အောင်သန်းထွန်း

ဝီကီပီးဒီးယား မှ

"အမျိုးသား စာပေဆုရ အောင်သန်းထွန်း (မုံရွာ)၊ မဟာဝိဇ္ဇာ (ဂုဏ်ထူး)၊ ဥပဒေ ဝိဇ္ဇာ" ရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို ပြည့်စုံ စာအုပ်တိုက်က ၂ဝဝ၅ ခု၊ ဇူလိုင်လမှာ ပထမ အကြိမ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ အောင်သန်းထွန်းရဲ့ 'အဓိက သမိုင်းဆိုင်ရာ ဝေါဟာရများ (101 Key Ideas History)' စာအုပ်ကနေ ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။


အမျိုးသား စာပေဆုရ အောင်သန်းထွန်း (မုံရွာ)၊ မဟာဝိဇ္ဇာ (ဂုဏ်ထူး)၊ ဥပဒေ ဝိဇ္ဇာ[ပြင်ဆင်ရန်]

ဦးအောင်သန်းထွန်း၏ မျိုးရိုး ဇာတိမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ဗန့်ကျီတိုက်၊ ဆင်ရှင်မြို့နယ်၊ မင်းတိုင်ပင်ရွာမှ ဖြစ်သည်။ ၎င်း၏ ဘေးဖြစ်သူမှာ မင်းတိုင်ပင်မြို့သား၊ သတိုးသုဓမ္မ မဟာသက်တော်ရှည်၊ သေနတ်ဝန်၊ လယ်ကိုင်းမြို့စား၊ ကင်းဝန်မင်းကြီး ဦးကောင်း ဖြစ်သည်။


ဦးအောင်သန်းထွန်းသည် ငယ်စဉ်က ဒုတိယ ကမ္ဘာစစ်ကြီး မဖြစ်မီ မုံရွာမြို့၊ ဝက်စလီယံ အထက်တန်းကျောင်း (ယခု အထက ၃) တွင် ပညာ သင်ကြားခဲ့သည်။ ဒုတိယနှင့် ပဥ္စမတန်းများတွင် ၆ လနှင့် အတန်းတက်ခွင့် ရခဲ့၏။ မြန်မာ တနိုင်ငံလုံးတွင် ၇ တန်း စကောလားရှစ်ကို ယှဉ်ပြိုင် ဖြေဆိုခဲ့ရာ၌ ပထမအဆင့်မှ အောင်မြင်ခဲ့သည်။


စစ်ပြီး ကာလတွင် မုံရွာမြို့ အစိုးရ အထက်တန်းကျောင်း အမှတ် ၁ မှ ၁ဝ တန်း စာမေးပွဲ ဖြေဆို အောင်မြင်ပြီး၊ ရန်ကုန် တက္ကသိုလ်သို့ ဆက်လက် သွားရောက် ပညာ သင်ကြားခဲ့ရာ ခေတ်သစ် သမိုင်းနှင့် နိုင်ငံရေး သိပ္ပံဘာသာများဖြင့် ဝိဇ္ဇာ (ဂုဏ်ထူး)၊ မဟာဝိဇ္ဇာ (ဂုဏ်ထူး) ဘွဲ့များနှင့် ဥပဒေ ဝိဇ္ဇာဘွဲ့များ ရရှိခဲ့သည်။


ဦးအောင်သန်းထွန်းသည် မြန်မာနိုင်ငံ ဘီစီအက်စ် ခေါ် ပဋိညာဉ်ခံ ဝန်ထမ်း (အရွေးချယ်ခံတန်း)၊ ကျောက်ဖြူ ဥပစာကောလိပ်၊ ရန်ကုန် တက္ကသိုလ်၊ သက်ကြီးတက္ကသိုလ်၊ လုပ်သား ကောလိပ်နှင့် မန္ဈလေး တက္ကသိုလ်တို့တွင် သမိုင်းနှင့် နိုင်ငံရေး သိပ္ပံ ကထိက အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။


ရန်ကုန်မြို့ Soorma & Boon Law Firm တွင် အဖွဲ့ဝင် ဥပဒေ အကျိုးဆောင် လွှတ်တော် ရှေ့နေကြီး၊ မြန်မာနိုင်ငံ ရှေ့နေချုပ် ဌာနတွင် အစိုးရ လွှတ်တော် ရှေ့နေကြီးနှင့် ကချင်ပြည်နယ် ဥပဒေရုံး အကြီးအကဲ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ဦးအောင်သန်းထွန်းသည် အခါ အားလျော်စွာ မြန်မာနိုင်ငံ သုတေသန ကွန်ဂရက်တွင် သုတေသန စာတမ်းများ ဖတ်ကြားခြင်း၊ သုတေသနကျမ်းများ ပြုစုခြင်း၊ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် အင်္ဂလိပ် - မြန်မာ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများတွင် သုတေသန ဆောင်းပါးများ ရေးသားခဲ့သည်။


ဦးအောင်သန်းထွန်းသည် 'ခေတ်လေးခေတ် မြန်မာ့တရား ဥပဒေ'၊ ၁၉၆၈ ခုနှစ်နှင့် 'မြန်မာမင်းများ တရားစီရင်ရေး' စာအုပ်တို့ဖြင့် အမျိုးသား စာပေဆု၊ 'မြန်မာဓမ္မသတ်များ သမိုင်း' စာအုပ်ဖြင့် စာပေဗိမာန် စာမူဆု (ပထမ) တို့ ရရှိခဲ့သည်။


ဦးအောင်သန်းထွန်းသည် ယခုလည်း သုတေသနကျမ်းများ၊ ဘာသာပြန်များကို ဆက်လက် ပြုစုနေဆဲ ဖြစ်သည်။ South East Asian Education Ministers Organization အာဆီယံ ၁ဝ နိုင်ငံ အဖွဲ့မှ စုပေါင်း ထုတ်ဝေမည့် ကျမ်းကြီး အတွက် မြန်မာနိုင်ငံကို ကိုယ်စားပြုကာ Legal Traditions of Myanmar သုတေသန စာတမ်ရှည်ကြီး ပြုစု ပေးခဲ့သည်။


ဦးအောင်သန်းထွန်းသည် နိုင်ငံတော် တရား လွှတ်တော်ချုပ်က ဦးစီး ထုတ်ဝေသော Judicail Journal နှင့် နိုင်ငံတော် ရှေ့နေချုပ်က ထုတ်ဝေသော Law Journal တို့၏ English Section တွင် အင်္ဂလိပ် ဘာသာဖြင့် ဥပဒေရေးရာ ဆောင်းပါးများကို ပုံမှန် ရေးသား နေသည်။ အင်္ဂလိပ် ဘာသာထုတ် The Guardian Monthly တွင်လည်း အင်္ဂလိပ် ဘာသာဖြင့် ကဗျာများ၊ ဆောင်းပါးများ၊ ဘာသာပြန် ဝတ္ထုတိုများ ရေးသားလျက် ရှိသည်။


ရန်ကုန်မြို့ အင်းဝနှင့် ပြည့်စုံ စာပေတိုက်များ အတွက်လည်း အင်္ဂလိပ် - မြန်မာ နှစ်ဘာသာဖြင့် ကျမ်းများ၊ ဘာသာပြန်များ ပြုစုပေးလျက် ရှိသည်။ Myanmar Perspective အင်္ဂလိပ် မဂ္ဂဇင်း အတွက်လည်း သုတေသန ဆောင်းပါးများ ရေးပေးလျက် ရှိသည်။