ဥက္ကာပျံ (ရခိုင်စာဆိုတော်)

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ဥက္ကာပျံ၊ ရခိုင်စာဆိုကြီး (မြန်မာ ၉၂ဝ ခန့်-၉၈ဝ ခန့်)[ပြင်ဆင်ရန်]

ဥက္ကာပျံသည် သက္ကရာဇ် ၉၅ဝ ကျော်ခေတ်တွင် မြန်မာနိုင်ငံဘက်၌ လည်း ကောင်း၊ ရခိုင်ပြည်ဘက်၌လည်းကောင်း ကျော်စောထင်ရှား သော ရခိုင်စာဆိုကြီးဖြစ်သည်။

ဥက္ကာပျံကို ဦးကာဗျာန်ဟူ၍လည်းကောင်း၊ ဥဂ္ဂါပျံ ဟူ၍လည်းကောင်း၊ စိန်တင်ရွာကိုစားရသောကြောင့် စိန်တင် ရွာစားဟူ၍လည်းကောင်း ခေါ်ဝေါ်ရေးသားကြသည်။ သက္ကရာဇ် ၉၅၅ ခုနှစ်တွင် ဓညဝတီ ရခိုင်ပြည်နယ်၌ မင်းရာဇာနန်းတက်တော်မူသောအခါ ထိုမင်း၏သားတာ် အိမ်ရှေ့ မင်း မင်းခမောင်းထံ အကြီးတော်အဖြစ် ခစားထမ်းရွက်ရသည်။ ၉၅၉ ခုနှစ်တွင် တောင်ငူမင်း မင်းရဲကျော်ထင်သည် ဟံသာဝတီ ငါးဆူဒါယကာဘုရင်နှင့် မသင့်သဖြင့် ဟံသာဝတီ ကိုတိုက်ရန် မင်းရာဇာကြီးထံ စစ်ကူတောင်းရာ၊ အိမ်ရှေ့ ဥပရာဇာ မင်းခမောင်းသည် ဟံသာဝတီသို့ စစ်ချီရသည်။ ထို အခါ အကြီးတော်ဥက္ကာပျံသည် မင်းခမောင်းနှင့် ပါရလေသည်။ မင်းခမောင်းသည် ဟံသာဝတီကို ရံ၍လည်းကောင်း၊ တစ်ဖန် အောင်တော်မူပြီးနောက် စံ၍လည်းကောင်း လေးနှစ်ခန့် နေ တော်မူရာ၊ ဥက္ကာပျံလည်း အတူလိုက်နေရသည်။ ဤသို့ဖြင့် ဥက္ကာပျံသည် ဟံသာဝတီတွင် အနေများရကား သူ၏ရတုများ သည် မြောက်ဦးမြို့တော်သို့ ရည်ရော်လွမ်းဆွတ်သော အခြင်းအရာတို့ဖြင့် ပြည့်လျှံနေသည်ကို တွေ့ရသည်။ မြောက်ဦးတွင် ကျန်ခဲ့သော မင်းသမီးတစ်ပါးက အိမ်ရှေစံ မင်းခမောင်း နူးညွတ် တိမ်းယိမ်းလာစေရန် မြို့၏ သာယာတင့်တယ်ပုံကို လျှောက်ထားလေဟန် ကဗျာ့ပရိယာယ်သုံး၍ ကျေးစေရတု၊ ၁၂ ရာသီရတုတို့ကို ဖွဲ့ဆိုခြင်းအားဖြင့် နေပြည်တော်မြောက်ဦးမြို့ကို လွမ်းဆွတ်ကြောင်းပြခဲ့သည်။

ရတုလည်း တပေါင်းကုန်၊ အတာအစွန်း၊ တန်ခူးဆန်းသော် အလွန်မေ့ဝယ်ယူခဲ့၊ ခုတူစုံမဖူးသာ ဟံသာဝတီ၊ တိုင်းမြေသူခန်းဝါက နီ ဖြူ ကာ ပန်းမျိုးစုံ ဆက်စာရက်ထောက်၊ ခြင်းကောက်လှမျိုးစုံက ထက်ရပ်ဘုံလျှံဝါပြီ ပစ္စုန်ကျလှာ၊ သို့ချိန်ခါကို လွမ်းတော် မမူသိလော့၊ ဟု ဟံသာဝတီတွင် မင်းခမောင်းထံတင်ဆက်သော တစ်ဆယ့်နှစ်ရာသီရတု၌ စပ်ဆိုခဲ့သည်ကိုထောက်၍ သိနိုင်သည်။ ဥက္ကာပျံသည်သင်္ကြန်အခါတွင် ဟံသာဝတီနေပြည်တော် အနောက်ဘက်ရှိ ပဲခူးချောင်းသစ်ကိုကြည့်၍ မြောက်ဦး ရွှေမြို့ တော်တောင်ဘက်ရှိ တန်ခူးလ သင်္ကြန်အခါတွင် ရွှေနန်းသူတို့ ရေကစားရာ သိင်္ဃနဒီချောင်းကို သတိရဟန်တူသည်။ ထို့ကြောင့်လျှင် ဒဒရက္ခမှန်ဖူး၊ မြောက်ဦးရွှေပြည်သာ၌ များစွာသည် ရွှေလှေပေါင်း သိင်္ဃနဒီ၊ နန်းတောင်ဆီဝယ် ရွှေလှေမင်းဆိတ် ချောင်း၌ တသောင်းသောင်းပျော်စည်တွင် တူစုံရှုကြည့်ချင်သည် သင်္ကြန်အခါတည့်လေဒဒ ဟုဖွဲ့ဆိုခဲ့လေသည်၊ ဥက္ကာပျံသည် ရခိုင်ဘက်၌ခင်းကျင်းကြသော ပျော်ပွဲရွှင်ပွဲများကိုသာ သတိရသည်မဟုတ်၊ မြန်မာတစ်နိုင်ငံလုံး ၏ အသက်သခင် လယ်သမားတို့ကိုလည်း သတိရလေသည်။ ထိုနေရာ၌ အင်းဝစာဆိုတော်ဝန်ကြီးပဒေသရာဇာနှင့် တူသည်ဟု ဆိုရပေမည်။ မိုးဦးကျ၍ စိုက်ချိန်ပျိုးချိန်ကျသောအခါ ထွန်တုံး ထွန်သံ ကျွဲနွားတို့ပြင်ဆင်ကြဟန်ကို ဒဒနတ်သားပဇ္ဇုန်၊ ကမြူးခုန်သည် ကဆုန်လွန်၊ ပေါ်ဆန်းပြံနံယုံလ သမုတ်ရေရင်၊ တောင်လေတင်၍ ကောင်းကင်မှိုင်းဝီမျှတည်း။ သွန်ဆင်းကျ၊ ရွာပြန်လှာ သောင်းဇမ္ဗူဝယ်၊ ရှင်လူမျိုးလေးဖြာတို့ ထွန်သွားရှာ ကျွဲနွားတတ် လယ်ချောင်းတောတောင် လုပ်ဆောင်မျိုးချလတ်က ဆွတ်ဆွတ်ပူလောင်ဝေဒဒ ဟူ၍ဖွဲ့ဆိုခဲ့လေသည်။ သက္ကရာဇ် ၉၆၇ ခုနှစ်တွင် အိမ်ရှေ့ဥပရာဇာ မင်းခ မောင်းသည် မသူတော်တို့၏ ဖြားယောင်းသွေးဆောင်မှုကို နား ညွှတ်တော်မူ၍ ခမည်းတော်ဖြစ်သော မင်းရာဇာကြီးကို ပုန်ကန် သောင်းကျန်းသည်။ သို့ရာတွင် ဗိုလ်ပါကျေးကျွန်တို့၏ လုပ် ရည်ကြံရည်ကြောင့် မင်းခမောင်းကို မကြာမတင် ဖမ်းဆီးရမိ သည်။ ထိုအခါ အကြီးတော်ဖြစ်သော စိန်တင်ရွာစား ဥက္ကာပျံ ကိုလည်း ဥက္ကာပျံမှာ သားတော်ကို အထိန်းအကြီးထားသူဖြစ် လျက် နိုင်အောင်မဆုံးမ၊ ပျော်ရွှင်မှုကိုသာလေ့သူ၊ မင်းမသုံးအပ်၊ လက်ကိုဖြတ်၍ မဟာမြတ်မုနိဘုရားမှာ လှူတော်မူသည် ဟု ဓညဝတီ အရေးတော်ပုံကျမ်းတွင်ပါရှိသည်။ သို့ရာတွင် ၉၇၁ ခုနှစ်တွင် အင်းဝဘုရင် အနောက်ဘက်လွန်မင်းတရားကြီးက လက်ဆောင်ပဏ္ဏာများဖြင့် မိတ်ဆက် သံတမန်စေလွှတ် ရောက်လတ်သော် မင်းရာဇာကြီးကလည်း ဥက္ကာပျံကို ရာဇသင်္ကြန်အမည်ဖြင့် သံတမန်အဖြစ်ခန့်၍ ထိုနှစ် နတ်တော်လ ဆန်း ၅ ရက် အင်္ဂါနေ့တွင် သံဖက်၍ ထည့်တော်မူလိုက် ကြောင်းနှင့် ရာဇဝင်များတွင်ပါရှိရာ မင်းမသုံးအပ်ဟူ၍ လက်ကို ဖြတ်လှူသည်ဆိုသော အချက်သည် မဟုတ်တန်ရာဟု ယူဆ ရသည်။

အင်းဝသို့ ဥက္ကာပျံရောက်လျှင် မြန်မာမှူးမတ်တို့နှင့် နှီးနှောတိုင်ပင်ပြောဆိုပြီးနောက် အတန်ကြာလျှင် မြန်မာတို့က ဥက္ကာပျံ၏သတ္တိဗလကို သိလိုသောကြောင့် ထောင်သင်းမှူး အမတ်ကြီးအား အဖြည့်ခံရတုစပ်ဆိုခိုင်း၍ ဥက္ကာပျံအားဖြည့်စေ လေသည်။ ထောင်သင်းမှူးအမတ်ကြီးက မမျှသောင်းထောင် မလှတောင်းအောင် ချီ၍၊ တူဖတ်လွတ်လောကြာနတ်လော ဖြူညက်ထွတ်လော ပြာလတ်လော ဟုချထားသည်ကို ဥက္ကာပျံက မဆိုင်းမတွပင်လျှင်မရကြောင်းဆောင် ချီ၍ ကြူ ရွက်ဆွတ်လော ညာပတ်လော ချသည့် အဖြည့်ခံအပိုဒ်ကို စပ်ဆိုလေသည်။

ဥက္ကပျံသည် အင်းဝ၌သံအဖြစ်ဆောင်ရွက်ရန် ကိစ္စဟူသမျှတို့ကို လောက်ငှပြည့်စုံစေပြီးနောက် ရခိုင်ပြည်သို့ မပြန်မီ အထူးအထူး၊ ဥဒါန်းကျူးပိမ့် ချီဧကပိုဒ်ရတုကို ပုရပိုက် ပေါ်၌ ရေးသားစီကုံးကာ ပစ်စာအဖြစ် ထားခဲ့ကြောင်းနှင့်လည်း အမှတ်အသားတွေ့ရှိရသည်။ အမတ်ကြီးဥက္ကာပျံသည် မည်သည့်ခုနှစ်တွင် ကွယ်လွန်ကြောင်း အတိအကျမသိရသော်လည်း မင်းရာဇာကြီးလက်ထက် သက္ကရာဇ် ၉၇၂ ခုနှစ်တွင် တသောင်းနေပြောင် ချီ အရိ မေတ္တယျဘုရားဖွဲ့ ရတုပိုဒ်စုံကို စပ်ဆိုသေးရာ ထိုသက္ကရာဇ်တိုင် အမတ်ကြီးသက်ရှိထင်ရှား ရှိသေးကြောင်း သိသာသည်။ အမတ်ကြီးသည် ရတုများမှအပ အခြားလင်္ကာစာပေများရေးသားခဲ့သေးသည် ဟူ၍ကားအမှတ်အသား မရှိချေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)