အဲလ်ဘတ်ကမူး ၏ မှားတဲ့ဘက်နဲ့ မှန်တဲ့ဘက်
ဤarticle ၏ ရေးသားဟန် သို့မဟုတ် စတိုင်လ်သည် ဝီကီပီးဒီးယားနှင့် မသင့်လျော်ပါ။ ဝေဖန်ချက်များကို ဆွေးနွေးချက်များ တွင် တွေ့ရနိုင်ပါသည်။ ပိုမိုကောင်းမွန်သော ရေးသားဟန် အတွက် ဆောင်းပါးကောင်းများ ရေးသားနည်းလမ်းညွှန်ကို ကိုးကားနိုင်ပါသည်။ |
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
ဆင်လီးခွေးမျှော်
မြင့်သန်းရေးသော အယ်လ်ဘတ် ကမူး၏ Irony စာအုပ်အကြောင်း
[ပြင်ဆင်ရန်]ဤအရေးအသားမှာ အဲလ်ဘတ်ကမူး (Albert Camus) ၏ မှားတဲ့ဘက်နဲ့ မှန်တဲ့ဘက် (L'Envers et L'Endroit) အရေးအသားမှ ထုတ်နုတ်၍ ပြန်လည် တင်ပြထားခြင်းသာ ဖြစ်သည်။ ၁၉၃၅-၃၆ ခုနှစ်၊ ကမူး အသက် နှစ်ဆယ့်နှစ်နှစ်သား အရွယ်က ရေးသားခဲ့သော အရေးအသားများမှ ဖြစ်သည်။ ဝတ္ထု မဟုတ်သော အရေးအသား ဖြစ်သည်။ ကမူးသည် လူတို့၏ သဘောကို လေ့လာသူ၊ ခံစားကြည့်တတ်သူမျိုး ဖြစ်သည်။ မှားတဲ့ဘက်နဲ့ မှန်တဲ့ဘက် အတွက် ရေးသားသော သူ၏ အမှာစာတွင် ကမူးက ဤသို့ဆိုခဲ့သည်။
ဒီစာအုပ်ကလေးဟာ ကျွန်တော့်ရဲ့ အကောင်းဆုံး စာအုပ်ပဲလို့ ဘရိုင်ရင်ပရိန်းက အမြဲပြောလေ့ရှိတယ်။ သူ မှားတယ်။ သူမှားတယ်လို့ ပြောရတာက မှန်တာကို သူ ပြောတာမဟုတ်ဘူးလို့ ဆိုချင်တာ မဟုတ်ဘူး။ အနုပညာသည်တိုင်းလို လက်မခံနိုင်တဲ့ အချက်တစ်ခု ရှိတယ်။ အဲဒါက အနုပညာသည်တွေကို လူတွေက သူဘယ်သူလဲ ဆိုတာထက် သူဟာ ဘယ်သူဖြစ်ခဲ့တယ် ဆိုတာကို ပြောဖို့ အားသန်နေကြတာပဲ။ သူမှားတယ်လို့ ဆိုတာက အသက်နှစ်ဆယ့်နှစ်နှစ်သား အရွယ်မှာ ကျွန်တော့်အနေနဲ့ တော်ကောင်း တော်မယ်။ ဒါပေတဲ့ စာကို ဘယ်လိုရေးရတယ်ဆိုတာ ဘာမှကို မသိသေးတာပဲ။ ပရိန်း ဘာကိုပြောချင်တယ် ဆိုတာတော့ ကျွန်တော် သဘောပေါက်ပါတယ်။ ကျွန်တော် ရေးခဲ့သမျှအထဲမှာ ဒီအထဲမှာ ရေးခဲ့တာတွေဟာ စွဲစွဲလမ်းလမ်း၊ တမ်းတမ်းတတနဲ့ ရေးခဲ့တာတွေ အများဆုံးမို့ပဲ။
ဘာသာပြန်ရာတွင် ကျွန်တော်၏ ရည်ရွယ်ချက်တစ်ခုမှာ ကမူး၏ ကြည့်တတ်၊ မြင်တတ်မှုနှင့် ထိုအကြည့်အမြင်တို့အားလုံး ပြန်လည် သုံးသပ်မှုတို့ကို စာဖတ်သူများ မြင်စေချင်ခြင်း ဖြစ်သည်။ ထိုစာအုပ်ထဲမှာ အရေးအသားများကို သူ၏ ဝတ္ထုအရေးအသား (ဖန်တီးမှုအရေးအသား)များနှင့် ရောထွေး နားလည်မထားမိရန်ကား လိုအပ်ပါသည်။ တစ်အုပ်လုံး ဖတ်နိုင်သော် ကောင်းပါလိမ့်မည်။ ထိုစာအုပ်မျိုး (မြန်မာပြန်)ကို တစ်နေ့သော် ထုတ်ဝေချင်သူ ပေါ်လာလိမ့်မည်ဟူ၍ကား မျှော်လင့်ထားမိပါသည်။
ရှင်းလင်းပြလိုသော နောက်ဆုံးအချက်တစ်ခုမှာ အလ်ဘတ်ကမူး ဆိုသည်မှာ Albert Camus ကို ဆိုလိုခြင်း ဖြစ်သည်။ ကြိုက်သလို အသံထွက်နိုင်ကြသည်။ မြန်မာပြည်တွင် ပြင်သစ်စာတတ်များ အများကြီး ရှိသည်။ ကျုပ်က ပြင်သစ်စာမှာ ဒစ်ပလိုမာရလို့ ခင်ဗျားတို့ ရေးတဲ့ မြန်မာစာက မချောဘူးဟု ဝင်ဖြီးဖြန်းရဲသူများပင် ပေါ်ခဲ့ဖူးလေရာ ထိုထိုသော ဆရာကြီးများနှင့် ညှိနှိုင်း၍သာ အသံထွက်ကြ စေချင်ပါသည်။ ကမူးဆိုတာ တို့ရွာတောင်ပိုင်းက ကိုပေါက်ကျိုင်းကို ခေါ်တာထင်ရဲ့ဟု အမှတ်မမှားလျှင် တော်ပါပြီ။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အဘွားကြီးတစ်ယောက်နဲ့ ကျွန်တော် သိကျွမ်းရတယ်။ အတော့်ကို နေထိုင်မကောင်းဘူး။ မကောင်းသမှ သေလုနီးပါးပဲ။ ညာဘက် တစ်ခြမ်းလုံးက လေဖြတ်ထားတယ်။ ကိုယ်တစ်ခြမ်းက ဒီလောကထဲမှာ။ ကျန်တစ်ခြမ်းကတော့ သူနဲ့ ဘာမျှမဆိုင်သလိုပဲ။ အင်မတန် သွက်လက်၊ လေများတတ်တဲ့ အဘွားကြီးဟာ မလှုပ်နိုင် မရှားနိုင်၊ စကားမပြောနိုင်တဲ့ အဖြစ်ကို ရောက်သွားတယ်။ စာမတတ် ပေမတတ်။ သိမှတ်ခံစားနိုင်တဲ့ အရည်အသွေးကလည်း သိပ်မမြင့်။ ဒီလိုနဲ့ တစ်နေ့ပြီး တစ်နေ့ ဖြည်းဖြည်းချင်းနဲ့ သူ့ဘဝဟာ ထာဝရ ဘုရားသခင်ရဲ့ အဆုံးအဖြတ်ခံ ဘဝဖြစ်လာတော့တယ်။ သူကလည်း ယုံကြည်မှုရှိတယ်။ သူ ယုံကြည်မှုရှိတယ် ဆိုတာကို အထောက်အထား ပြရမယ် ဆိုရင် သူ့ရဲ့ စိပ်ပုတီး။ ကြေးနဲ့ လုပ်ထားတဲ့ ခရစ်တော်ရုပ်တု ကလေး။ အင်္ဂတေသား တစ်မျိုးနဲ့ လုပ်ထားတဲ့ မွေးကင်းစ ဂျီးဇက်ကို ချီထားတဲ့ စိန့်ဂျိုးဇက် အရုပ်တွေကို ပြရမှာပဲ။ သူ့ရောဂါဟာ ကုလို့မရတော့ဘူးလို့ မထင်လှဘူး။ ခုလို ဖြစ်နေရတာက သူ့ကို လူတွေက ပိုပြီး ဂရုစိုက်ကြရအောင် ဖြစ်လာတာပဲလို့ မြင်တယ်။ သူ့အတွက်တော့ အရာရာဟာ ဘုရားသခင်ရဲ့ အစီအမံချည်းပဲ။ ထာဝရ ဘုရားသခင်ကိုပဲ အားကိုးတယ်။
တစ်နေ့တော့ သူ့ကို လူတစ်ယောက်က ဂရုတစိုက် ဖြစ်လာတယ်။ လူငယ်တစ်ယောက်ပဲ။ (သူက လောကမှာ အမှန်တရားဆိုတာ ရှိတယ်လို့လည်း လက်ခံတယ်။ ဒီအဘွားကြီး သေတော့မယ် ဆိုတာလည်း သိတယ်။ ဒီပြဿနာ နှစ်ခုကိုတော့ ဖြေရှင်းကြည့်စရာပဲလို့တော့ မမြင်ထားဘူး။) လူငယ်က အဘွားကြီးရဲ့ ငြီးငွေ့စွာ ဖြစ်ရှိနေရခြင်းကို တကယ်ပဲ စိတ်ဝင်စားတယ်။ အဘွားကြီးကလည်း အဲဒါကို ခံစားသိမိတယ်။ ခုလို လူငယ်က အဘွားကြီးအပေါ် စိတ်ဝင်တစား ရှိလာတာဟာ အဘွားကြီး အတွက်တော့ ထာဝရဘုရားသခင်ရဲ့ စေစားချက်အရပဲ။ အဘွားကြီးက သူ့ပြဿနာတွေ အကြောင်း သိပ်ပြောပြချင်နေတာ။ သူ့အနေနဲ့က ဆက်ပြီး သည်းခံ မနေချင်တော့ဘူး။ နောက်မျိုးဆက်အတွက် နေရာ ပေးရဦးမှာ မဟုတ်လား။ အဘွားကြီးအနေနဲ့ ငြီးငွေ့နေပြီလား။ ငြီးငွေ့နေပြီပေါ့။ ဘယ်သူကမျှလည်း သူ့ကို စကားစမြည် ပြောကြတာမှ မဟုတ်ဘဲ။ အခန်းထောင့်တစ်နေရာမှာ ငုတ်တုတ်။ ခွေးတစ်ကောင်လိုပဲ။ တခါတည်း ကိစ္စပြီးသွားမယ် ဆိုရင်လည်း ပြီးတာပဲ။ မြန်မြန်သေသွားရင်ဖြင့် ဘယ်သူ့ အတွက်မှ ဝန်ထုပ်ဝန်ပိုး ဖြစ်မနေတော့ဘူးပေါ့။
အဘွားကြီး အသံက ဗလုံးဗထွေးနဲ့ပဲ။ ရန်ဖြစ်နေသလို၊ ဈေးဆစ်နေသလိုပဲ။ လူငယ်ကတော့ နားလည်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တခြားလူအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေတာက သေကောင်ပေါင်းလဲ ဖြစ်နေတာထက်တော့ တော်သေးတယ်လို့ လူငယ်က မြင်တယ်။ သူကတော့ သူ့အတွက် ဘယ်သူမှ တာဝန်မရှိစေခဲ့ဖူးဘူး။ အဘွားကြီးလက်ထဲက စိပ်ပုတီးကို မြင်တော့ လူငယ်က အဘွားကြီးကို ပြောတယ်။ "ခင်ဗျားမှာ ထာဝရဘုရားသခင် ရှိနေသေးတာပဲ"။ ဟုတ်တယ်။ ဒါပေတဲ့လည်း အဘွားကြီးမှာက သူ့ပြဿနာနဲ့သူ။ အဘွားကြီးက ဝတ်ပြုဆုတောင်းတာ ကြာနေတဲ့အခါ၊ သူ့မျက်လုံးတွေက နံရံပေါ်မှာ မျက်စိကစားနေမိတဲ့အခါ သူ့သမီးက ပြောတတ်တယ်။ "ကြည့်၊ ဝတ်ပြု ဆုတောင်းနေပြန်ပြီ။ ဘာတွေ လုပ်နေပြန်တာလဲ"။ ဒီတော့ ဒုက္ခိတ အဘွားကြီးက "ဘာမျှ ငါ့အလုပ် မဟုတ်ဘူး။ ဒါပေတဲ့ လုပ်ချင်လို့"လို့ ပြောကောင်း ပြောလိမ့်မယ်။ ပြီးရင်တော့ အဘွားကြီး ငြိမ်သွားလိမ့်မယ်။ သူ့သမီးကို မကျေမနပ်နဲ့ တုံ့ပြန်ပြီး ကြည့်နေလိမ့်မယ်။ လူငယ်ကတော့ မကြုံစဖူးတဲ့ ရင်နာပုံမျိုးနဲ့ ရင်ထဲမှာ ဝေဒနာခံစားရင်း နားထောင်နေမိတယ်။ အဘွားကြီးကတော့ ဆက်ပြောတယ်။ "ဒီဟာမ အိုလာခါမှ သိမယ်။ သင်း ခံစားရဖို့ လိုတယ်"
ဒီအဘွားကြီးဟာ ထာဝရ ဘုရားသခင်ကလွဲလို့ အရာရာနဲ့ ကင်းကွာနေသလိုပဲ။ ဒါပေတဲ့လည်း ဘဝရဲ့မျှော်လင့်ချက် ဆိုတာတွေသာ တဖန်ပြန်လည် မွေးဖွားလာခဲ့မယ် ဆိုရင် လူသားတွေရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်လို့ ထာဝရဘုရား သခင်က ဘာမျှ စွမ်းဆောင်ပေးနိုင်မှာတော့ မဟုတ်ဘူး။ အဘွားကြီးရဲ့ မိသားစုနဲ့ ဧည့်သည်တွေက ညစာစားဖို့ စားပွဲမှာ ထိုင်လိုက်ကြတော့ လူငယ်ကိုလည်း ညစာစားဖို့ ခေါ်ကြတယ်။ အဘွားကြီးကတော့ ညဘက်မို့ အစာမကြေမှာစိုးလို့ မစားဘူး။ သူထိုင်နေတဲ့ ထောင့်ကလေးဆီမှာပဲ ထိုင်နေတယ်။ သူပြောတာတွေကို နားထောင်နေခဲ့တဲ့ လူငယ်ရဲ့ နောက်နားဆီမှာ အဘွားကြီးရဲ့ မိသားစုတွေက သူ့ကို ဂရုစိုက် ကြည့်နေကြတယ်လို့ ထင်လို့၊ လူငယ်အနေနဲ့လည်း သိပ်စားလို့ မဝင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ညစာတော့ စားဖြစ် ကြတယ်လို့ ပြောရမှာပဲ။ စားပြီးတော့ ရုပ်ရှင်သွားကြည့်ရ အောင်လို့ ဆိုကြပြန်တယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီအပတ် ရယ်စရာ ရုပ်ရှင်ကားတစ်ကား ပြသတဲ့။ လူငယ်လည်း ရှေ့နောက် တွေးမနေဘဲ ရုပ်ရှင်သွားဖို့ သဘောတူလိုက်တယ်။ ရှေ့နောက် မတွေးဘူးဆိုရာမှာ သူ့နောက်နားဆီ ထိုင်နေတဲ့ လူတစ်ယောက် အကြောင်းကိုလည်း ထည့်မစဉ်းစားမိဘူး။
စားသောက်ပြီးကြတော့ ကိုယ်လက်သန့်စင်ရင်း အပေါ့အပါးသွားဖို့ စားပွဲက ထသွားကြတယ်။ ဘယ်သူကမျှ အဘွားကြီးကို ထည့်မစဉ်းစားကြဘူး။ အဘွားကြီး အနေနဲ့ကတော့ ခုလို ကိုယ်တစ်ခြမ်း လေဖြတ်ထားတာ မခံရလို့ ရုပ်ရှင် လိုက်ကြည့်ရင်လည်း နားတော့လည်မှာ မဟုတ်ဘူး။ အဘွားကြီးကတော့ သူ ရုပ်ရှင်မကြိုက်ဘူးလို့ ပြောပေတဲ့ တကယ်တော့ သူ့အနေနဲ့ ဘာမျှ နားမလည်နိုင်လို့ပဲ။ ဒီတော့လည်း သူ့ခမျာ အခန်းထောင့်တစ်နေရာမှာ ထိုင်ရင်း ပုတီးစိပ်ရင်း အာရုံပြုနေရှာတယ်။ သူ့အနေနဲ့ကတော့ အဲဒါကိုပဲ အားကိုး တယ်။ ယုံကြည်တယ်။ ထာဝရဘုရားသခင်ရယ်၊ စိပ်ပုတီး ရယ်၊ ခရစ်တော် ဒါမှမဟုတ်ရင် စိန့်ဂျိုးဇက် ရုပ်တုတော် ဆိုတဲ့ အရာဝတ္ထုသုံးခုမှာပဲ အဘွားကြီး သက်ဝင်ယုံကြည်မှု ရှိတော့တယ်။ ဒီဟာတွေရဲ့ နောက်ကွယ်နားဆီက နက်မှောင် နေတဲ့ ရပ်ဝန်းတစ်ခုဆီမှာ အဘွားကြီးရဲ့ မျှော်လင့်ချက်တွေ ရှိနေလေရဲ့။
ရုပ်ရှင်သွားကြဖို့ အားလုံးအသင့်ဖြစ်ကြတဲ့အခါ အဘွားကြီးကို သွားပြီး အသာနမ်းရင်း နှုတ်ဆက်ကြတယ်။ အဘွားကြီးအနေနဲ့ကတော့ သူတစ်ယောက်တည်း ကျန်ရစ်ခဲ့တော့မယ်ဆိုတာကို ရိပ်မိတော့ စိပ်ပုတီးကိုပဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားနေမိတယ်။ စိတ်ထဲမှာ ဝေဒနာဖြစ်နေတယ် ဆိုတာ ပေါ်လွင်နေတာပဲ။ အားလုံးက အဘွားကြီးကို နမ်းပြီး နှုတ်ဆက်ကြတယ်။ လူငယ်ကလေး အလှည့်ကျတော့ လူငယ်က သူ့ကို အသာပဲ လက်ဆွဲနှုတ်ဆက်ပြီး လှည့်ထွက်သွားတယ်။ အဘွားကြီး အနေနဲ့ကတော့ တစ်ယောက်တည်း မနေခဲ့ချင်တာ အမှန်ပဲ။ ဒါပေတဲ့လည်း သူ့အပေါ်မှာ တကယ်ပဲ စိတ်ဝင် တစားရှိတဲ့လူတောင် သူ့ကို စွန့်သွားပြီဆိုတာ တွေ့နေရတယ်။ တကယ်တော့ သူ့အနေနဲ့ တကိုယ်တည်း မနေရစ်ခဲ့ချင်ဘူး။ သူ့အနေနဲ့ကတော့ ထီးထီးကျန် ဖြစ်ရှိနေရခြင်းရဲ့ ကြောက်လန့်စရာ ဆိုတာကို ခံစားခဲ့ရဖူးတာပဲ။ ရှည်ကြာတဲ့ အိပ်မပျော်နိုင်မှုတွေ၊ ပူပန်စိတ်နဲ့ ထာဝရ ဘုရားသခင်ကို မျှော်ကိုးနေခဲ့ရတာတွေ၊ ဒီတော့ ကြောက်လန့်စိတ်ဝင်မိတယ်။ ဒါကြောင့်လည်း ဘုရားသခင်အစား လူသားအချင်းချင်းကို အားကိုးလာမိတယ်။ လူသားတွေအထဲ သူ့အပေါ် စိတ်ဝင်တစား ရှိသူကို အားကိုးမိလာတယ်။ လူငယ်က သူ့လက်ကို အသာကိုင်ပြီး နှုတ်ဆက်တော့ သူက ကျေးဇူးတင်ကြောင်း ကသောကမျောနဲ့ ပြောမိတယ်။ လူငယ်က အတော့်ကို အားတုံ့အားနာ ဖြစ်သွားပုံရတယ်။ ကျန်တဲ့ လူတွေက လူငယ်ကို မြန်မြန် လုပ်ဖို့ လှမ်းအော်နေကြတယ်။ နောက်ကျသွားရင် ရုပ်ရှင်ရုံမှာ တန်းစီ နေကြရမှာမို့ပဲ။
လူငယ့်စိတ်ထဲမှာ စိတ်မချမ်းမသာနဲ့ တုန်လှုပ်သွားမိတယ်။ တစ်ခါမျှ အဲဒီလို မဖြစ်ခဲ့ဖူးဘူး။ တကိုယ်တည်း ကျန်ရစ်ခဲ့မယ့် အဘွားကြီး တစ်ယောက်နဲ့ တစုတဝေးနဲ့ ရုပ်ရှင်သွားကြည့်ကြမယ့် လူတသိုက် အကြားက အနေအထား။ အဲဒီ အနေအထားကြားက သူ လွတ်မြောက်ချင်တယ်။ ဘာမျှ မသိချင်တော့ဘူး။ သူ့လက်ကို အသာရုပ်ပြီး လှည့်ထွက် သွားချင်လိုက်မိတယ်။ အဘွားကြီး ဘက်ကနေပြီး အတော့်ကို ပြင်းပြနာကြည်းတဲ့ အမုန်းစိတ်လည်း ပေါ်လာမိတယ်။
နောက်ဆုံးတော့ လူငယ်က အဘွားကြီး အနားဆီကနေ အပြင်ကို ထွက်လာနိုင်ခဲ့တယ်။ အဘွားကြီးကတော့ ထိုင်နေရာက ထတော့မလိုတောင်ဖြစ်ပြီး လူငယ့်ကို လှမ်းကြည့် နေလေရဲ့။ သူ့ရဲ့ စိတ်ချလက်ချ နောက်ဆုံး မျှော်လင့်အား ကိုးထားတာ တစ်ခုဟာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားနေတာကိုး။ ခုတော့ သူ့ကို ဘယ်ဟာကမျှ ကာကွယ်မပေးနိုင်တော့ဘူး။ သေခြင်းတရားဆိုတဲ့ အသိကို သူ့အနေနဲ့ မခုခံနိုင်တော့ဘူး။ ဘာရယ်လို့ သေသေချာချာ မသိပေတဲ့ သူ့ကို ခြောက်လှန့်နေတာတော့ အမှန်ပဲ။ သူ့အနေနဲ့ ခံစားသိနေတာကတော့ သူ့ဘာသာ တစ်ယောက်တည်းတော့ ရှိမနေချင်ဘူး။ သူ့အတွက်တော့ ထာဝရဘုရားက အသုံးမတည့်ဘူး။ ထာဝရ ဘုရားအနေနဲ့က သူ့ကို လူတွေဆီကနေ ခွဲထုတ်လိုက်တာပဲ မဟုတ်ဘူးလား။ သူကတော့ လူတွေမရှိဘဲ ထီးထီး ကျန်နေရတာ မကြိုက်ဘူး။ ဒီတော့လည်း အဘွားကြီးခမျာ ငိုရုံပဲ။
လူတွေအားလုံး အိမ်အပြင်ဘက်က လမ်းမပေါ်တောင် ရောက်နေကြပြီ။ လူငယ်အနေနဲ့တော့ ဝေဒနာတစ်ခုကို ခံစားရနေရပြီး အပြစ်တစ်ခုခု ရှိသလို ဖြစ်နေမိတယ်။ အိမ်ဆီက မီးလင်းနေတဲ့ ပြတင်းပေါက်၊ တိတ်ဆိတ်နေတဲ့ အိမ်ထဲက မလှုပ်ရှားတဲ့ မျက်လုံးကို လှမ်းကြည့်နေမိတယ်။ မျက်လုံး ပိတ်သွားရှာတယ်။ အဘွားကြီးရဲ့ သမီးက လူငယ်ကို ပြောတယ်။ "သူတစ်ယောက်တည်း ဆိုတဲ့အခါ အမြဲလိုပဲ မီးပိတ် ပစ်တတ်တယ်။ အမှောင်ထဲမှာ ထိုင်နေရတာကို ကြိုက်တယ်"။
အဘိုးကြီးတစ်ယောက်က မျက်ခုံးနှစ်ဖက်ကို အသာပင့်ရင်း အောင်မြင်ဝံ့ကြွားတဲ့ အသံနဲ့ ပြောတယ်။ "ကျုပ် လူပျို လူရွယ်ဘဝတုန်းက အဖေက ကျုပ်လုပ်အားခထဲက သုံးဖို့ စွဲဖို့အတွက် ပိုက်ဆံငါးကျပ်ပေးတယ်။ တစ်ပတ်ခံအောင် သုံးရတယ်။ ကျုပ်ကလည်း ရအောင် သုံးတယ်။ ကျုပ်ရည်းစားဆီ သွားတော့ အသွားလေးမိုင်၊ အပြန်လေးမိုင် ခြေလျင်ကြိတ်ရတာ။ ခုခေတ်လူငယ်တွေများ သူတို့ကိုယ်သူတို့ ဘယ်လို ပျော်အောင် နေကြရမှန်းတောင် သိတာမဟုတ်ဘူး"။ အဘိုးကြီးပြောတာကို လူငယ်သုံးယောက်က ဝိုင်းထိုင်ပြီး နားထောင် နေတယ်။ အဘိုးကြီးက သူ့ရဲ့ငယ်ဘဝက စွန့်စားခန်းကလေး တွေကို ပုံကြီးချဲ့ ပြောနေတယ်။ လေကို မပြတ်တော့ဘူး။ လူတွေ ထမပြန်ခင် ကောင်းခန်းကလေးတွေကို ပြောချင်သေးတာ။ ဒီတော့ ကောင်းခန်းကလေးတွေ ရွေးထုတ်ပြီး ဘေးလူက သူ့ကို အထင်ကြီးမယ့် ဟာမျိုးလေးတွေကို ရွေးပြောနေတယ်။ သူ့ရဲ့ မကောင်းမှု တစ်ခုကတော့ သူ့ကို လူတွေ နားထောင်အောင် လုပ်နေတာပဲ။ သူ့ကို ဟန်လုပ်နှုတ်ဆက် ပြောဆိုနေကြတာမျိုး။ သူ့ကို မတော်တရော်မျိုးနဲ့ ကြည့်ကြတာမျိုးတွေကို သူက မသိချင်ယောင် ဆောင်နေတတ်တယ်။ လူငယ်တွေ အနေနဲ့ကတော့ သူ့ခေတ် သူ့အခါတုန်းက အတော့်ကို ဟန်ကျခဲ့တဲ့ အဘိုးကြီးပဲရယ်လို့ မြင်ကြတော့တာကိုး။ သူ့အနေနဲ့ကတော့ လေးစားစရာ သက်ကြီး ရွယ်အိုတစ်ယောက်ရဲ့ အတွေ့အကြုံ ပြောစကားတွေမို့ အရေးပါတာသွားသပေါ့။ လူငယ်တွေအနေနဲ့ မသိတာတစ်ခုက အဲဒီအတွေ့အကြုံတွေဟာ မအောင်မြင်တဲ့ အတွေ့အကြုံ။ အရှုံးသမားရဲ့ အတွေ့အကြုံတွေပဲ။ နည်းနည်းကလေး သိရဖို့ အကုန်လုံး ကိုယ့်ဘက်က စွန့်လွှတ်လိုက်ရတာမျိုး။ တကယ်တော့ သူက ဝေဒနာကို ကြိတ်ခံ နေရတဲ့လူ။ သူကတော့ ဘယ်တော့မှ ထုတ်ဖော် မပြောဘူး။ ပျော်ရွှင် ချမ်းမြေ့နေသလိုမျိုး မြင်ရအောင် နေနေတာကိုး။ တကယ်လို့များ အဲဒီလိုနေတာဟာ မှားတယ်လို့ ဆိုခဲ့ရင် သူကတော့ လူတွေ သူ့ကို ပိုပြီး သနားလာအောင် လုပ်မှာပဲ။ ဒါကလည်း သူ့ရဲ့ နောက်တိုးအမှားတစ်မျိုးပဲ ဖြစ်မှာ။ လူတွေမှာ နေ့စဉ် ဘဝ ကိစ္စတွေနဲ့ ရုန်းကန်လှုပ်ရှားနေကြရတဲ့အခါ အဘိုးကြီးရဲ့ ဝေဒနာ၊ ခံစားချက် စတာတွေဟာ သူတို့အတွက် ဘယ်မှာ အရေးပါတော့မှာမို့လဲ။ အဘိုးကြီးကတော့ ပြောမြဲ ပြောနေဦးမှာပဲ။ ပြောနေဆိုနေတဲ့အထဲမှာ မရေမရာနဲ့ ချာလည်လည် ဖြစ်နေဦးမှာပဲ။ ဒီလိုနဲ့ပဲတော့လည်း မဖြစ်သေးဘူး။ နားထောင်တဲ့သူတွေ အနေနဲ့လည်း စိတ်ဝင်စားတာ နည်းလာကြပြီ။ သူ့ အတွက် အဆုံးသတ်ဖို့ လိုလာပြီ။ သူက အိုလည်း အိုနေလေတော့ ရယ်ရွှန်းဖတ်ရွှန်းလည်း မပြောတတ်ဘူး။ လူငယ်တွေ အနေနဲ့ကလည်း နေ့စဉ် လုပ်ကိုင်နေရတာတွေက စိတ်အပြောင်းအလဲ ကလေးများ ဖြစ်လာအောင် ဘိလိယက် ထိုးတာတို့၊ ဖဲရိုက်တာတို့ဘက် စိတ်ရောက်လာကြတယ်။
ဒီလိုနဲ့ အဘိုးကြီးခမျာ သူ့ဇာတ်လမ်းတွေ၊ ပုံပြင်တွေ အသက်ဝင်လာအောင် ရှာကြံပြီး လုပ်ကြံပြောပေတဲ့လည်း နားထောင်သူ မရှိဖြစ်လေတော့ တကိုယ်တည်း ထီးထီး ကျန်ဖြစ်လာတော့တာပဲ။ လူငယ်တွေကတော့ သူ့ဝေဒနာတွေ၊ ခံစားချက်တွေကို ဝေမျှမခံစားကြတော့ဘူး။ သူ့ဆီက ခွာလာကြတယ်။ ဒီတော့လည်း အဘိုးကြီးခမျာ ဖော်မပါဘဲ တကိုယ်တည်းဆိုတဲ့ ထီးထီးကျန်ဘဝဆီ ပြန်ရောက်ရတော့တာပဲ။ ကိုယ်ပြောတာကို နားထောင်တော့မယ့်လူ မရှိတော့ဘူး ဆိုတာကလည်း အိုမင်းလာရခြင်းရဲ့ ဆိုးရွားမှုတစ်ခုပေပဲ။ တုံဏှိဘာဝေ ဆိတ်ဆိတ်နေဖို့နဲ့ ထီးထီးကျန် ဖြစ်နေဖို့ ဆိုတာတွေက အဘိုးကြီးကို ကျခံထားစေတဲ့ ပြစ်ဒဏ်တွေပဲ။ သိပ်မကြာခင် ခင်ဗျားသေတော့မှာပဲလို့ သူက အပြောခံလာရတယ်။ ဘာမျှ အသုံးမကျ၊ အရာမဝင်တော့ပဲ သေရတော့မယ့် အဘိုးကြီးတစ်ယောက် အနေနဲ့တော့ တဖြည်းဖြည်းချင်း ပိုပြီး ကြေကွဲမှုကို ခံစားလာရရုံပဲ။ သူပြောချင်တာ၊ လုပ်ချင်တာ ပြောပါစေ၊ လုပ်ပါစေ။ သူ့အနေနဲ့ကတော့လည်း ပြောသင့်တာ၊ လုပ်သင့်တာပဲ။ မဟုတ်ရင်တော့လည်း အနည်းဆုံး သူလုပ်နိုင်တာကတော့ ပါးစပ်ပိတ်နေရုံပဲ။ ပြောတာ၊ ဆိုတာတွေကို ရပ်ပစ်လိုက်တယ်ဆိုတာနဲ့ သူ သိတော့ သိလိုက်တယ်။ ငါကတော့ဖြင့် အိုပြီ။ ဒီတော့ သူက ထိုင်ရာက ထလိုက်ရင်း ပတ်ပတ်လည်က လူတွေကို ပြုံးပြီး ထွက်လာခဲ့တော့တယ်။ လူတွေရဲ့ မျက်နှာတွေကတော့ ဘာမျှစိတ်ဝင်စားမှုမရှိတဲ့ မျက်နှာတွေ။ အားရကျေနပ်ပြီး ရယ်မောနေကြတဲ့ မျက်နှာတွေပဲ။ အဘိုးကြီးအတွက်တော့ ဘာကိုမျှ ဝေမျှခံစားစရာ မရှိလှဘူး။ လူတစ်ယောက်ကတော့ ရယ်ရင်းမောရင်း ပြောနေလေရဲ့။ "အဘွားကြီးက အိုပြီ။ အမှန်ပဲ။ ဘာမျှငြင်းစရာကို မရှိဘူး။ ဒါပေတဲ့ တခါတလေတော့လည်း ဟင်းကောင်း ဟာ အိုးဟောင်းနဲ့ ချက်ရတယ်ဆိုသလိုပဲ"တဲ့။ တခြားတစ် ယောက်ကတော့ စိတ်ပါလက်ပါ ပြောပြနေပြန်တယ်။ "ကျုပ်တို့ကတော့ ချမ်းသာလှတယ် မဟုတ်ဘူး။ ကောင်းကောင်းတော့ စားတယ်။ ကျုပ်မြေးကို ကြည့်။ ဒီကောင်က သူ့အဖေထက် စားနိုင်တယ်။ အဖေက ပေါင်မုန့်တစ်လုံးစားရင် သူက နှစ်လုံးစားသဗျ။ ဝက်အူချောင်းတို့၊ ဒိန်ခဲတို့ဆိုလည်း တနင့် တပိုး စားသေးတာ။ သူ စားလို့ ကုန်သွားတာနဲ့ ဘာများ ရှိသေးသလဲလို့ မေးသေးတာ။ ရှိရင် ဆက်စားပြန်ရော"တဲ့။ အဘိုးကြီးကတော့ ဆက်ပြီး နားမထောင်တော့ဘဲ ထွက်သွားတယ်။ လှည်းဆွဲတဲ့မြည်းရဲ့ ခြေလှမ်းမျိုးနဲ့ လေးလေးဖင့်ဖင့်ကြီး လျှောက်ရင်း လူတွေအကြားကနေ ထွက်လာခဲ့တော့တယ်။ ရှည်လျားတဲ့ လူသွားလမ်းကလေးအတိုင်း လျှောက်လာရင်း စိတ်ကတော့ မကြည်လှဘူး။ အိမ်ကိုလည်း မပြန်ချင် သေးဘူး။ ပုံမှန်ဆိုရင်တော့ အိမ်ပြန်ရမှာကို သူက ပျော်တယ်။ အိမ်ပြန်။ ဆီမီးကလေးထွန်း။ သူ့စားပွဲမှာထိုင်။ စားစရာကလေး စားနဲ့၊ အဟုတ်သားရယ်။ ညဥ့်နက်စာကို အေးအေးလူလူ၊ တိတ်တိတ်ဆိတ်ဆိတ် စားရတာကိုတော့ သူက သဘောကျ သေးသားပဲ။ အဘွားကြီးကတော့ စားပွဲတစ်ဖက်မှာ ထိုင်ရင်း သူကို ကြည့်နေတတ်တယ်။ သူကတော့ မျက်လုံးကို တစ်နေရာရာမှာ အာရုံစိုက်ထားရင်း အစာကို ဖြည်းဖြည်းချင်း ဝါးနေတတ်တယ်။ ဒါက ပုံမှန်။ ဒီညတော့ အဘိုးကြီး အိမ်ပြန် နောက်ကျလိမ့်မယ်။ သူ ပြန်ရောက်တဲ့အချိန် အဘွားကြီးကတော့ အိပ်ရာထဲဝင်၊ အိပ်နှင့်နေလောက်ပြီ။ အစာတွေကလည်း အေးနေလောက်ပြီ။ အဘိုးကြီးကိုယ်၌က တစ်ခါ တလေ မမျှော်လင့်ဘဲ အိမ်ပြန်နောက်ကျတတ်သမို့ အဘွားကြီး ကတော့ ပူနေမှာ မဟုတ်ဘူး။ "ခုလောက်ဆို လကမ္ဘာထဲ ရောက်သွားပြန်ပြီ ထင်တယ်"လို့တောင် အဘွားကြီးက ပြောနေဦးမှာ။ ဒါကတော့ ဒီလိုပဲပေါ့။
ခုတော့ အဘိုးကြီးဟာ လှုပ်လီလှုပ်လဲ့နဲ့ တစ်လှမ်းချင်း လျှောက်နေရှာတယ်။ အိုလည်း အို၊ ထီးထီးကျန်လည်း ထီးထီးကျန်။ အသက်ရှင်သန်နေမှု တစ်ခုဟာ အဆုံးပိုင်းကို ရောက်လတယ်ဆိုတာနဲ့ အိုမင်းရင့်ရော်လာတယ်ဆိုတာက အန်စရာ ပျို့စရာများလို ဖြစ်လာတယ်လို့ ပြောရတော့မှာပဲ။ ဒီတော့လည်း ဘယ်သူပြောတာကိုမျှ နားထောင်ချင်စိတ်မရှိ လောက်တဲ့အထိ ဖြစ်လာတော့တယ်။ အဘိုးကြီးဟာ လမ်းလျှောက်နေရင်းက လမ်းချိုးထဲ ကွေ့ဝင်လိုက်တော့ ခလုတ်တိုက်ပြီး လဲမလိုတောင် ဖြစ်သွားတယ်။ ကျွန်တော်ကတော့ သူ့ကို တွေ့ဖူးတယ်။ ရယ်တော့ ရယ်စရာပဲ။ ဒါပေတဲ့ ကိုယ်က ဘာမျှတတ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။ တကယ်တော့ သူက အိမ်မှာထက် လမ်းပေါ်မှာပဲ ပိုပြီးနေချင်တော့တာ။ ကြာတော့ နေလို့ထိုင်လို့မကောင်း ဖြစ်လာတယ်။ နေထိုင်မကောင်းဘဲ အိမ်ပြန်တော့လည်း အဘွားကြီးကို သိပ်မတွေ့ချင်လှတော့လို့ သူ့ဘာသာ အခန်းထဲမှာ တကိုယ်တည်း နေရတာပဲ။ ဒီလို နေတဲ့အခါ တစ်ခါတလေတော့ အခန်းတံခါးက ဖြည်းဖြည်းချင်း ပွင့်သွားတယ်။ နည်းနည်း ဟသွားတယ်။ အရောင်ခပ်နုနု ဝတ်စုံဝတ်ထားတဲ့ လူတစ်ယောက် ဝင်လာတတ်တယ်။ အဘိုးကြီးရဲ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပေတဲ့ သူတို့ချင်း ဘာမျှမပြောကြဘူး။ အတော်ကြာအောင် ဘာမျှ မပြောကြဘူး။ ပွင့်နေတဲ့ တံခါးလိုပဲ။ ရပ်တန့်နေတယ်။ အသက်ဝင် လှုပ်ရှားမှု မရှိဘူး။ ဝင်လာတဲ့လူက မကြာမကြာ သူ့ဆံပင်ကို သပ်ရင်း သက်ပြင်းချတယ်။ အတော်ကြီးကို ဝမ်းနည်းကြေကွဲတဲ့မျက်နှာနဲ့ အဘိုးကြီးကို ကျေနပ်လောက်အောင် ထိုင်။ ပြီးတော့မှ ဘာမှမပြောမဆိုဘဲ ထပြီး ထွက်သွားတော့တယ်။ သူ ထွက်သွားတော့ တံခါးသံက ဂလောက်လို့ မြည်ပြီး ကျန်ရစ်ခဲ့တယ်။ အဘိုးကြီးကတော့ ကြောက်ရွံ့တုန်လှုပ် နေတုန်းပဲ။ လမ်းပေါ်မှာဆိုရင်တော့ သူတွေ့ရဆုံရတဲ့ လူတွေ ဘယ်လောက်ပဲနည်းနည်း သူကတော့ တကိုယ်တည်း မဖြစ်ဘူး။ နေထိုင်မကောင်းတောင် ပျော်ပျော်ပဲ။ ဒီတော့လည်း သူက ခပ်သွက်သွက်ကလေး လျှောက်လိုက်မိတယ်။ မနက်ဖြန်။ မနက်ဖြန်ဆိုရင် တမျိုးဖြစ်မှာလို့ တွေးလိုက်မိတယ်။ ဒါပေတဲ့ မနက်ဖြန်လည်း ခုလိုပဲနေမှာဆိုတာကို ရုတ်တရက် သိလိုက်မိတယ်။ မနက်ဖြန်ပြီးတော့ သန်ဘက်ခါ။ ဖိန်းနွှဲခါ။ အဲဒီနောက် တောက်လျှောက်။ ဘာမျှထူးမှာ မဟုတ်ဘူး။ ဒီ သိရှိရလိုက်တဲ့ အချက်ကတော့ ပြုပြင်ပြောင်းလဲလို့ မရတော့ဘူး။ ဒီသိမှုက သူ့ကို ချေမှုန်းပစ်လိုက်တယ်။ ဒီလို သိလိုက်ရတဲ့ သိမှုမျိုးကြောင့် အသက်ပါ ထွက်သွားနိုင်တယ်။ လူတွေဟာ ကိုယ့်အသက်ကို ကိုယ့်ဘာသာ ကန့်သတ်ပစ်ကြတယ် ဆိုတာက ဆက်ပြီး သည်းမခံနိုင်ကြလို့ပဲ။ လူငယ်တွေ ဆိုရင်တော့လည်း ဒီလိုအသိမျိုးကို ကဗျာတစ်ပုဒ်အဖြစ် ပြောင်းလဲ ပစ်နိုင်ကြပေမပေါ့။
အရွယ်ကလည်း အို၊ ရူးတူးတူး မူးတူးတူး။ လူသူ လေးပါးကလည်း အလေးမထား။ အရိုအသေတန်၊ မျက်ရည် ဒဏ်ခံ။ နှစ်လိုစရာ။ ဘယ်လိုဖြစ်ဖြစ် သူ့အတွက်ကဖြင့် အဆိုး ဝေဒနာကို ခံစားရင်း သေဖို့ကတော့သာ အကောင်းဆုံးပဲ နေလိမ့်မယ်။ ဒီလိုမှမဟုတ်လို့ကတော့ သူ ဘယ်ကို သွားရ မှာလဲ။ ခုနေအတိုင်းတော့ဖြင့် သူ့အဖို့က ဆက်ပြီး အိုမင်းနေ ဖို့သာပဲရှိတော့တာ။ လူဆိုတာက အိုမင်းလာတာပေါ်မှာ အခြေခံပြီး အနာဂတ်ကို တည်ဆောက်ကြတာပဲ။ အိုမင်းလာတယ်ဆိုတာကို မျှော်လင့်ချက်ကင်းပတယ်၊ အထိန်းအကြောင်း မရှိ လေလွင့်နေတယ် ဆိုတာတွေနဲ့ ဝန်းရံထားလိုက်ကြပေတဲ့ ဘယ်လို အတားအဆီးမျိုးမှ မရှိခဲ့ကြဘူး။ ဒီလိုအဘိုးကြီးတွေ အနေနဲ့ အသက်ကလေး ရလာရင် အလုပ်ထဲမှာ အလုပ်ကြပ် ကလေး ဘာလေးဖြစ်။ ပြီးတော့ နယ်ဘက်၊ တောဘက်ဆီ ပြန်။ အိမ်ကလေး တစ်လုံးဝယ်ပြီး အငြိမ်းစားယူဖို့လောက်ပဲ တွေးကြတာ။ ဒါပေတဲ့ နှစ်တွေ ကြာလာတဲ့အခါ ငါတို့တော့ဖြင့် မှားပြီဆိုတာ သေသေချာချာ သဘောပေါက်လာကြတယ်။ ဒီလိုဖြစ်လာပြန်တော့ တခြားလူတွေကို အားကိုးစရာ လိုလာပြန်တာပေါ့။ သူ့အနေနဲ့ကတော့ သူပြောတာကို နား ထောင်ကြစေလိုတယ်။ ဒါမှလည်း သူ့ဘဝ အကြောင်းကို လက်ခံယုံကြည်လာကြမှာကိုး။ ခုဆို လမ်းတွေက ပိုပြီး မှောင်လာပြီ။ လူတွေလည်း နည်းသထက် နည်းလာပြီ။ အသံတွေကတော့ ကြားနေရသေးတုန်းပဲ။ အံ့ဩစရာကောင်းလောက်အောင် ငြိမ်သက်နေတဲ့ ညနေခင်းရဲ့အတွင်းမှာ အသံတွေဟာ ပိုပြီး တည်ငြိမ်လာတယ်။ တောင်ကလေးတွေရဲ့ နောက်ဘက်နားဆီက မြို့ကလေးတွေမှာတော့ နေ့ရဲ့ အလင်းရောင်က ရှိနေသေးတယ်။ လှမ်းကြည့်လို့ မတွေ့ရတဲ့နေရာဆီက မီးခိုးကလေးတွေ ထလာတယ်။ တောင်ထိပ်က တောအုပ်တွေရဲ့ နောက်ဆီမှာ ကြည့်လို့ကောင်းနေတယ်။ တဖြည်းဖြည်းနဲ့ ကောင်းကင်ယံဆီ တစ်လွှာချင်း တက်နေကြတာများ ထင်းရှူးပင်က အကိုင်းတွေလိုပဲ။ အဘိုးကြီးက မျက်လုံး အသာပိတ်လိုက်တယ်။ မြို့ရဲ့ လှုပ်လီလှုပ်လဲ့နဲ့ ဖြစ်ပေါ်နေတဲ့ အသံဗလံလေးတွေက ဘဝရဲ့ ဖြစ်နေရခြင်းကို သယ်ဆောင်သွားနေ လေရဲ့။ လူတွေရဲ့ အသုံးမကျမှုတွေ၊ မထူးခြားလှတဲ့၊ စိတ်ဝင်စားစရာ မရှိလှတဲ့ အပြုံးတွေကို ကောင်းကင်ဘုံကတော့ ပြုံးပြနေခဲ့တယ်။ အဘိုးကြီးကတော့ တစ်ကိုယ်တည်း။ စွန့်ပစ်ခံ။ အကွယ်အကာမဲ့။ အသက်ရှိနေသေးတယ် ဆိုပေတဲ့ သေနှင့်နေတာပဲ။
ဒင်္ဂါးပြားရဲ့ တခြားတဖက်အကြောင်း ကျွန်တော် ပြောပြရဦးမှာလား။ ခုနေတော့ မှောင်ကုပ်ကုပ်။ ညစ်တီးညစ်ပတ် အခန်းကလေးထဲဆီမှာတော့ဖြင့် အဘွားကြီးဟာ ညစာ ပြင်ဆင်နေရော့မယ်။ ပြင်ဆင်ပြီးရင် ကုလားထိုင်မှာ အသာထိုင်ရင်း နာရီတကြည့်ကြည့် လုပ်နေတော့မှာ။ အတော်ကြာလို့ ပေါ်မလာရင်တော့လည်း သူ့ခမျာ တစ်ယောက်တည်းပဲ ညစာစားလိမ့်မယ်။ သူ့ဘာသာ စိတ်ထဲက တွေးကြည့်လိုက်မိမှာ ကတော့ "ခုလောက်ဆို လကမ္ဘာထဲ ရောက်သွားပြန်ပြီ ထင်တယ်" လို့ပဲ။ ဒါကတော့ ဒီလိုပဲ ပေါ့။
သူတို့ငါးယောက် အတူနေကြတာ။ ဘွားအေကြီးရယ်၊ သူ့သားအငယ်ရယ်၊ သမီးအကြီးရယ်၊ သမီးရဲ့ကလေး နှစ်ယောက်ရယ်။ သားကတော့ ခပ်ထူထူ၊ ခပ်အအ။ သမီးကတော့လည်း ဒုက္ခိတ။ တွေးရခေါ်ရတာမျိုးကို အတော် ခက်ခက်ခဲခဲ လုပ်ရတဲ့သူမျိုး။ သူ့ကလေးနှစ်ယောက်ထဲက တစ်ယောက်ကတော့ အာမခံကုမ္ပဏီမှာ အလုပ်တောင် လုပ်နေပြီ။ တခြားတစ်ယောက်ကတော့ ကျောင်းတက်နေတုန်းပဲ။ ဘွားအေကြီးက အသက်ခုနစ်ဆယ် ရှိနေပေတဲ့လည်း ဒီမိသားစုမှာ အခရာ။ သူ့ခုတင် ခေါင်းရင်းဘက်မှာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ရိုက်ထားတဲ့ဓာတ်ပုံ ချိတ်ထားတယ်။ ရင်စေ့ အကျႌအနက် ဝတ်ထားတယ်။ မျက်နှာမှာတော့ အရေး အကြောင်းတွေ မရှိဘူး။ မျက်လုံးက ကြည်ကြည်လင်လင်။ လည်တဲ့အကြည့်မျိုးနဲ့။ လူပုံက ခမ်းခမ်းနားနား။ အသက် အရွယ်ကြောင့် ကိုယ်ခန္ဓာအချိုး ပြောင်းလာတယ် ဆိုပေတဲ့လည်း အပြင်သွားတဲ့အခါများကြရင် သူ့ကိုယ်သူ ဟန်မပျက်အောင် သိပ်သတိပေးထားတာ။
အဘွားကြီးရဲ့ လည်တဲ့အကြည့်ဟာ သူ့မြေးမှာ သတိရနေစရာအကြောင်း ရှိခဲ့ရတယ်။ ဒီအကြည့်ကြောင့် သူ့မြေးမှာ မအူမလည် ဖြစ်ခဲ့ရတာကိုး။ အိမ်ကို ဧည့်သည်တွေ လာတဲ့ အခါများမှာ အဘွားကြီးက သူ့မြေးကို မေးတတ်တယ်။ "ဘယ်သူ့ကို ပိုချစ်သလဲ။ မင်းတို့အမေလား၊ မင်းတို့အဘွားလား" ကလေးတွေ အမေများ အနားမှာရှိရင် အဘွားကြီးက ပိုတောင် သဘောကျသေးတယ်။ ကလေးတွေကတော့ အမြဲလိုပဲ "အဘွားကိုပေါ့"လို့ ဖြေတတ်ကြပေတဲ့ သူတို့ရဲ့ ရင်ထဲ အသည်းထဲကတော့ အမြဲလို စကားမဆိုချင်တဲ့ သူတို့အမေကို ချစ်နေကြတာပဲ။ ကလေးတွေ ဖြေတာကို နားထောင်ပြီး ဧည့်သည်တွေက အံ့အားသင့်မိတဲ့အခါ အမေက ဝင်ပြီး "သူတို့က ဘွားအေလက်ထဲမှာ ကြီးကြလို့ပါ"လို့ပဲ ပြောလေ့ရှိတယ်။
အဘွားကြီးအနေနဲ့ကတော့ ချစ်ခြင်းဆိုတာက တောင်းဆို ရယူနိုင်တာတစ်ခုလို့ မြင်ထားတာကိုး။ သူ့ကိုယ်သူလည်း မိခင်ကောင်း တစ်ယောက်လို့ လက်ခံထားတာ။ သူ့ကလေးတွေကိုလည်း စည်းနဲ့ကမ်းနဲ့ ထိန်းကျောင်းခဲ့တာ။ သူ့ ယောက်ျား ရှိစဉ်ကလည်း ကဏ္ဍကောစ လုပ်ခဲ့တာ မဟုတ်ဘူး။ သားသမီး ကိုးယောက်တောင် မွေးခဲ့တာ။ သူ့ယောက်ျား သေတော့ ဒီမိသားစုတစ်စုလုံး၊ ကလေးတွေ တပြုံလုံးကို လူလားမြောက်အောင် သူကပဲ လုပ်ကိုင်ကျွေးခဲ့ရတာ။ နောက်ဆုံး သူတို့ယာကလေးကို ရောင်းချပြီး မြို့ရဲ့ ဆင်ခြေဖုံးက လူဆင်းရဲရပ်ကွက်ကလေးဆီ ပြောင်းလာခဲ့ကြတာပဲ။ အဲဒီမှာ နေကြတာကိုက အတော်တောင်ကြာပြီ။
ပြောရမယ်ဆိုရင်တော့ ဒီအဘွားကြီးဟာ ခပ်ညံ့ညံ့တော့ မဟုတ်ဘူး။ ဒါပေတဲ့ တွေးတတ်၊ ခေါ်တတ်၊ ဆုံးဖြတ်တတ်တဲ့ အရွယ်ရောက်နေတဲ့ သူ့မြေးတွေအဖို့ကတော့ ဒီအဘွားကြီးဟာ ဟန်ဆောင်ကောင်းတဲ့ အညာမကြီးပဲ။ တစ်ခါက သူတို့ ဦးလေးတစ်ယောက်က ပြောပြဖူးတဲ့အကြောင်းတစ်ခု ရှိတယ်။ တစ်နေ့တော့ သူက သူ့ယောက္ခမတော်တဲ့ အဲဒီအဘွားကြီးကို တွေ့ရအောင် သွားသတဲ့။ အိမ်အပြင်ဘက်ကနေ လှမ်းကြည့်လိုက်တော့ အဘွားကြီးဟာ ပြတင်းပေါက်နားဆီက ကုလားထိုင်မှာ ထိုင်ပြီး ငိုက်နေသတဲ့။ ဒါပေတဲ့ တံခါးခေါက်လိုက်လို့ လာပြီး တံခါးဖွင့်ပေးတော့ အဘွားကြီးလက်ထဲမှာ ကြက်မွေးတစ်ချောင်း ကိုင်ထားပြီး အိမ်အလုပ်တွေ လုပ်နေရလို့ ချက်ချင်း တံခါးမဖွင့်ပေးနိုင်တာပါလို့ တောင်းပန်သတဲ့။ အိမ်အလုပ်တွေက များလွန်းလို့ သူ့မှာ အားတဲ့အချိန်တောင် မရှိဘူးလို့လည်း ပြောသေးတာဆိုပဲ။ တကယ်တော့ ခုလို အဘွားကြီး ပြောတတ်တာကတော့ ပုံမှန်ပဲ။ မိသားစုအချင်းချင်း ပြောဆိုဆွေးနွေးကြတဲ့အခါမျိုးမှာလည်း ပြောလို့ ဆိုလို့ ပြီးတာနဲ့ အဘွားကြီးက မူးမေ့သွားတတ်သေးတာ။ နှလုံးက သိပ်မကောင်းသမို့ အဘွားကြီးက အန်တတ်သေးတယ်။ အန်တယ်ဆိုတော့လည်း သူ့ဘာသာ တံခါးပိတ်ပြီး အန်တာမျိုး မဟုတ်ဘူး။ မီးဖိုခန်းထဲဆီ သွားပြီး လူလူသူသူ ကြားအောင် ကျယ်ကျယ်လောင်လောင်နဲ့ အန်တာ။ အန်ပြီးလို့ မီးဖိုခန်းထဲက ထွက်လာရင် သူ့ခမျာ သွေးဆုတ်ထားသလို ဖြူဖပ်ဖြူလျော်နဲ့၊ မျက်ရည် အရွှဲသားနဲ့။ တစ်ယောက်ယောက်က သူ့ကို အခန်းထဲသွားပြီး လှဲနေလေလို့ ပြောပြန်ရင်လည်း သူက စားဖို့ သောက်ဖို့တွေ လုပ်ရဦးမယ်။ အိမ်ကိစ္စတွေ လုပ်စရာ ရှိသေးတယ်လို့ ပြန်ပြောတတ်တယ်။ "တစ်အိမ်လုံးကိစ္စ ငါပဲ လုပ်နေရတာ"လို့ပြောတဲ့အခါ ပြော၊ "ငါများမရှိရင် နင်တို့ ဘယ်လို နေကြမယ် မသိဘူး"လို့ ပြောတဲ့အခါ ပြောသေးတာ။
အဘွားကြီးရဲ့ သားသမီးတွေ၊ မြေးတွေကတော့ အဘွားကြီး အန်တာကို သိပ်ဂရုမစိုက်ကြတော့ဘူး။ အန်တာဟာ အဘွားကြီး ထိုးစစ်ဆင်မှုတစ်ခုပဲ။ အဘွားကြီးရဲ့ အကြောင်းမရှိ အကြောင်းရှာပြီး လုပ်နေတာ တစ်ခုပဲလို့ မြင်ကြတယ်။ တစ်နေ့တော့ အဘွားကြီးက အိပ်ရာထဲမှာ လှဲနေရင်း ဆရာဝန်ကို အခေါ်ခိုင်းတယ်။ ကလေးတွေကလည်း အဘွားကြီးကို နောက်တဲ့အနေနဲ့ ဆရာဝန် ပင့်ခိုင်းလိုက်ကြတယ်။ ပထမနေ့ မှာတော့ အဘွားကြီးက ဗိုက်နာတာတဲ့။ ဒုတိယနေ့မှာတော့ ကင်ဆာဆိုပဲ။ တတိယနေ့ကျတော့ အသည်းနှလုံးရောဂါ အကြီးအကျယ်တဲ့။ မြေးအငယ်ကောင်ကတော့ အဘွားကြီးကို ကြည့်ပြီး အကြံအဖန်လုပ်နေတာပဲ။ သိပ်ကို သရုပ်ဆောင် ကောင်းတာပဲလို့ မြင်တော့ သိပ်မပူဘူး။ အဘွားကြီးက သူ့ကို နှစ်ပေါက်တစ်ပေါက် ရိုက်ထားတာ များတော့လည်း သူ့အနေနဲ့က အကောင်းမြင်စရာ မရှိဘူး။ မချစ်သော်လည်း အောင့်ကာနမ်း ဆိုတာမျိုး မလုပ်ချင်တော့ဘူး။ ကြိုးစားပြီး သူ့ဘာသာ ရဲဆေးတင်ထားလိုက်တယ်။ ဒါပေတဲ့လည်း နေမကောင်းလို့ပါ၊ ဘာဘာညာညာလို့ဆိုပြီး လှည့်တတ်တဲ့ လူတွေဟာ အောင်မြင်တတ်ကြတယ်။ အဘွားကြီးကတော့ သေခါနီးအထိ အဲဒီလို လှည့်ပတ်သွားတာ နောက်ဆုံးနေ့ အထိပဲ။ မသေခင် အီးတပူပူပေါက်ရင်း သူ့မြေးကို "ငါကတော့ ဝက်ပေါက်စ ကလေးလို အီးတပူပူ ပေါက်နေတော့တာပဲ"လို့ ပြောသေးတယ်။ နောက်တစ်နာရီ လောက်ကျတော့ သေရော။
အဘွားကြီးရဲ့ မြေးကတော့ ဘာဆိုဘာကိုမျှ နားမလည်နိုင်ဘူး။ ကြောက်စရာ ကောင်းလှတဲ့ မိန်းမကြီးတစ်ယောက်ရဲ့ နောက်ဆုံး သရုပ်ဆောင်ချက်တွေကို သူ တွေ့ကြုံလိုက်ရတာပဲဆိုတာ သူ့ခေါင်းထဲက မထွက်နိုင်ဘူး။ မင်းစိတ်ထဲမှာ မကောင်းများ ဖြစ်သလား။ ဝမ်းနည်းသလားလို့ သူ့ကိုမေးရင် သူ့မှာ စိတ်ထဲမှာ မကောင်းဖြစ်စရာ၊ ဝမ်းနည်းစရာ ရှာမတွေ့ဘူးလို့ ဖြေမှာပဲ။ အသုဘချတဲ့နေ့ကျတော့ အားလုံးက ငိုငို ယိုယိုဖြစ်ကြတာမို့ သူလည်း အသာရှိုက်လိုက်မိတယ်။ ဘွားအေကြီးရဲ့ အကြောင်းမှန်ကို မပြောရဘဲ ကောင်းတာတွေချည်း ပြောနေရလို့ သူ့ဘာသာ ချောက်ချားနေမိတယ်။ အဲဒီနေ့ကတော့ ဆောင်းရာသီရဲ့ သာယာတဲ့နေ့ တစ်နေ့ပဲ။ နေသာတယ်။ ပြပြ ပြာနေတဲ့ ကောင်းကင်ထဲဆီမှာ အအေးဓာတ်ဟာ အဝါရောင် လက်ပြီး တောက်နေသလိုပဲ။ သချုႋင်းကုန်းကနေ မြို့ကို အထက်ဆီက လှမ်းမြင်နေရတယ်။ ပင်လယ်ကွေ့ထဲဆီမှာတော့ ဖြည်းဖြည်းချင်း ဝင်စပြု နေတဲ့နေကို ကြည်ကြည်လင်လင် မြင်နေရတယ်။ ရေစိုနေတဲ့ နှုတ်ခမ်းလိုပဲ။
ခုရေးခဲ့တာတွေ အားလုံးဟာ ဘာမျှအံဝင်ခွင်ကျ ဆက်စပ်မှု မရှိဘူး မဟုတ်လား။ အမှန်ပဲ။ မရှိဘူး။ ရုပ်ရှင်သွားကြည့်မှာမို့ ထားရစ်ခဲ့တဲ့ အဘွားကြီး။ သူ ပြောနေတာကို ဘယ်သူက နားမထောင်လိုကြတော့တဲ့ အဘိုးကြီး။ သေတာတောင် ဘာမျှ ကြောင်းကျိုးဖြစ်မလာနိုင်တဲ့ အသေမျိုး။ တခြားတဖက်မှာကတော့ သာယာ လှပနေတဲ့ ကမ္ဘာကြီး။ တကယ်လို့သာ အရာရာကို လက်ခံမယ် ဆိုရင် ဘယ်လိုများ တမူ ထူးခြားသွားမယ် ထင်သလဲ။ ဒီမှာ ရေးခဲ့တဲ့ဟာ သုံးခုက ဦးတည်ချက်တစ်ခုစီ။ ဒါပေတဲ့ ရည်ရွယ်ရင်းကတော့ အတူတူလိုပဲ။ သေခြင်းတရားဆိုတာက အားလုံးအတွက်။ ဒါပေတဲ့လည်း သေခြင်းဆိုတာက တစ်ဦးချင်း တစ်ယောက်ချင်းစီ အတွက်ပဲ။ နောက်ဆုံးမှာတော့ နေရောင်ခြည်ဟာ ကျွန်တော်တို့ အားလုံးကို နွေးထွေးနေစေဦး မှာပဲ။