အောင်မြတ်ထွတ်၊ ဦး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာ ဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်တဲ့ ပဉ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ' စာအုပ်က "ဦးအောင်မြတ်ထွတ် (၁၂၄၄ - ၁၃၁၃)" အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

ဦးအောင်မြတ်ထွတ် (၁၂၄၄ - ၁၃၁၃)[ပြင်ဆင်ရန်]

ရမည်းသင်းမြို့ အနောက်တောင်လက် ခရီးလေးတိုင်ကွာ ရမည်းသင်း ငါးမြို့ အဝင် မြို့လှမြို့ အရှေ့တောင်လက် ခရီးတတိုင်သာသာ ပင်းစုရွာတွင် ၁၂၄၄ ခု၊ နယုန်လပြည့်ကျော် ၁၁ ရက် တနင်္ဂနွေနေ့ နံနက် နေဝန်းပေါ်ချိန်၌ ဦးအောင်မြတ်ထွတ်ကို ဖွားမြင်သည်။ မိဘနှစ်ပါးမှာ ဦးလာနှင့် ဒေါ်အုပ်တို့ ဖြစ်သည်။ ဦးအောင်မြတ်ထွတ်သည် တဦးတည်းသော သား ဖြစ်သည်။


ငါးနှစ်သား အရွယ်မှ စ၍ ဦးရီးတော် အရင်းဖြစ်သော ရွာဦးကျောင်း ဆရာတော် သုံးဂိုဏ်းချုပ် ဓမ္မကထိက မဟာ ဝိဘင်္ဂဓရ ဘွဲ့တံဆိပ်တော်ရ ရှင်ဝိလာသထံ၌ သင်ပုန်းကြီးမှ စ၍ မင်္ဂလသုတ် စသော အခြေခံ ကျမ်းစာများနှင့် ဗေဒင် လက်ရိုးတို့ကို သင်ယူ ဆည်းပူးခဲ့သည်။


ဆယ့်လေးနှစ် အရွယ်တွင် ရှင်သာမဏေ ပြုသည်။ ဘွဲ့တော်မှာ ရှင်အာဒိစ္စဝံသ ဖြစ်သည်။ ဆယ့်ခြောက်နှစ် အရွယ်တွင် ရမည်းသင်းနယ် ထောက်ကြံ့ခြင်း ကျောင်းတွင် ဂဏန်း သချင်္ာ သင်ယူသည်။ ထို့နောက် ပျော်ဘွယ်မြို့ ဝေဇယန် ဆရာတော် ရှင်ဝိမလထံ ရောက်၍ ဆရာတော်၏ တူ လေသာ ဆရာတော် ရှင်ဝိလာသထံတွင် ဋီကာကျော်၊ ကင်္ခါ၊ ဝိနည်းငယ်လေးစောင်၊ အဘိဓာန် တို့ကို သင်ယူသည်။ ၁၂၆၃ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်နေ့တွင် ရဟန်းဘောင်သို့ ဝင်သည်။ မန္ဈလေး ဘုရားကြီးတိုက်မြို့ အုပ်ကြီးကျောင်း ဂဏဝါစက ရှင်ဝိသုဒ္ဓထံ၌ သဒ္ဒါ၊ ဆန်း၊ အလင်္ကာ၊ အဘိဓာန်၊ ကစ္စာယနသာရ၊ ဘေဒစိန္ဈာ၊ ပုဒ်စစ်၊ အဘိဓမ္မာညဝါ၊ ဝိနည်းငါးကျမ်း ပါဠိတော်တို့ကို လည်းကောင်း၊ ညောင်တုန်းမြို့ ရွှေဟင်္သာတော်ရတိုက် ဆရာတော် ရှင်ဉာဏိန္ဒာသဘ ထံ၌ သင်ရိုး ပိဋကတ် အဋ္ဌကထာစုံနှင့် ပဒရူသိဒ္ဓိ၊ ဋီကာကျော်၊ သက္ဗတ ဗျာကရုဏ်းကျမ်း တို့ကို လည်းကောင်း သင်ယူခဲ့သည်။


ရဟန်း ငါးဝါ အရတွင် ပိဋကတ် တတ်မြောက်ပြီး ဖြစ်၍ ဂဏဝါစက စာချ ပြုလုပ်လျက် 'ပါဒသိက္ခာ နယူပဒေသကျမ်း' ကို ရေးသားသည်။ ဟံသာဝတီ သတင်းစာတွင် 'ပညာဝန် ဦးဘိုးစ' ဟူသော ကလောင် အမည်ဖြင့် ပိဋကတ် ဆိုင်ရာ ဆောင်းပါးများ ရေးသည်။ ထို့နောက် တွံတေး၊ မော်လမြိုင်၊ တောင်ငူ၊ ပျော်ဘွယ်၊ မန်လည်၊ မန္ဈလေး စသည့် အနယ်နယ် အရပ်ရပ်သို့ လှည့်လည်၍ စာချခြင်း၊ ပညာ ဆည်းပူးခြင်းများ ပြုသည်။ ပါဠိဘာသာဖြင့် 'ကစ္စာယနသင်္ဂကျမ်း'၊ 'ပဒသင်္ဂဟကျမ်း' တို့ကိုလည်း ပြုစုခဲ့သည်။ တဖန် မော်လမြိုင်သို့ ရောက်ပြန်၍ ကြံခင်းကျောင်း၌ မဟာနာယက အဖြစ် စာချနေစဉ် 'မိလိန္ဒပဥှာနိဿယ' နှင့် 'ပဒသင်္ဂဟနိဿယ' တို့ကို ရေးသားခဲ့သည်။


၁၂၇၆ ခုနှစ်၊ ဝါဆိုဦးတွင် နောက်ပါ သံဃတော် ၅ဝ ကျော်နှင့် ရန်ကုန်မြို့ ပုဇွန်တောင် တောင်လုံးပြန် သုသာန်ဟောင်း၌ 'အရှင်အာဒိစ္စဝံသ ကျောင်းတိုက်' အမည်ဖြင့် စာသင်တိုက်ကို စတင် တည်ထောင်သည်။ ၁၂၈ဝ ပြည့်နှစ်တွင် အိန္ဒိယ၊ သီဟိုဠ် (သီရိလင်္ကာ)၊ အင်္ဂလန်တို့သို့ ွ့ွကရောက်၍ ကိုးနှစ်ကျော် ဘာသန္ဈရ သင်ယူသည်။ အင်္ဂလိပ်၊ ဟိန္ဒီ၊ ဗင်္ဂါလီ၊ ရုရှမုခီ၊ အူရဒူ၊ ဂျပန်ဘာသာတို့ကို ဆည်းပူးခဲ့သည်။ ပြင်သစ်၊ အီတလီနိုင်ငံများသို့ လှည့်လည်ပြီး ၁၂၉ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံသို့ ပြန်ရောက်သည်။


အရှင် အာဒိစ္စဝံသ ကျောင်းတိုက်တွင် အစိုးရ အထောက်အပံ့ခံ အထက်တန်းကျောင်း၊ အင်္ဂလိပ်စာ အလွတ် ပညာသင် ကျောင်းတို့ကို တိုးချဲ့ ဖွင့်လှစ်သည်။ ရဟန်းတော်များ ဘာသန္ဈရ သင်ကြားရေး အတွက် စတင် လှုံ့ဆော်သည်။ သာသနာတော် ပြန့်ပွားအောင် ဆောင်ရွက်ရာတွင် ဘာသာခြား စကားများ တတ်မြောက်ပါက များစွာ အထောက်အကူ ဖြစ်သဖြင့် ရဟန်းတော်များ ဘာသန္ဈရ သင်သင့်ကြောင်း လှုံ့ဆော်ခြင်း ဖြစ်သည်။ ဘာသန္ဈရ မသင်ကြားသင့်သော ဘက်မှ ဘုရားဖြူ ဆရာတော် ရှင်ရာဇိန္ဒက 'လောကာယတာဒိ ဝိနိစ္ဆယကျမ်း' ကို ရေးသား၍ ကန့်ကွက်ရာ၊ ရှင်အာဒိစ္စဝံသက ဘာသန္ဈရ သင်ကြားသင့်သော ဘက်မှ 'ဘာသန္ဈရ လမ်းညွှန်ကျမ်း' ကို ရေးသား၍ ဖြေရှင်းခဲ့သည်။


ဆရာတော်သည် ၁၂၉၃ ခုနှစ်တွင် အသောက မင်းတရားကြီး ကျောက်စာတို့ကို မြန်မာဘာသာ ပြန်ဆို၍ 'အသောက ကျောက်စာတော်ကျမ်း' ကို ရေးသားခဲ့ရာ ဝေလမင်းသား၏ ဆုတော်ငွေ တထောင် ချီးမြှင့် ခံရသည်။


ရှင်အာဒိစ္စဝံသသည် ရဟန်း သံဃာတော်ချင်း ဖြစ်သော မှုခင်း ကိစ္စများကို ရဟန်း သံဃာတော်တို့ကသာ ဝိနည်းတော်ဖြင့် ဆုံးဖြတ်နိုင်ရန် 'ဝိနယဓရ ဥပဒေ' ရေးသား၍ ေွ့ွကးကြော်သည်။ ကန့်ကွက်သူများ ပေါ်ပေါက်ခဲ့ရာ ရှင်အာဒိစ္စဝံသက 'ဓမ္မဝိနယ ပြန်တမ်း' ကို ရေးသား၍ ဥပဒေ ပြဋ္ဌာန်းသင့်သော ဘက်မှ ဖြေရှင်းခဲ့သည်။ ထို့ပြင် 'ဘိက္ခုနီသာသနော် ပဒေသကျမ်း' ကို ရေးသား၍ ဘိက္ခုသာသနာ ပြန်လည် ဖော်ထုတ်ရန် ကြိုးပမ်းပြန်ရာ ကန့်ကွက်မှုများနှင့် ကြုံရပြန်သည်။ ဆရာတော်က 'ဘိက္ခုနီ အရေးတော်ပုံ' ကို ရေးသား၍ ဖြေရှင်းခဲ့သည်။


ဆရာတော်သည် စာပေ ပို့ချခြင်း၊ ရေးသား ပြုစုခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သည်။ ၁၃ဝ၄ ခု၊ ဝါခေါင်လပြည့်ကျော် ၁၄ ရက်နေ့၊ သက်တော် ၆ဝ တွင် ရဟန်းဇာတ် သိမ်း၍ လူအဖြစ်သို့ ရောက်သည်။ 'ဦးအောင်မြတ်ထွတ်' အမည် ပြန်တွင်သည်။ ဒေါ်ငွေတင့်နှင့် အိမ်ထောင်ပြုကာ ကွယ်လွန်သည် အထိ စာပေပို့ချခြင်း၊ ရေးသားပြုစုခြင်း အလုပ်ဖြင့်သာ နေထိုင်သွားသည်။


၁၃၁၃ ခု၊ ဝါခေါင်လပြည့်ကျော် ၄ ရက်နေ့ (၁၉၅၁ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့)၊ အသက် ရဝ တွင် ကွယ်လွန် အနိစ္စရောက်သည်။ ဆရာကြီး ဦးအောင်မြတ်ထွတ်၏ ရုပ်ကလာပ်ကို အရှင် အာဒိစ္စဝံသ ကျောင်းတိုက်သို့ ယူ၍ ငါးရက်ထားပြီး သဂြိုဟ်သည်။


ဆရာကြီး ဦးအောင်မြတ်ထွတ်သည် ရဟန်းဘဝမှ စ၍ စာပေ ကျမ်းဂန်များစွာ ပြုစုခဲ့သော ပညာရှင်ကြီး ဖြစ်သည်။ ကျမ်းပေါင်း ၆ဝ ကျော် ရှိကြောင်း သိရသည်။ ။


ကျမ်းကိုး ။ ။[ပြင်ဆင်ရန်]

  1. ဒဂုန်ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ၁၁ - ၁၃။
  2. ဦးမြင့်ဆွေ။ အရှင်အာဒိစ္စဝံသ အတ္ထုပ္ပတ္တိ။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁၄)။ စာ ၃၄၂ - ၃၄၅။ ။]