အေသင်မြို့

ဝီကီပီးဒီးယား မှ
အေသင်မြို့ မြင်ကွင်း

အေသင် မြို့သည် ဂရိ နိုင်ငံ၏ မြို့တော် ဖြစ်ပြီး ထိုနိုင်ငံ အတွင်းရှိ မြို့များ အနက် အကြီးဆုံးမြို့ ဖြစ်သည်။ ဂရိနိုင်ငံ အက်တီကာဒေသတွင် ရှိပြီး ကမ္ဘာပေါ်တွင် ရှေးအကျဆုံးသောမြို့များတွင် တစ်မြို့ အပါအဝင်ဖြစ်သည်။ မြို့၏ သမိုင်းကြောင်းကို သမိုင်းတွင် မှတ်တမ်းတင်ထားမှုအရ နှစ်ပေါင်း ၃၄၀၀ ကျော် ရှိပြီးဖြစ်သည်။ ဂန္ထဝင်ခေတ်တွင် အေသင်မြို့မှာ တန်ခိုးအာဏာကြီးမားသော မြို့တော် တစ်ခုဖြစ်ခဲ့သည်။ အနုပညာ၊ သင်ကြားရေး၊ အတွေးအခေါ်ပညာတို့တွင် အချက်အချာ ဌာနဖြစ်ခဲ့ပြီး ပလေးတိုး၏ အကယ်ဒမီနှင့် အရစ္စတိုတယ်၏ လိုင်စီယမ်တို့ တည်ရှိရာ မြို့တော် ဖြစ်ခဲ့သည်။ အေသင်မြို့ကို အနောက်တိုင်းယဉ်ကျေးမှု၏ ပုခက်နှင့် ဒီမိုကရေစီ မွေးဖွားရာဒေသဟု ညွှန်းဆိုလေ့ ရှိကြသည်။ အကြောင်းမှာ ဘီစီ ၅ရာစု နှင့် ၄ ရာစု နှစ်များ အတွင်း ယဉ်ကျေးမှု နှင့် နိုင်ငံရေး အောင်မြင်မှုများက ကျန်ရှိနေသော ဥရောပတိုက် တစ်ခုလုံးကို ရိုက်ခတ်ခဲ့သောကြောင့် ပင်ဖြစ်သည်။ ယနေ့တွင် မက်ထရိုပိုလစ် မြို့ပြ ဒေသတစ်ခုဖြစ်ပြီး လက်ရှိအေသင်မြို့သည် ဂရိနိုင်ငံ၏ စီးပွားရေး၊ ငွေရေးကြေးရေး၊ စက်မှုလုပ်ငန်း၊ နိုင်ငံရေး နှင့် ယဉ်ကျေးမှု အချက်အချား ဌာန တစ်ခုအဖြစ် တည်ရှိသည်။ အယ်လ်ဖာ စီးတီးအဖြစ်လည်း အဆင့် သတ်မှတ်ထားသည်။ ၂၀၀၈ ခုနှစ်တွင် အေသင်မြို့သည် ကမ္ဘာပေါ်တွင် ၃၂ ခုမြောက် ဝယ်ယူနိုင်အား အကောင်းဆုံး နှင့် ၂၅ ခုမြောက် ဈေးအကြီးဆုံးမြို့အဖြစ် သတ်မှတ်ခြင်း ခံရသည်။

မြို့မြင်ကွင်း[ပြင်ဆင်ရန်]

အေရီယိုပေးဂပ်စ် မှ မြင်ရသော အေသင်မြို့
အေရီယိုပေးဂပ်စ် မှ မြင်ရသော အေသင်မြို့
နစ်စ် တောင်ကုန်းမှ မြင်ရသောအေသင်မြို့
နစ်စ် တောင်ကုန်းမှ မြင်ရသောအေသင်မြို့

အေသင်မြို့[ပြင်ဆင်ရန်]

သမိုင်းအရ ကမ္ဘာပေါ်တွင်ထင်ရှားသောမြို့ ကြီးများရှိသည့်အနက် အေသင်မြို့သည်လည်း တစ်မြို့အဖြစ် ပါဝင်လေသည်။ ယခုအခါတွင် အေသင်မြို့သည် ဂရိနိုင်ငံ၏ မြို့တော်ဖြစ်သော်လည်း ထိုမြို့၏ ကျော်ကြားခြင်းသည် ရှေး အက်တီးကားပြည်၏ မြို့တော်ဖြစ်ခဲ့စဉ်ကပင် စတင်ခဲ့လေသည်။


ထိုမြို့သည်ပင်လယ်နှင့် တောင်များအကြားရှိ လွင်ပြင်တစ်ခုတွင် ရှေးကပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်ခဲ့ဖူးသော ပိုင်းရီးယပ်မြို့မှ ငါးမိုင်ခန့်အကွာတွင်တည်ရှိသည်။ ပင်လယ်မျက်နှာပြင်ထက် ပေ ၂၈ဝ မြင့်သောနေရာတွင် တည်ရှိခြင်းကြောင့် ထိုမြို့တွင် သမပိုင်းဒေသရာသီဥတုမျိုးနှင့် နေသာချိန်များရှိလေသည်။

ယခု အေသင်မြို့သည် ရှေးအေသင်မြို့ဟောင်း၏ အရှေ့မြောက်ဘက်တွင် တည်ရှိ၏။ ရှေးအေသင်မြို့ဟောင်းကို အကရော့ပလစ်ကျောက်တောင်၏ ပတ်လည်တွင် တည်ထားခဲ့ ၏။ ရှေးခေတ်ဂရိမြို့များတွင် ဂရိတို့သည် အမြင့်ဆုံးသော ကုန်းထိပ်ပိုင်းကို ခံတပ်အဖြစ်အသုံးပြုကြ၍ ထိုကုန်းထိပ်ပိုင်းကို အကရော့ပလစ်ဟု ခေါ်သည်။ ထို့ပြင် အကရော့ပလစ်ပေါ်၌ ကျောက်ဖြူအဆောက်အဦကြီးများကိုတည်ဆောက်ခဲ့ရာ အေသင် မြို့ဟောင်း အကရော့ပလစ်တောင်ထိပ်ရှိ အဆောက်အဦကြီးများ သည် ဗိသုကာအတတ်တွင် စံထားလောက်အောင်ပင် ခန့်ညား ကောင်းမွန်လေသည်။ အေသင်မြို့သစ်သည် မြို့ဟောင်း၏ အနောက်တောင် ဘက်တွင် လခြမ်းပုံသဏ္ဌာန် ရံလျက်တည်ရှိ၏။ မြို့တွင်း၌ အဆောက်အဦးများကို စကျင်ကျောက်၊ သို့မဟုတ် ထုံးကျောက် များဖြင့် ဆောက်လုပ်ထား၍ လမ်းကျယ်ကြီးများကိုလည်း မြို့လယ်ရှိ ဟာမိုနီစကွဲယားလမ်းဆုံ ကွက်လပ်ကြီးမှ ဖြာထွက် သွယ်တန်း ဖောက်လုပ်ထားရာ စင်ကြယ်သော ကောင်းကင်ပြာ အောက်တွင် လွန်စွာပနံရလျက်ရှိပေသည်။ ရှေးအေသင်မြို့သူ မြို့သားများနည်းတူ ယခုခေတ် အေသင်မြို့သူမြို့သားများသည် လည်း အိမ်ပြင်ပတွင်သွားလာလှုပ်ရှားမှုတို့ကို ကြိုက်နှစ်သက် ကြသည်။

ပန်းခြံမရှိသော ပျော်ပွဲစားရုံများသည်လည်း မိမိတို့ ၏ စားပွဲကုလားထိုင်များကို လမ်းဘေးတစ်လျှောက်တွင် ချခင်း ထားလေ့ရှိကြသည်။ လူကြိုက်အများဆုံး ကပွဲရုံများတွင် အမိုး များမိုးထားခြင်းမရှိချေ။ ရှေးအေသင်မြို့သူမြို့သားများ ကစား ခုန်စားပွဲများ ပြုလုပ်ကြသကဲ့သို့ ရှေးလူများ ပြုလုပ်ခဲ့ဖူးသော ကစားပြိုင်ဝင်းဟောင်း နေရာမှာတွင်ပင် ၁၈၉၅ ခုနှစ်က ယခုခေတ် အိုလံပစ်ကစားပွဲများကို ပထမအကြိမ်ကျင်းပပြုလုပ် ရန် ကစားပြိုင်ဝင်းတစ်ခုကို တည်ဆောက်ခဲ့လေသည်။ ဘာသာ ရေး ပွဲတော်ရက်များကျရောက်လာလျှင်လည်း အေသင်မြို့သူ မြို့သားများသည် လမ်းပေါ်၌ စုဝေးကျင်းပလေ့ရှိကြသည်။ အေသင်မြို့သစ်အတွင်းရှိ အခန့်ညားဆုံးအဆောက်အဦး များတွင် စကျင်ကျောက်ဖြင့် ဆောက်လုပ်ထားသော နန်းတော် လည်းပါဝင်သည်။ ထိုနန်းတော်ကို စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်ထားသော လှပသည့်ပန်းခြံတစ်ခုအတွင်း၌ တည် ဆောက်ထားသည်။ ထိုပန်းခြံသည် မြို့ကွက်အတွင်း၌ မတည်ရှိ ဘဲ တစ်နည်းအားဖြင့် သီးခြားတည်ရှိသည်ဟု ဆိုနိုင်လေသည်။ အေသင်မြို့ရှိ အမျိုးသားရှေးဟောင်းပစ္စည်း ပြတိုက်တွင် ကမ္ဘာ ပေါ်တွင်အကောင်းမွန်ဆုံး ရှေးဟောင်းပစ္စည်းများကို စုဆောင်း၍ ပြသထားသည်။ ပါလီမန်အဆောက်အဦ၊ အမျိုးသားစာကြည့် တိုက်နှင့် အမျိုးသားတက္ကသိုလ်များသည်လည်း ထူးခြားသည့် အဆောက်အဦးများ ဖြစ်ကြသည်။ အယ်လက်ဇန္ဒြီးယားမြို့သား ဂရိလူမျိုးတစ်ဦး၏ ရက်ရောမှုဖြင့် အေသင်မြို့အတွင်းရှိ အား ကစားပြိုင်ဝင်းကို ပြန်လည်တည်ဆောက်ထားရာ အားကစား လောကရှိ လူအပေါင်းအား ဆွဲဆောင်လျက်ရှိပေသည်။

အေသင်မြို့၌ အလွန်ကောင်းမွန်သော စာသင်ကျောင်းများနှင့် အထက်တန်းပညာကျောင်းနှစ်ခုရှိ၍ ထိုကျောင်းများမှာ အေသင်အမျိုးသားတက္ကသိုလ်နှင့် အေသင်ကောလိပ်ကျောင်းတို့ ဖြစ်သည်။ သို့သော် အေသင်မြို့ကိုလူသိများခြင်းမှာ ထိုမြို့၌ ရှေးဟောင်းပစ္စည်းလေ့လာမှု အတတ်သင်ကျောင်းများ ရှိခြင်း ကြောင့် ဖြစ်လေသည်။

အေသင်မြို့သည် ဂရိနိုင်ငံ၏ ဘဏ္ဍာရေးဗဟိုဋ္ဌာန ဖြစ် သော်လည်း ထိုမြို့၌ ကုန်ထုတ်လုပ်မှုလုပ်ငန်းကြီးများ အနည်း ငယ်သာရှိ၍ ပြည်တွင်းကူးသန်းရောင်းဝယ်မှုသာ ပြုလုပ်ကြ သည်။ စောင်၊ ပိုးထည်၊ တံဘက်၊ ကြေးဝါ၊ ကြေးနီထည် ပစ္စည်းများမှာ အရေးအကြီးဆုံးသော ထုတ်ကုန်များဖြစ်၍ ယင်း တို့ကို ကမ္ဘာလှည့်ခရီးသည်များ ကြိုက်နှစ်သက်ကြသည်။

ဒုတိယကမ္ဘာစစ် ဖြစ်စအချိန်တွင် ဂရိလူမျိုးတို့က အေသင်မြို့ ကိုခံတပ်မြို့အဖြစ်ထားရှိမည်မဟုတ်ဟု ကြေညာခဲ့ကြသည်။ ထိုသို့ ခံတပ်မြို့အဖြစ်မထားရှိလျှင် ရန်သူများက ထိုမြို့ကို တိုက်ခိုက်ခြင်း မပြုရချေ။ ဂရိတို့သည် အေသင်မြို့အတွင်းရှိ အဆောက်အဦးများနှင့် အနုပညာလက်ရာများကို ထိန်းသိမ်း ထားလိုကြသည်။ ထို့ကြောင့် စစ်အတွင်းက အေသင်မြို့၏ အစိတ်အပိုင်းအချို့ ပျက်စီးခဲ့သည်မှအပ မြို့တော်တစ်ခုလုံးသည် ပျက်စီးခြင်းဘေးမှကင်းလွတ်ခဲ့လေသည်။ အေသင်မြို့ကို ဂျာမန် တို့က ၁၉၄၁ ခုနှစ်တွင် သိမ်းပိုက်ကြပြီးနောက် ၁၉၄၄ ခုနှစ် တွင် မြို့မှထွက်ခွာသွားကြလေသည်။ စစ်ဖြစ်နေချိန်တွင်အေသင် မြို့သူမြို့သားများအဖို့ အစားအစာရှားပါးခဲ့ရသည်။ အဝတ် အစားနှင့် ထင်းမီးသွေးများလည်း လုံလောက်စွာမရခဲ့ကြချေ။ သို့ရာတွင် အေသင်မြို့သူမြို့သားများသည် သူတို့၏လွတ်မြောက် ရေးအတွက် အထူးကြိုးစား၍ ဆောင်ရွက်ခဲ့ကြလေသည်။ ပိုင်းရီးယပ် ဆိပ်ကမ်းမြို့အပါအဝင် အေသင်မြို့တော် ၏ လူဦးရေမှာ ၁၉၇၁ ခုနှစ် ခန့်မှန်းခြေ အရ ၂,၈ဝဝ,ဝဝo ယောက်ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)