အောကင်လက်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဆာကလော့ဂျွန်အဲယား အောကင်လက် (၁၈၈၄ ဖွား) သည် ဒုတိယကမ္ဘာစစ် (၁၉၃၉-၄၅) အတွင်းက အိန္ဒိယနိုင်ငံတွင် သေနာပတိအဖြစ် နှစ်ကြိမ်တိုင် စစ်မှုထမ်းခဲ့သော ဗြိတိသျှဗိုလ်ချုပ်ဖြစ်သည်။ ဘုရင့်အမြောက်တပ်မှ ဗိုလ်မှူးကြီးတစ်ဦးဖြစ်သူ ဂျွန်ကလော့ အောကင်လက်၏ သားဖြစ်၍ ၁၈၈၄ ခုနှစ်ဇွန်လ ၂၁ ရက် နေ့တွင် အင်္ဂလန်နိုင်ငံ အောလဒါရှော့ အရပ်၌ဖွားမြင်သည်။ ဗတ်ရှိုင်းယာခရိုင်၊ ဝယ်လင်တန်ကောလိပ်ကျောင်းနှင့်ဆင်းဟတ် စစ်တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ စစ်တက္ကသိုလ်မှ ကျောင်းထွက်သောအခါ အိန္ဒိယတပ်မတော် အမှတ် ၆၂ ပန်ဂျပ် တပ်တွင် ဝင်ရောက်စစ်မှုထမ်းသည်။ ပထမကမ္ဘာစစ်တွင် အီဂျစ်၊ အေဒင်နှင့် မက်ဆိုပိုတေးမီးယား အရပ်ဒေသတို့၌ ထူးချွန်စွာ စစ်မှုထမ်းခဲ့သဖြင့် ဒီ၊ အက်စ၊ အို အို၊ ဗီ၊ အီးနှင့် ပြင်သစ် ကရွားဒါ ဂါးစသောဘွဲ့ တံဆိပ်တော်များ ချီးမြှင့်ခြင်းခံရသည်။ ပထမကမ္ဘာစစ်ပြီးသည့်နောက် အိန္ဒိယ တပ်မတော်တွင် ဆက်လက်၍ အမှုထမ်းခဲ့ရာ ၁၉၃၆-၃၈ ခုနှစ် ၌ ဒုတိယစစ်ဦးစီးချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။


ဒုတိယကမ္ဘာစစ်စတင်ဖြစ်ပွားသောအခါ ဗိုလ်ချုပ် အောကင်လက်ကို အင်္ဂလန်နိုင်ငံသို့ပြန်ခေါ်၍ တောင်ပိုင်းတိုင်း တပ်မှူးချုပ်တာဝန်ကို ပေးအပ်သည်။ ၁၉၄ဝ ပြည့်နှစ် ဧပြီလ တွင် ဂျာမန်တပ်များက နော်ဝေးနိုင်ငံတွင်းသို့ ကျူးကျော် တိုက်ခိုက်လာသောအခါ နားဗစ်မြို့ရှိ မဟာမိတ်တပ်များကို အုပ်ချုပ်၍ ခုခံတိုက်ခိုက်ရသည်။ သို့ရာတွင် ရန်သူတို့နှင့် အင်အားချင်းမမျှသဖြင့် မဟာမိတ်တပ်များ ဆုတ်ခွာခဲ့ရသည်။ ထိုနှစ် ဒီဇင်ဘာလတွင် ဗိုလ်ချုပ်အောကင်လက်ကို အိန္ဒိယ နိုင်ငံသို့ သေနာပတိအဖြစ် စေလွှတ်ခဲ့ရာ အိန္ဒိယတပ်မတော်၌ တပ်ရင်းသစ်လေးခုကိုဖွဲ့စည်းခဲ့လေသည်။ ၁၉၄၁ ခုနှစ်ဇူလိုင်လ သို့ရောက်သော် အရှေ့အလယ်ပိုင်းစစ်တိုင်း သေနာပတိရာထူးကို ဆက်ခံရသည်။ ဗိုလ်ချုပ်အောကင်လက်သည် အာဖရိက မြောက်ပိုင်း စစ်မျက်နှာတွင် တင့်ကား စသောလက်နက် အင်အားသာလွန်သည့် ဂျာမန်ဗိုလ်ချုပ် ရွမ်းမဲ၏တပ်များကို ခုခံတိုက်ခိုက်သည်။ ဗြိတိသျှ အမှတ် ၈ တပ်မတော်ကို ကိုယ်တိုင်ဦးစီး၍ အယ် အားလမိန်း အရပ်တွင် ရန်သူတပ်များ ရှေ့မတိုးနိုင်အောင် တားဆီးနိုင်ခဲ့သဖြင့် အီဂျစ်နိုင်ငံမှာ ရန်သူ့ လက်သို့ ကျမည့်ဘေးမှ လွတ်ကင်းရလေသည်။


၁၉၄၂ ခုနှစ်၊ဩဂုတ်လတွင် ဗိုလ်ချုပ်အောကင်လက် သည် အရှေ့အလယ်ပိုင်းစစ်တိုင်းသေနာပတိ တာဝန်ကို ဗိုလ်ချုပ်အယ်လက်ဇန္ဒာသို့ လွှဲအပ်ပြီးလျှင် အနားယူခဲ့လေသည်။ တစ်ဖန် ၁၉၄၃ ခုနှစ်၊ ဇွန်လတွင် အိန္ဒိယတပ်မတော်၏ သေနာပတိအဖြစ် ခန့်ထားခြင်းခံရပြန်သဖြင့် ဘုရင်ခံချုပ် လော့ဝေဗယ်နှင့်အတူ အိန္ဒိယနိုင်ငံ ကာကွယ်ရေးကို လည်း ကောင်း၊ မြန်မာနိုင်ငံရှိ ဂျပန်တပ်များအား စစ်ဆင်တိုက်ခိုက် ရေးကိုလည်းကောင်း စီမံခန့်ခွဲခဲ့ရလေသည်။ ၁၉၄၆ ခုနှစ်၊ မေလတွင် စစ်သူကြီး(ဖီးမာရှယ်) ရာထူးသို့ တိုးတက် ချီးမြှင့် ခြင်းခံရသည်။


၁၉၄၇ ခုနှစ် ဇွန်လတွင် အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန် နိုင်ငံဟူ၍ ဒိုမီနီယန်နိုင်ငံသစ်နှစ်ခုကို တည်ထောင်ခဲ့ရာ၌ ဖီးမာရှယ် အောကင်လက်ကို သေနာပတိချုပ်ခန့်၍ အိန္ဒိယ တပ်မတော်ကို ခွဲခြမ်းပေးရန် တာဝန်ပေးအပ်ခဲ့လေသည်။ ထိုနှစ်နိုဝင်ဘာလတွင် စစ်မှုထမ်းအဖြစ်မှ အငြိမ်းစားယူခဲ့လေ သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)