အုတ်ကြွပ်

ဝီကီပီးဒီးယား မှ

အုတ်ကြွပ်သည် သာမန်အားဖြင့် ရွှံ့ကိုအပြား ပြုလုပ်၍ မီးဖုတ်ထားသော ပစ္စည်းဖြစ်သည်။ အုတ်ကြွပ်ရိုးရိုး လည်းရှိ၍၊ အရောင်တင်ထားသော အုတ်ကြွပ်လည်းရှိ၏။ လူတို့သည်အလွန် ရှေးကျသောခေတ်ကစ၍၊ အုတ်ကြွပ်ကို အဆောက်အအုံဆောက်လုပ်ရာတွင် တည်ဆောက်မှုပစ္စည်းအနေ နှင့်သာမက အလှဆင်ပစ္စည်းအဖြစ်နှင့်လည်း အသုံးပြုခဲ့ကြ သည်။ ထို့ကြောင့် အုတ်ကြွပ်တွင် အိမ်မိုး အုတ်ကြွပ်သာမ ဟုတ် ကြမ်းခင်းအုတ်ကြွပ်၊ နံရံကပ်အုတ်ကြွပ်များလည်းရှိပေ သည်။ တစ်ဖန်ရွှံ့ဖြင့် ပြုလုပ်ထားသော အုတ်ကြွပ်မျိုးကို မြေ အုတ်ကြွပ်ဟု ခေါ်လေ့ရှိကြ၍၊ မြေအုတ်ကြွပ်အပြင် စကျင်အုတ် ကြွပ်၊ ကြေးအုတ်ကြွပ်၊ ပျဉ်အုတ်ကြွပ်များလည်းရှိကြသေးသည်။ အုတ်ကြွပ်ကို အဆောက်အအုံသုံးပစ္စည်း အနေဖြင့်သာ အသုံးပြု ခဲ့ကြသည် မဟုတ်သေး၊ စာပေရေးမှတ်ရန်အတွက်လည်း မြေအုတ်ကြွပ်ကို ရှေးကအသုံးပြုခဲ့ဖူးကြောင်း အထောက်အထား များတွေ့ရပေသည်။

ဂရိလူမျိုးတို့ တည်ဆောက်ခဲ့ကြသော ဘုရားရှိခိုး ကျောင်းများတွင် အိမ်မိုးအုတ်ကြွပ် နှစ်မျိုးသုံးခဲ့ကြောင်းတွေ့ရ သည်။ တစ်မျိုးတွင် အုတ်ကြွပ်များကို စီခင်းသောအခါ အနား ချင်းစပ်နေသာနေရာ၌ တစ်ခုပေါ်တစ်ခု ထပ်နိုင်အောင် လျှာထိုး သဘော စီမံထားသည်။ အခြားတစ်မျိုးတွင်မူ အုတ်ကြွပ်အနား များကို အနည်းငယ် ကော့ထောင်နေအောင် ထောင့်ချိုးလှန်ထား ပြီးနောက် အုတ်ကြွပ်အနားများကို အနည်းငယ်စီခင်းပြီးသော အခါ စပ်ကြောင်းနေရာ၌ အုတ်ကြွပ်ခုံးကလေးများကို အပေါ်မှ ထပ်အုပ်ပေးလေသည်။

ရောမလူမျိုးတို့ အသုံးပြုခဲ့ကြသည့် အုတ်ကြွပ်များမှာ ပုံသဏ္ဌာန်အားဖြင့် နှစ်မျိုးနှစ်စားရှိသည်။ တစ်မျိုးမှာ အနား စောင်းကိုကြည့်လျှင် အင်္ဂလိပ်အက္ခရာ S ကိုလှဲထားသည့် သဏ္ဌာန်မြင်ရ၏။ ထို အုတ်ကြွပ်မျိုးဖြင့် မိုးသောအခါ ပထမ ခင်းထားသည့်အုတ်ကြွပ်မှ ခုံးနေသောအပိုင်းက ဒုတိယအုတ် ကြွပ်မှ ခွက်နေသည့်အပိုင်းကို အုပ်မိလျက်သားဖြစ်နေသည်။ အခြားတစ်မျိုးမှာ မျက်နှာပြင်ညီသော အုတ်ကြွပ်မျိုးဖြစ်၍ ယင်းတို့ကို များသောအားဖြင့် ကျောက်မှပြုလုပ်ထားကြောင်း တွေ့ရလေသည်။

ယခုခေတ် အိမ်မိုးအုတ်ကြွပ်များမှာ ပြုလုပ်ရာတွင်သာ အနည်းငယ်ကွာခြား၍ ပုံသဏ္ဌာန်အားဖြင့်မူ ရှေးကနှင့် အထွေ အထူးမကွဲလွဲပေ။ အင်္ဂလန်နှင့်တကွ အခြားနိုင်ငံအချို့တွင် အသုံးများသည့် အုတ်ကြွပ်မျိုးမှာ အုတ်ကြွပ်တန်းပေါ်၌ ချိတ်မိ နိုင်အောင် ပြုလုပ်ထားသည့် မျက်နှာပြင်ညီ အုတ်ကြွပ်မျိုး ဖြစ်သည်။ ခွက်နေသောအုတ်ကြွပ်ကို အောက်ခံခင်း၍ အစပ်၌ ခုံးနေသည့်အုတ်ကြွပ်ဖြင့် အုပ်ပေးရသော အုတ်ကြွပ်မျိုးကို အီတလီ၊ စပိန်၊ ဂရိနှင့် တူရကီနိုင်ငံများတွင် အတွေ့ရများ သည်။ မြေထဲပင်လယ်တစ်ဝိုက်ရှိ တိုင်းပြည်များတွင်မူ ှ ပုံ အုတ်ကြွပ်မျိုးကို အသုံးများကြ၏။ ယခုခေတ်စက်ရုံများတွင် မိုးသည့်အုတ်ကြွပ်များမှာ အရောင်တင်ထား၍ ရေစီးဆင်းအောင် မြောင်းဖော်ထားပြီးလျှင်၊ ယင်းတို့ကို ရေခံအင်္ဂတေဖြင့် ပြုလုပ် ထားလေ့ရှိသည်။ များသောအားဖြင့် အိမ်သုံးအုတ်ကြွပ်မျိုးထက် ကြီး၍ တစ်ခါတစ်ရံ လေးပေအထိပင်ရှည်တတ်လေသည်။ တရုတ်နှင့်ဂျပန်နိုင်ငံတို့တွင် အသုံးပြုကြသောအုတ်ကြွပ်များမှာ အနောက်တိုင်းအုတ်ကြွပ်များနှင့် သဘောချင်း အတူတူဖြစ် သော်လည်း အသေးစိတ်ပြုလုပ်ထားသည့် နေရာများတွင် များစွာ ကွဲလွဲကြသည်။ ပုံစံအားဖြင့် ဘုရားရှိခိုးကျောင်းနှင့် နန်းတော်ဆောင်များ၌ သုံးသည့်အုတ်ကြွပ်အခွက်နှင့် အခုံးများ တွင် အုတ်ကြွပ်ခုံးကို ပြောင်းလုံးပုံ ဖြစ်အောင်ပြုလုပ်ထား သည်။ ပန်းအလှဖော်ထားသော အနားစွန်းများမှာ အပေါ်သို့ ကော့ထောင်မနေပဲ အောက်ဘက်သို့ ကုပ်ဆင်းနေသည်။ ခေါင် အုပ်နှင့်ခေါင်ဆက်တွင် တပ်ဆင်သည့် အုတ်ကြွပ်များမှာ မြင့် မား၍ ထောင့်စွန်းအဆုံးတွင် နဂါးရုပ်၊ ကျားရုပ်စသည်တို့ဖြင့် လှပစွာတန်ဆာ ဆင်ထားလေ့ရှိသည်။ တရုတ်လူမျိုးသည် အိုး ခွက်လုပ်ငန်းအတတ်တွင် ရှေးကစ၍ အထူးကျွမ်းကျင် လက် မြောက်ခဲ့ကြသည့်အတိုင်း အုတ်ကြွပ်များကို လှပတောက်ပြောင် စွာ ဆေးရောင် တင်ထားသည်မှာလည်း ချီးကျူးဖွယ်ဖြစ်လေ သည်။

ကြမ်းခင်းအုတ်ကြွပ်သည် ၁၂ ရာစုနှစ်ကစ၍ ဥရောပ တိုက်တွင် အလွန်ခေတ်စားခဲ့သည်။ ထိုအခါက အသုံးပြုခဲ့သော ကြမ်းခင်းအုတ်ကြွပ်များမှာ စတုရန်းပုံဖြစ်၍ အနက်၊ အနီ၊ အစိမ်း၊ အဝါရောင်များဖြင့် လှပစွာမွမ်းမံခြယ်လှယ်ထားပြီးလျှင်၊ အင်္ဂလိပ်အုတ်ကြွပ်၊ အီတလီအုတ်ကြွပ်၊ ပြင်သစ်အုတ်ကြွပ် ဟူ၍ အမျိုးမျိုးပေါ်ခဲ့ဖူးသည်။ ယခုခေတ်တွင် ရောင်စုံခြယ်ထား သော အုတ်ကြွပ်များမှအစ စပိန်အုတ်ကြွပ်ခေါ် ပန်းကြွဖော်ထား သည့် အုတ်ကြွပ်မျိုးအထိ တိုးတက်ခဲ့ကြ၍၊ ယင်းတို့အနက် ရေချိုးခန်း၊ ရေကူးကန်နှင့် စားဖိုဆောင်သုံး အုတ်ကြွပ်များမှာ အကောင်းဆုံးဖြစ်ကြ၏။ ယခုအခါ အုတ်ကြွပ်များကို စက်ဖြင့် ပုံသွန်းပြုလုပ်ယူကြ၍၊ ပုံများမှာ လေးထောင့်ပုံ၊ စတုရန်းပုံ၊ ဆဌဂံပုံ၊ အဝိုင်းပုံ စသည်ဖြင့် အမျိုးမျိုးရှိသည်။ ယင်းတို့ အနက် ရေစိုနေစေကာမူ ချော၍မနေစေရန် အလမ်ဒမ်၊ သို့ မဟုတ် ကာဗိုရန်ဒမ်ခေါ် မျက်နှာပြင်ကြမ်းစေသောပစ္စည်း များဖြင့် ထည့်လုပ်ထားသည့် အုတ်ကြွပ်မျိုးလည်းရှိပေသည်။ နံရံတွင်အလှတပ်ဆင်အသုံးပြုသော နံရံကပ်အုတ်ကြွပ် များကို အီဂျစ်လူမျိုးများ ကောင်းစားစဉ်က ရုတ်တရက်စတင်၍ အသုံးပြုခဲ့ကြသည်။ အီဂျစ်နိုင်ငံ တတိယမင်းဆက်မှ နက်တာ ခက်မင်း၏ ပိရမစ်တံခါးတွင် တပ်ဆင်ထားသော အုတ်ကြွပ် များမှာ ထိုခေတ်ကပေါ်ခဲ့သော အုတ်ကြွပ်မျိုးပင်ဖြစ်၍ ယင်းတို့ မှာ များသောအားဖြင့် မှန်စီအုတ်ကြွပ်များဖြစ်ကြ၏။ နှောင်း ခေတ် နံရံကပ်အုတ်ကြွပ်များတွင် ပါးရှင်းလူမျိုးတို့ ဘုရားရှိခိုး ကျောင်းများ၌ တပ်ဆင်အသုံးပြုသည့် အုတ်ကြွပ်များမှာ ထင် ရှားခဲ့သည်။ ထိုအုတ်ကြွပ်များမှာ ရောင်စုံမှန်စီနှင့် ပန်းကြွဖော် ထား၍ အက္ခရာတင်ထားသည့် အုတ်ကြွပ်မျိုးဖြစ်၏။ ယခုတိုင် အောင်လည်း လူတို့သည် နံရံကပ်အုတ်ကြွပ်အမျိုးမျိုးကို ပြုလုပ် သုံးစွဲနေကြဆဲပင်ဖြစ်သည်။ သို့ရာတွင် သိပ္ပံနည်းများဖြင့် တွေ့ ရှိခဲ့သော ဆေးရောင်ဖော်စပ်နည်း၊ အရောင်တင်နည်းများကြောင့် ယခုခေတ် နံရံကပ်အုတ်ကြွပ်များသည် ရှေးကထက် အဆ ပေါင်းများစွာ တိုးတက်လာခဲ့သည်။ ယခုအခါ အရောင်အမျိုး မျိုးဖြင့် ပန်းကြွဖော်ထားသည့် အုတ်ကြွပ်များကိုသာမက ရွှေ ရောင်ခြယ်ထားသည့် အုတ်ကြွပ်များကိုပင် တွေ့မြင်နိုင်လေ သည်။

မြန်မာနိုင်ငံတွင် အသုံးပြုလျက်ရှိသော အမိုးပျဉ်အုတ်ကြွပ် ၏ အလျားမှာ တစ်ပေမျှရှိပြီး အနံမှာ ရှစ်လက်မမျှရှိသည်။ ပျဉ်အုတ်ကြွပ်၏ ထိပ်ပိုင်းအထူမှာ တစ်လက်မမျှရှိ၍ အောက် ဘက်တွင် လက်မဝက်မျှကျန်သည်အထိ ဆင်ခြေလျော ပြုလုပ် ထားသည်။ သို့မှသာ အိမ်၏ခေါင်မိုးပေါ်၌ ပျဉ်အုတ်ကြွပ်တစ်ခု ပေါ်တွင် တစ်ခုကို သံဖြင့်ရိုက်ပြီးသောအခါတွင် မိုးရေဆင်းနိုင် ရန် ဆင်ခြေလျှော တည်ပေလိမ့်မည်။

ပျဉ်အုတ်ကြွပ်များ ကြာရှည်ခံနိုင်ရည်ရှိနိုင်စေရန် အိမ်မမိုးမီ တွင် ပျဉ်အုတ်ကြွပ်များကို ပွက်ပွက် ဆူအောင်ကျိုထားသည့် ရေနံချေးဒယ်အိုးကြီးတွင် ပြုတ်ပေးလေ့ရှိကြသည်။ တိုက်အိမ် နှင့် တိုက်ကျောင်းများတွင် အခင်းအဖြစ် ပျဉ် အုတ်ကြွပ်များကို အသုံးပြုကြသေးသည်။ အခင်းပျဉ်အုတ်ကြွပ်၏ အလျားမှာ ခြောက်လက်မခန့်နှင့် အနံလေးလက်မခန့်ရှိသည်။ ထိုပျဉ်အုတ် ကြွပ်များကို အခင်းမပြုလုပ်မီ ရေနံချေးနှင့် ပြုတ် ပေးလေ့ရှိကြ သည်။ ထို့နောက်ကတ္တရာစေးနှင့် သမံတလင်းပေါ် တွင်ကပ်၍ ခင်းလေ့ရှိကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)