါ) ဘေဒူပစာမည်သည်။ အထက်ပါ ဥပစာစကား ဆယ်ပါးသည် ယေဘုယျအားဖြင့် အများသိနေကြသော ဥပစာများ ဖြစ်ကြသည်။ သို့ရာတွင် ပုဒ်စစ်ကျမ်း၌ ဂုဏူပစာကို ထည့်၍မဆို၊ သမုဒါယူပစာကိုသာ ထည့်၍ ဥပစာ ဆယ်ပါးပြသည်။

သမုဒါယူပစာ ဆိုသည်မှာ အပေါင်း အဓိပ္ပာယ် ကောက်ယူ စေလို၍ အစိတ်ကိုပြောသော ဥပစာစကားမျိုး ပြောသောစကား ဖြစ်သည်။ ပုံစံအားဖြင့် ရောင်နောက် ဆံထုံးပါ ဟူသော စကား၌ ရောင်ကား ယောက်ျား တစ်ကိုယ်လုံး အစိတ်အပိုင်း တစ်ခုသာ ဖြစ်သကဲ့သို့ ဆံထုံးသည်လည်း မိန်းမတစ်ကိုယ်လုံး ၏ အစိတ်အပိုင်း သာ ဖြစ်သော်လည်း အနက်အဓိပ္ပာယ် အားဖြင့် ယောက်ျားနောက် မိန်းမပါရသည်ဟု ပေါင်း၍ ကောက်ယူရ ခြင်းမျိုး ဖြစ်သည်။

မောဂ္ဂလာနနိပဉ္စိကာကျမ်း၌ အထက်ပါ ဥပစာ ဆယ်ပါး အပြင် ဥပမေယူပစာ၊ တဗ္ဗဟုလ္လူပစာ၊ သမ္ဗန္ဓူပစာ ဟူ၍ ဥပစာ သုံးပါးပါထည့်၍ ဥပစာ ၁၃ ပါးဟု ပြသည်။ ယင်း ၁၃ ပါးသည် ပါဠိဘာသာ စကား၌ တင်စား ပြောဆိုပုံ ဖြစ်သည်။

ဥပမေယူပစာသည် အနှိုင်းခံကို အနှိုင်းနှင့်ထပ်တူပြု၍ တင်စားကာ ဆိုသော စကားမျိုး ဖြစ်သည်။ ပုံစံအားဖြင့် ဒေါသမြွေဟောက်၊ ပြင်းဆိပ်တောက်ဟူသောစကားမျိုး ဖြစ်သည်။ ဒေါသအမျက်၏ ပြင်းထန်ခြင်း၊ သတ်ည|င်းဆဲ တတ်ခြင်းကို မြွေဟောက်၏ အဆိပ်ထန်ခြင်း၊ သတ်ည|င်းဆဲ တတ်ခြင်းနှင့် ထပ်တူ အနှိုင်းပြု၍ တင်စားပြောဆိုထားခြင်း ဖြစ်သည်။

တဗ္ဗဟုလ္လူပစာ ဟူသည်မှာ များရာကို ပြောသော်လည်း တစ်ပါးအရာတို့လည်း အနည်းငယ်ပါဝင်သေး သည်ဟု ကောက်ယူရသောများရာပြော အနည်းပါကောက် ဥပစာ စကားမျိုးဖြစ်သည်။ ပုံစံအားဖြင့် အစိုးရက ရှားတောကို ကြိုးဝိုင်းထားသောကြောင့် ရွာသားတို့ ရှားမချက်နိုင်ဟူသော စကား၌ ရှားတော ဆိုသော်လည်း ရှားပင်ချည့် ရှိသည် မဟုတ်၊ အခြားအပင်မျိုး အနည်းငယ်လည်း ပါဝင်သေးသည်ဟု သိအပ် ကောက်ယူအပ် သကဲ့သို့ ဖြစ်သည်။ များရာကို စွဲ၍ ပြောဆိုသော ဥပစာစကားမျိုးဖြစ်သည်။ သဗ္ဗန္ဓူပစာမူကား ပါဠိ ဘာသာ စကား၌သာ သုံးလေ့ရှိ၍ မြန်မာဥပစာမဟုတ်ဟူ၍ မြန်မာစာတွင် ပယ်ထားသည်။

ဥပစာဆိုနည်းသည် စကားကို ခြုံဆိုသောနည်းဖြစ်သော ကြောင့် စကားကျဉ်းခြင်း၊ ကျုံ့ခြင်း အကျိုးရှိ၏။ စာစီကုံးနည်း တို့တွင် စကားကျုံ့စီကုံးနည်း တစ်မျိုးပင် ဖြစ်၏။ ဖြစ်ရိုး ဖြစ်စဉ်အတိုင်း ဖြောင့်ဖြောင့်ပြောဆိုသော စကားမျိုးမဟုတ်၊ ဆန်ကျင့်သော စကားမျိုး ဖြစ်သော်လည်း ဖြစ်ရိုးဆန့်ကျင် အဖြစ် ဖြစ်သည့် ဝိရောဓိ ဒေါသမှ ကင်းလွတ်သည့်အပြင် တင်စားဆိုနည်း ဖြစ်သောကြောင့် သမာဓိဂုဏ်မြောက်သည်ဟု အလင်္ကာ ကျမ်းဆရာတို့ မိန့်ဆိုကြသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)