အေးချစ်၊ ဦး (EEAC)

ဝီကီပီးဒီးယား မှ

ဦးအေးချစ် EEAC သည် အင်္ဂလိပ်ဘာသာစကားဆိုင်ရာ သင်ကြားသူတစ်ဦးဖြစ်ပြီး စာပေရေးသားနေသည့် စာရေးသူဖြစ်သည်။

ဦးအေးချစ် EEAC ကို အဖ ဦးသိန်းဖေ အမိ ဒေါ်လှကြည်တို့မှ ရန်ကုန်မြို့တွင် ၁၉၅၅ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ် အမှတ် ၁ အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ၁၉၇၇ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ B.Sc(Geology) ဘွဲ့ ရရှိခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောကော်ပိုရေးရှင်း၊ ရုံးချုပ်တွင် ဌာနစိတ်လက်ထောက်အဖြစ် လည်းကောင်း၊ ၁၉၈၁ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ၊ ဆည်မြောင်းဦးစီးဌာနတွင် ဦးစီးအရာရှိ(ဘူမိဗေဒ) အဖြစ်လည်းကောင်း အမှုထမ်းဆောင်ခဲ့သည်။

၁၉၇၅ ခုနှစ်မှစပြီး ကိုယ်ပိုင်အင်္ဂလိပ်စာနည်းပြသင်တန်းကျောင်းကို တည်ထောင်ဖွင့်လှစ်ကာ အလယ်တန်း၊ အထက်တန်း၊ ကျောင်းသားကျောင်းသူများအား အင်္ဂလိပ်စာသင်ကြားပေးပို့ချခဲ့သည်။ ကိုယ်ပိုင်သင်တန်းကျောင်းအဖြစ် သင်္ကန်းကျွန်းမြို့နယ်တွင် EEAC English Center ကို ဖွင့်ထားပြီး သမဝါယမဒီဂရီကော်လိပ်တွင် ဧည့်သင်ကြားသူအဖြစ် အင်္ဂလိပ်စာသင်ကြားပို့ချလျက် ရှိသည်။ GCE, TOEFL, IELTS နိုင်ငံတကာစာမေးပွဲ ဖြေဆိုမည့် သူများအား အင်္ဂလိပ်စာသင်ကြားပေးနေပြီး ပညာဒါန အဖြစ် စမ်းချောင်း မနောရမ္မပညာဒါနနှင့် တာမွေ ပစ္ဆိမာရုံပညာဒါနကျောင်းများတွင် အင်္ဂလိပ်စာသင်ကြားပြသပေးလျက် ရှိသည်။

အင်္ဂလိပ်စာပညာပေး ဆောင်းပါးများ၊ ဘာသာပြန်စာပေများကို English For All, Top, Light,Global English မဂ္ဂဇင်းနှင့် ရယ်စရာမဂ္ဂဇင်းတို့တွင် ပင်တိုင်ဆောင်းပါးရှင်အဖြစ် ရေးသားလျက် ရှိသည်။ လုံးချင်းစာအုပ်အနေဖြင့် ရွှေလက်တွဲဆုံ မြန်မာ-အင်္ဂလိပ်စကားပုံစာအုပ်နှင့် လက်တွေ့ရေး ချက်ချင်းတတ် အခြေခံ အင်္ဂလိပ်ဝါကျဖွဲ့နည်းများတို့ကို ရေးသားခဲ့သည်။ ဦးအေးချစ် EEAC ၏ကလောင်ခွဲများမှာ အောင်မြတ်ထွန်း၊ Adrian တို့ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]