အဲလ်ဘတ် ဗွန်ဆင့်​ဂျော်ဂျီ

ဝီကီပီးဒီးယား မှ
ဆင့်ဂျော်ဂျီ၊ ၁၉၁၇၊ အီတလီ

ဟန်ဂေရီနိုင်ငံသား ဇီဝဓာတုဗေဒနှင့် ဆေးပညာရှင် Albert von Szent-Györgyi Nagyrapolt သည် ခန္ဓာကိုယ်ကြွက်သားနှင့် ဇီဝဓာတုသဘာဝ လုပ်ငန်းစဉ်ကို ဖော်ထုတ်ခဲ့သည်။ ဖျူးမရစ်အက်စစ် ထုတ်လုပ်ပုံ၊ ဗီတာမင်စီဓာတ် ပြည့်ဝသည့်အပင်၊ အသီးများအကြောင်းကို အသေးစိတ်ဖော်ထုတ်ခဲ့သည်။ ယင်းဖော်ထုတ်ချက်များကြောင့် ၁၉၃၇ ခုနှစ်အတွက် ဆေးပညာရပ်ဆိုင်ရာ ထူးချွန်သူအဖြစ် နိုဘယ်လ်ဆုကို ပေးအပ်ချီးမြင့်ခံရသည်။

အဲလ်ဘတ်ဗွန်ဆင့်ဂျော်ဂျီ (အင်္ဂလိပ် : Albert von Szent-Györgyi Nagyrapolt) ကို ၁၈၉၃ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်တွင် ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့တွင် မွေးဖွားခဲ့သည်။ ၁၉၁၁ ခုနှစ်တွင် အထက်တန်းပညာရပ်များ သင်ယူပြီးသည့်အခါ ဦးလေးဖြစ်သူ၏ သုတေသနဓာတ်ခွဲခန်းတွင် ပညာသင်အဖြစ်လုပ်ကိုင်ခဲ့သည်။ ပထမကမ္ဘာစစ်ဖြစ်သည့်အခါ စစ်တပ်တွင် ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်ပွဲအတွင်း ဒဏ်ရာရ၍ ၁၉၁၇ ခုနှစ်တွင် ဘူဒါပက်စ်မြို့သို့ ပြန်လာခဲ့သည်။ ဆင့်ဂျော်ဂျီသည် ဆေးဝါးပညာရှင်များနှင့်အတူ အလုပ်လုပ်ကိုင်ခဲ့၍ ဆေးပညာဆိုင်ရာ ဗဟုသုတများစွာရရှိခဲ့သည်။ ထို့အပြင် ရူပဗေဒဘာသာရပ်များကိုလည်း နှစ်နှစ်တာမျှသင်ယူခဲ့သည်။

၁၉၂၀ ပြည့်နှစ်တွင် နယ်သာလန်နိုင်ငံ၊ လိုင်ဒန်းမြို့ရှိ ဆေးဝါးဗေဒတက္ကသိုလ်တွင် လက်ထောက်ကထိကအဖြစ်လုပ်ကိုင်ခဲ့ပြီး ၁၉၂၆ ခုနှစ်တွင် ပရိုနင်ဂျင်မြို့ရှိ ဇီဝကမ္မဗေဒသိပ္ပံသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ကင်းဘရစ်ချ်မြို့သို့ သွားရောက်ကာ ဇီဝဗေဒဓာတုပညာရှင်နှင့် နိုဘယ်လ်ဆုရှင်ဖြစ်သူ ဖရက်ဒရစ် ဂေါ်လန်း ဟော့ကင်း (Prederick Gowland Hopkins)၏ လက်အောက်တွင် အလုပ်လုပ်ကိုင်ခဲ့သည်။ ထိုအချိန်များအတွင် ဆင့်ဂျော်ဂျီသည် အမေရိကန်နိုင်ငံသို့သွားရောက်ကာ မင်နီဆိုတာပြည်နယ် ရိုချက်စတာမြို့ရှိ 'မေယို ဆေးပညာဖောင်ဒေးရှင်း' တွင်လည်းဆေးပညာရှင်အဖြစ်လုပ်ကိုင်ခဲ့သည်။ ၁၉၃၀ ပြည့်နှစ်တွင် ဇဲဂျက်တက္ကသိုလ် (University of Szeged) ၏ အော်ဂဲနစ်ဓာတုဗေဒဌာနတွင် ဌာနမှူးကြီးဖြစ်လာသည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့်အခါ ဟန်ဂေရီနိုင်ငံ၊ ဘူဒါပက်စ်မြို့သို့ ပြန်လာခဲ့ပြီး ဆေးဘက်ဆိုင်ရာဓာတုဗေဒ၏ အကြီးအကဲအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဟန်ဂေရီနိုင်ငံမှ ထွက်ခွာကာ အမေရီကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ မက်ဆာချူးဆက်ပြည်နယ် ဝုဒ်စ်ဟိုးအရပ်ရှိ ကြွက်သားဆိုင်ရာသုတေသနဌာန၏ ညွှန်ကြားရေးမှူးအဖြစ်လုပ်ကိုင်ခဲ့သည်။

ဆင့်ဂျော်ဂျီ၏ သုတေသနလုပ်ငန်းများတွင် ခန္ဓာကိုယ်ကြွက်သားများနှင့် ဇီဝဓာတုသဘာဝ လုပ်ငန်းစဉ်၊ ခန္ဓာကိုယ်အတွင်း လောင်ကျွမ်းဖြစ်စဉ်အကြောင်းပါဝင်သည်။ ထို့အပြင် အဆုတ်မှရှူသွင်းခြင်း၊ လေပြွန်ထုတ်ခြင်းနှင့် ဆဲလ်များပြုမူပုံကို သုတေသနပြုလေ့လာခဲ့သည်။ အပင်များ၏ အောက်ဆီဂျင်ထုတ်လုပ်ရန် ဓာတ်ပြုသည့်စနစ်ကို ဖော်ထုတ်ပြသခဲ့သည်။ အမေရိကန်နိုင်ငံတွင်ရှိနေစဉ် အက်စ်ကောဘစ်အက်အစ်နှင့် သဘာဝအတိုင်းတွေ့နိုင်သည့် ဖျူးရစ်အက်စစ်ထုတ်လုပ်ပုံကိုရှာဖွေဖော်ထုတ်ခဲ့ပြီး ဆေးဝါးဗေဒဆိုင်ရာ သုတေသနလုပ်ငန်းများစွာကို အောင်မြင်စွာပြုလုပ်ခဲ့သည်။ ထို့အပြင် ဗီတာမင်စီများစွာ ပါဝင်သည့်အပင်၊ အသီးမှင့် အစေ့များကိုလည်း ရှာဖွေဖော်ထုတ်ခြင်း၊ အမှုန့်ပြုလုပ်ခြင်းနှင့် စိုက်ပျိုးရေးတွင် အရေးပါသည့် ဇီဝဓာတုဆိုင်ရာပြုပြင်ခြင်းလုပ်ငန်းများစွာကိုလည်း စမ်းသပ်ပြသခဲ့သည်။

ဗွန်ဆင့်ဂျော်ဂျီ၏ ဖော်ထုတ်နိုင်ချက်များကြောင့် ၁၉၃၇ ခုနှစ်တွင် ဆေးပညာရပ်ထူးချွန်သူအဖြစ် နိုဘယ်လ်ဆု ချီးမြှင့်ခြင်းခံရသည်။ ဆင့်ဂျော်ဂျီသည် ၁၉၁၇ ခုနှစ်တွင် ဟန်ဂေရီယန်သူ Cornelia Demény နှင့် အိမ်ထောင်ပြုခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ ဝုဒ်စ်ဟိုးအရပ်တွင် အလုပ်လုပ်ကိုင်စဉ် Màrta Borbiro နှင့် ထပ်မံအိမ်ထောင်ပြုခဲ့ပြီး သမီးတစ်ဦးထွန်းကားခဲ့သည်။ ဆင့်ဂျော်ဂျီသည် နာဇီစနစ်ဆန့်ကျင်ရေးကို အထူးလုပ်ဆောင်ခဲ့သည်ဖြစ်ပြီး ဒတိယကမ္ဘာစစ်အတွင်း ဆွီဒင်နိုင်ငံသားအဖြစ် ခံယူခဲ့သည်။ သူသည် အားကစားတွင် စိတ်ဝင်စားသူဖြစ်ပြီး လှေလှော်ခြင်းနှင့် နှင်းလျှောစီးခြင်းကို အထူးနှစ်သက်သူဖြစ်သူသည်။ အဲလ်ဘတ်ဗွန်ဆင့်ဂျော်ဂျီသည် ၁၉၈၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်တွင် ကွယ်လွန်ခဲ့သည်။

ဆင့်ဂျော်ရီ၏ ရှာဖွေဖော်ထုတ်ချက် စာအုပ်စာတမ်းများ[ပြင်ဆင်ရန်]

  • Oxidation
  • Fermentation
  • Vitamins
  • Health and Disease
  • Muscular Contraction
  • The Nature of Life
  • Contraction in Body and Heart Muscle
  • Bioenergetics


ကိုးကား[ပြင်ဆင်ရန်]

သိပ္ပံနှင့်နည်းပညာဂျာနယ် အမှတ် - ၁၆၀ (ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၀၉)