အောင်ဒိုင်နတ်

ဝီကီပီးဒီးယား မှ

အောင်ဒိုင်နတ်သည် မြန်မာ့မိရိုးဖလာကိုးကွယ်ကြသည့် နတ်တစ်ပါး ဖြစ်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

အောင်ဒိုင်နတ်သည် နွားကျောင်းသားမှ နတ်ဖြစ်သွားသူ ဖြစ်သည်။ တောင်သူလယ်သမား နွားမွေးမြူသူများ ကိုးကွယ်ကြသည့် နတ်တစ်ပါး ဖြစ်သည်။

အောင်ဒိုင်နတ်သည် နွားများကို စောင့်ရှောက်သည်ဟု ယုံကြည်ကြသည်။ အောင်နိုင်နတ်ကို နွားတဲတွင် စင်ဖြင့်ထားကာ ကိုးကွယ်ကြသည်။

နွားများ အနာကျသည့်အခါ (သို့မဟုတ်) ပျောက်သည့်အခါတွင် အသောက်အစား ကင်းသူတစ်ဦးက အောင်ဒိုင်နတ်အဖြစ် ပြုလုပ်ရသည်။ အောင်ပုဆိုးတောင်ရှည်၊ လယ်တောဝတ်အင်္ကျီ (သို့မဟုတ်) ရင်စေ့အင်္ကျီကို ပခုံတင်ပြီး ခမောက်၊ လွယ်အိတ်၊ ရေဘူး၊ လောက်စာလုံး၊ ကြံဖက် (သို့) စလူဖက်၊ ဓနိဖူးဖက်နှင့် ထုပ်ထားသည့် ကောက်ညှင်ထုပ်တို့ကို (၇) ထုပ်၊ ဆေးပေါ့လိပ် (၇) လိပ်၊ ပလွေစသည်တို့ကိ လွယ်ချိတ်ကိုင်ဆောင်ကာ ပျောက်သွားသော နွားရှင်၏ နွားတင်းကုပ် ဥရုတိုင်ကို ဘယ်ခြေထောက်နိမ့်နင်းကျိုးဟန်ပြုကာ အောက်ပါ သီချင်းကို ဆိုရင်း (၇) ပတ်လှည့်ရသည်။

“ပုဆိုးရယ် စွန်တောင် စွန်တောင်၊ ဘယ်ပေါင်က နိမ့်နင်း နိမ့်နင်း၊ မောင်အောင်ဒိုင် ဘယ်အခင်းကြောင့် ယာရတယ်မင်း၊ နွားပျောက်ရှာရင်း လာရတယ်မင်း” ဟု ဆိုရသည်။ သီချင်းတစ်ပုဒ်ပြီးဆုံးသည့်အခါတိုင်း ပုလွေတစ်ခါ မှုတ်ရသည်။ ပုလွေကို သီချင်းသွားအတိုင် မမှုတ်တတ်ပါက မြည်ရုံကလေးမျှ မပီတပီ တေးသွားအလိုက် မှုတ်ရသည်။ (၇) ပတ်ပြည့်၍ ပြီးဆုံးသည့်အခါတွင် နွားရှင်သည် အောင်ဒိုင်နတ်ဆီမှ ပစ္စည်းများကို ယူကာ နွားတင်းကုပ်၏ ဥရုတိုင်တွင် ချိတ်ဆွဲထားပြီး နွားရှာကြသည်။ ထိုသို့ ရှာပါက နွားပြန်တွေ့သည်ဟု ယုံကြည်ကြည်။

အချို့မှာ အောင်ဒိုင်နတ်ကို မေး၍ ဗေဒင်မေးကြသည်လည်း ရှိသည်။ ထိုအခါ အောင်ဒိုင်နတ်သည် ဗေဒင်ဆရာကို စီး၍ တွက်ချက်ဟောပြောသဖြင့် ဗေဒင်ဆရာဟောပြောသည့်အတိုင်း လိုက်ရှာပါက ပြန်တွေ့သည်ဟု ယုံကြည်ကြသည်။

ထို့အပြင် အောင်နိုင်နတ်လုပ်သူထံမှ ပစ္စည်းများကို နွားတင်းကုပ် အဝင်ဝတွင် ချိတ်ဆွဲထားပါက နွားနာပျောက်ကင်းသည်ဟုလည်း ယုံကြည်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ဦးထွေးဟန် (ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။ pp. ၁၉၀၊ ၁၉၁။