အော်ဂန် (ဂီတ)

ဝီကီပီးဒီးယား မှ

အော်ဂန်။ ။ အော်ဂန်ခေါ် ပြွန်စန္ဒယားသည် သာမန် စန္ဒယားကဲ့သို့ပင် လက်နှိပ်ခလုတ်များပါရှိပြီး အတွင်း၌တပ်ဆင် ထားသော လေပြွန်များမှတစ်ဆင့် လေဖိအားဖြင့် တေးသံစုံများ ပေါ်ထွက်လာအောင် တီးနိုင်သော စန္ဒယားတစ်မျိုးဖြစ်သည်။ အော်ဂန်မှထွက်သောဂီတသံသည် လက်ရှိဂီတသံများအနက် အသံ အားအကောင်းဆုံးနှင့် အကြီးမားဆုံးဖြစ်သည်။ အော်ဂန် ဖြင့် မည်သည့်တူရိယာသံမျိုးကိုမဆို တစ်သံချင်းသော်လည်း ကောင်း၊ အော်ခက်စတြာ တီးဝိုင်းပမာ တေးသံစုံသော်လည်း ကောင်း တစ်ထပ်တည်းတူညီအောင် တီးနိုင်သည်။ ထို့ပြင် အော်ဂန်၌ သီးခြား ပင်ကိုသံလည်း ရှိသေးသည်။ အော်ဂန်တွင် အရေးကြီးသော အစိတ်အပိုင်း လေးမျိုး ပါရှိသည်။ ယင်းတို့မှာ တီးစရာလက်ခလုတ်များ၊ လျှာခင်တပ် အသံအိုး၊ အဆို့ရှင်တပ်လေပြွန်အိုးနှင့် အသံလှိုင်းလေပြွန်တို့ ဖြစ်သည်။ အော်ဂင်တီးသူသည် လက်ခလုတ်ကို ဖိနှိပ်လိုက် သည့်အခါ အသံလှိုင်းသည် လျှာခင်တပ် အသံအိုးထဲမှဖြတ်၍ အဆို့ရှင်တပ်လေပြွန်အိုးထဲသို့ လေမှုတ်အားဖြင့် တိုးဝင်သွား သည်။ ထို့နောက် လေပြွန်အိုးထဲ၌ အသင့်ရှိနေသော လေထု ဖိအားကြောင့် အသံလှိုင်းသည် စိုက်ထူထားသော လေပြွန်များမှ တစ်ဆင့် အပြင်သို့ ဂီတသံအဖြစ် တိုးထွက်လာသည်။ ဤနည်း အားဖြင့် အရွယ်ကြီးငယ်၊ အတိုအရှည် အသွယ်သွယ်ဖြင့် စီမံ ထားရှိသော အသံလှိုင်းလေပြွန်များမှ ပြွန်စန္ဒယား၏ တေးသံစုံ များ ထွက်ပေါ်လာတော့သည်။ အော်ဂန်၌ပါရှိသော လေပြွန်အိုး ကိုမူ လျှပ်စစ်မော်တာတပ် ပန်ကာလေဖြင့် လေပြည့်အောင် အမြဲဖြည့်သွင်းထားသည်။ အော်ဂန်တွင် လက်နှိပ်ခလုတ် တစ်တန်းမှခြောက်တန်းအထိ ပါရှိသည်။ အသံထိန်းခြေနင်း ဘရိတ်များ၊ လက်နှိပ်ဘရိတ်များလည်း ပါရှိသည်။ အော်ဂန်၏ အရွယ်အစားမှာ အသုံးပြုသည့် နေရာဌာနကိုလိုက်၍ အမျိုးမျိုး ရှိသည်။ အသေးဆုံးအော်ဂန်တွင် အသံလှိုင်းပြွန်ချောင်း ၃၇ဝ ခန့်ရှိပြီး အကြီးဆုံးအော်ဂန်တွင်မူ ၄ဝဝဝဝ ကျော်ပါရှိသည်။ အော်ဂန်အရွယ်ကြီးလေလေ ဂီတသံရှိန် ကောင်းလေလေပင် ဖြစ်သည်။

အော်ဂန်၏မူလပုံစံမှာ ဂရိလူမျိုးတို့၏ ပန်ပြွေ (လေ မှုတ်ပြွန်တူရိယာ) တစ်မျိုးနှင့်ဆင်တူသည်။ တီးမှုတ်သူသည် ထိပ်ဖွင့်ထားသော ပြွန်ထဲသို့ လေကိုမှုတ်သွင်းရသည်။ ထိုတူရိ ယာမျိုးကို ဘီစီ ၅ဝဝ က အသုံးပြုခဲ့ကြသည်။ နောင်နှစ်ပေါင်း ၃ဝဝ ခန့်ကြာသောအခါ အယ်လက်ဇန္ဒြီးယားမြို့မှ ဆီးတီးဗတ် ဆိုသူက ရေအားသုံး လေမှုတ်ပြွန်တူရိယာကို တီထွင်ခဲ့သည်။ ဗိုင်ဇင်ရှမ်မြို့သည် အော်ဂန်စတင်ပြုလုပ်ရာ အချက်အချာမြို့ တစ်မြို့ဖြစ်သည်။

အော်ဂန်ကို ခရစ်နှစ် ၆ဝဝ ပြည့်ကျော်ကာလ ပုပ် ရဟန်းမင်း ပထမ ပီတာလီယန်းလက်ထက်၌ ခရစ်ယာန်ဘုရား ရှိခိုးကျောင်းတွင် စတင်အသုံးပြုခဲ့သည်။ ခရစ် ၁၃ဝဝ မှ ၁၈ဝဝ ပြည့်နှစ်အတွင်းဂျာမန် လူမျိုးတို့သည် အော်ဂင်ကို ကမ္ဘာသုံးဖြစ်အောင် ထုတ်လုပ်ခဲ့သည်။ ခရစ် ၁၈ဝဝ ပြည့်နှစ် ကာလအတွင်း အင်္ဂလိပ်လူမျိုးတို့သည် အော်ဂန် တည်ဆောက် ရာတွင် နာမည်ကြီးလာသည်။ လျှပ်စစ်ဓာတ်အားသုံး အော်ဂန် ကိုမူ ၁၈၇၆ ခုနှစ်တွင် ဖီလဒဲလဖီးယားမြို့၌ ကျင်းပသော အမေရိကန်လွတ်လပ်ရေး နှစ် ၁ဝဝ ပြည့်ပွဲတော်တွင် ပထမ စတင် အသုံးပြုခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)