အီးဂျီးယန်းယဉ်ကျေးမှု

ဝီကီပီးဒီးယား မှ

မြေထဲပင်လယ် အရှေ့မြောက်ပိုင်း အီးဂျီးယန်းပင်လယ်အတွင်းရှိ ကျွန်းများသည် ဥရောပတိုက် ယဉ်ကျေးမှု စတင်ပေါက်ပွားရာ ဒေသဖြစ်၍ ထိုဒေသမှတစ်ဆင့် ပြန့်ပွားလာသောယဉ်ကျေးမှုကို အီးဂျီးယန်းယဉ်ကျေးမှုဟုခေါ်သည်။ ထိုကျွန်းများတွင် ကရိ ကျွန်းသည် အကြီးဆုံးဖြစ်သည်။ ရှေးအခါက အီးဂျီးယန်း ပင်လယ်အတွင်း၌ အီဂျစ်၊ ကရိ၊ ဖီနီရှန်၊ ရောမ၊ ဂေါ့သ၊ အာရပ်စသော လူမျိုးအသီးအသီးတို့၏ ရွက်သင်္ဘောများ ဖြတ်သန်း သွားလာခဲ့ကြသည်။ ယခုအခါ တူရကီ၊ ဂရိ၊ အီတာလျံ၊ ဂျာမန်၊ ဗြိတိသျှတို့၏ သင်္ဘောများ ဖြတ်သွား လာလျက် ရှိကြသည်။ နှစ်ပေါင်း ၅ဝဝဝ ကျော်မျှ အီးဂျီးယန်း ပင်လယ်သည် ဥရောပ တိုက်၊ အာရှတိုက်၊ အာဖရိကတိုက် တို့နှင့်ဆိုင်သော ကူးသန်းရောင်းဝယ်ရေးနှင့်လည်းကောင်း၊ သမိုင်းနှင့် လည်းကောင်း ဆက်စပ်လျက် ရှိလေသည်။ အီးဂျီးယန်းပင်လယ်အတွင်းရှိ ကျွန်းကြီး ကျွန်းငယ်တို့သည် လည်း အာရှတိုက်နှင့်ဥရောပ တိုက်တို့အကြားတွင် သဘာဝ ပေါင်းကူးတန်တားသဖွယ် တည်ရှိကြသည်။

ကရိကျွန်းတွင် ရှေးဦးနေထိုင်သော တိုင်းရင်းသားတို့သည် အရပ်ပု၍ အသားညိုသည်။ ပင်လယ်တွင်း၌ လှေ၊ သင်္ဘော များဖြင့် လှည့်လည် သွားလာလေ့ ရှိကြသည်။ ထိုကြောင့် ကရိကျွန်းသားတို့သည် ပတ်ဝန်းကျင်ရှိ တိုင်းပြည်များနှင့် ကူးလူးဆက်ဆံမှု ရှိခဲ့ကြသည်။ အထူးသဖြင့် အီဂျစ်ပြည်နှင့် ကုန်သွယ် ဆက်ဆံမှု များစွာရှိခဲ့ရာ အီဂျစ်ယဉ်ကျေးမှု သည်လည်း ကရိကျွန်းသို့ ရောက်ရှိခဲ့သည်။ ဘီစီ ၃ဝဝဝ ပြည့်နှစ် ခန့်ကစ၍ ကရိကျွန်းသားတို့သည် တိုးတက်လျက် ရှိသော အီဂျစ်တို့ထံမှ ယဉ်ကျေးမှုကို လက်ခံရရှိသဖြင့် တိုးတက်သော လူမျိုးအဖြစ်သို့ ရောက်ရှိကြသည်။ ဘီစီ ၂ဝဝဝ ပြည့်နှစ်သို့ ရောက်သောအခါ ကရိကျွန်းသားတို့သည် ယဉ်ကျေးမှုအရာ၌ အဆင့်အတန်း မြင့်လျက် ရှိကြပြီ ဖြစ်သည်။

ကရိကျွန်းသားတို့သည် ဘီစီ ၃၅ဝဝ ပြည့်နှစ်ခန့်ကတည်းက ကြေးနီနှင့် ကြေးညိုသတ္တုများကို အသုံးချ တတ်ကြသည်။ အနီးအနားရှိ စိုက်ပရပ်ကျွန်းမှ ကြေးနီကို ရရှိကြသည်။ ကြေးသတ္တုခေတ်သို့ ရောက်သော အခါ ကရိကျွန်းသားတို့သည် ကြေးညိုအတွက် လိုအပ်သော သံဖြူကို ဥရောပတိုက်ဘက်မှ ရရှိကြသည်။ ထိုကြောင့် ကရိကျွန်းသည် သတ္တုကုန်သွယ်ရေး အတွက် ဗဟိုဌာန ဖြစ်လာသည်။ လှော်တက်နှင့် ရွက်နှစ်မျိုး စလုံးကို အသုံးပြုသည့် ဂယ်လီခေါ် သင်္ဘောများကိုလည်း တီထွင် ခဲ့ကြသည်။ မိမိတို့၏ ကုန်သွယ်မှုလုပ်ငန်းကို ကာကွယ်ပေးရန် သင်္ဘောတပ်များကိုလည်း တည်ဆောက်ကြ သည်။

ရှေးနှစ်ပေါင်း ၅ဝဝဝ ကျော်က ဥရောပတိုက်ရှိ လူမျိုးများ သည် လူနေမှုတွင် အောက်ကျနောက်ကျ ရှိနေစဉ် ကရိကျွန်း သားတို့သည် နေလှန်း အုတ်တိုက်၌ နေထိုင်လျက် ရှိကြသည်။ အိမ်တိုင်းတွင် ပြတင်း ပေါက်များ ရှိသည်။ ကြီးကျယ်သော အဆောက်အအုံများကို ထုံးကျောက်၊ သို့မဟုတ် ဂျစ်ပဆမ် ကျောက်ဖြင့် ဆောက်လုပ်သည်။ နန်းတော်များတွင် ရေပိုက်များ တပ်ဆင်ခဲ့ကြသည်။ မြေထဲပင်လယ်အရှေ့ပိုင်းတွင် ပြန့်နှံ့လျက် ရှိရာ၊ အီးဂျီးယန်းပင်လယ်အတွင်းရှိ ကျွန်းများနှင့် အခြား လက်အောက်ခံနယ်များက ထိုဘုရင်များထံ အခွန်ဘဏ္ဍာ ဆက်သရသည်။ အထူးသဖြင့် မီနိုဘုရင်များ ခေတ်တွင် ကရိယဉ်ကျေးမှုသည် အီးဂျီးယန်း ပင်လယ်သေတစ်ခုလုံး၌ ပြန့်နှံ့လျက် ရှိခဲ့ပေသည်။

ဘီစီ ၁၆ဝဝ ပြည့်နှစ်တွင် အီးဂျီးယန်းယဉ်ကျေးမှုသည် ဂရိကျွန်းဆွယ်ပေါ်သို့ စတင်ရောက်ရှိလာ လေသည်။ ထိုယဉ်ကျေးမှုကို ပထမဦးဆုံး ဆက်ဆံရသောဒေသမှာ ကရိကျွန်းမှ နှစ်ရက်ခရီးမျှသာ ဝေးကွာသည့် အားဂေါ့ ပင်လယ်ကွေ့တွင် နေထိုင်ကြသူများ ဖြစ်သည်။ အားဂေါ့၊ မိုင်စီးနီး၊ တိုင်းရင်းစသော ဂရိမြို့ များသည် အစအဦး၌ ကရိကုန်သည်များထံမှ လှပစွာ ပြုလုပ်ထားသော ကုန်ပစ္စည်း များကို ဝယ်ယူခဲ့ကြသည်။ နောင်အခါ၌ ဂရိတို့သည် ကရိတို့ထံမှရသော ကုန်ပစ္စည်းများကို အတုယူကာ မိမိတို့၏ အိုးခွက်မှစ၍ နေအိမ်အဆောက်အအုံ အဆင်အပြင်တို့ကို တိုးတက်အောင် တီထွင်လုပ်ကိုင်ခဲ့ကြသည်။ မိုင်စီးနီးနှင့် တိုင်ရင်းမြို့တည်နေရာတွင် အနုပညာ လက်ရာမြောက်သော ရွှေခွက်၊ ရုပ်လုံးရုပ်တုနှင့် အခြားပစ္စည်းများကို တူးဖော်ရရှိခဲ့ကြ သဖြင့် ထိုမြို့နှစ်မြို့ ကြီးပွားစည်ကားခဲ့သော ဘီစီ ၁၅ဝဝ- ၁၂ဝဝ အချိန်ကာလကို မိုင်စီနီး ယန်းခေတ်ဟူ၍ ခေါ်ဆိုကြ သည်။ ထိုမြို့ နှစ်မြို့တွင် ကရိဘုရင်တို့၏ နန်းတော်ကြီး များကဲ့သို့ နန်းတော်ကြီး များကိုလည်း တည်ဆောက်ခဲ့ကြ သည်။ အီးဂျီးယန်းယဉ်ကျေးမှုသည် ထိုမှတစ်ဆင့် ဂရိကျွန်း ဆွယ်ရှိ အခြား မြို့များသို့လည်းကောင်း၊ အနောက်ဘက် စစ္စလီကျွန်း၊ အီတလီနှင့် စပိန်နိုင်ငံများသို့လည်းကောင်း ရောက်ရှိလေသည်။

အာရှမိုင်းနားဘက်တွင်လည်း အလားတူ ယဉ်ကျေးမှုမျိုး သည် မိုင်းစီးနီးနှင့် တိုင်ရင်းမြို့များ၌ နန်းတော်ကြီးများ မဆောက်လုပ်မီ နှစ်ပေါင်း ၁၅ဝဝ အထက်က ထွန်းကားခဲ့ သည်။ အာရှမိုင်းနား အနောက်မြောက် ထောင့်တွင် တည်ရှိ သော ထရွိုင်းမြို့ကြီးသည် အာရှတိုက်၌ အီးဂျီးယန်းယဉ်ကျေးမှု ထွန်းကားရာ အချက်အချာဌာန ဖြစ်ပေသည်။ ထရွိုင်းမြို့သည် မူလကရွာသိမ်ရွာငယ်မျှလောက်သာဖြစ်ခဲ့သော်လည်း ဘီစီ ၂၅ဝဝ ပြည့်နှစ်သို့ ရောက်သောအခါ ကရိကျွန်း၏မြို့တော် ဖြစ်သော နော့ဆပ်မြို့နှင့်အပြိုင် စည်ကားသည့်မြို့ကြီး အဖြစ် ထင်ရှားလေသည်။ နောင်နှစ်ပေါင်း ၁ဝဝဝ အတွင်း ထရွိုင်းမြို့ သည် ကျယ်ပြန့်သောနိုင်ငံကို ကြီးစိုးရသောမြို့တော် ဖြစ်လာ လေသည်။

အီးဂျီးယန်းပင်လယ်ဒေသတွင် သံကို အသုံးချတတ်သည့် ဘီစီ ၁ဝဝဝ ခန့်၌ မြောက်ဘက်မှ ရှေးဂရိ လူမျိုးများ တစ် သုတ်ပြီးတစ်သုတ် ဂရိကျွန်းဆွယ်နှင့် အီးဂျီးယန်းကျွန်းများသို့ ဆင်းလာကြသည်။ ထိုသူတို့ သည် အရိုင်းအစိုင်းဘဝတွင် ရှိကြသေးရာ ယင်းတို့၏လက်ချက်ကြောင့် အီးဂျီးယန်း ယဉ်ကျေးမှုသည်လည်း ပျက်သုန်းရလေသည်။ မိုင်စီးနီးနိုင်ငံ၊ ထရွိုင်းနိုင်ငံ၊ နော့ဆပ်နိုင်ငံတို့ ကြီးကျယ်ခန်းနားပုံ အကြောင်း အရာ တို့သည်လည်း မထင်မရှားသာ ကျန်ရစ်ခဲ့လေသည်။ လွန်ခဲ့သောနှစ် ၁ဝဝ အတွင်းသို့ ရောက်ခါမှ အီးဂျီးယန်း ယဉ်ကျေးမှုကို စတင်ဖော်ထုတ်နိုင်ခဲ့ကြသည်။ အေဒီ ၁၈၇ဝ ပြည့်နှစ်တွင် ဂျာမန်အမျိုးသား ဟိုင်းနရစ် ရှလီးမန်းဆိုသူသည် ထရွိုင်းမြို့ဟောင်း နေရာ၌ တူးဖော်သည်တွင် အီးဂျီးယန်း ယဉ်ကျေးမှုလက်ရာများကို ဖော်ထုတ်နိုင်လေသည်။ ထိုနောက် ဂရိကျွန်းဆွယ်ရှိ မိုင်စီနီးမြို့၊ တိုင်ရင်းမြို့နှင့် အခြားနေရာ တို့တွင်လည်း တူးဖော်ခဲ့သည်။ တစ်ဖန် ၁၉ဝဝ ပြည့်နှစ်တွင် အင်္ဂလိပ်အမျိုးသား ဆာာသာ အက်ဗင်ဆိုသူကလည်း ကရိ ကျွန်းတွင် နော့ဆပ်မြို့တော်နှင့် အခြားနေရာများ၌ တူးဖော်ခဲ့ လေသည်။ နော့ဆပ်မြို့၊ ဖီးစတပ်မြို့နှင့်အခြား ကရိမြို့များကို တူးဖော်ရာ၌ ရုပ်တုများ၊ လက်နက်များ၊ ကိရိယာတန်ဆာ ပလာများ၊ အိုးခွက်များနှင့် ရွှံ့ပြားပေါ်တွင် ရေးထားသောစာ တို့ကို တွေ့ရသည်။ ယခုတိုင် ထိုစာတို့ကို မဖတ်နိုင်သေးချေ။ လူနှင့်နွား ယှဉ်ပြိုင်ကစားပုံ၊ ပွဲလမ်းသဘင် ချီတက်ဆင်ယင်ပုံ၊ ဘားဂျွန်းကစားပုံ အစရှိသော ပန်းချီကားများကိုလည်း တူးဖော် ရရှိခဲ့သည်။ ကရိကျွန်း၌လည်းကောင်း၊ ထရွိုင်းမြို့နှင့် ကရိ ကျွန်းဆွယ်ပေါ်၌လည်းကောင်း ကျောက်လမ်းခင်းမြို့ကြီးများကို တွေ့ရှိရသည်။ ထိုမြို့ကြီး များတွင် ခံတပ်များဖြင့် ဆောက်လုပ် ၍ နံရံများတွင် ပန်းချီကား၊ ရုပ်လုံး ရုပ်တုများဖြင့် ဆင်ပြင် မွမ်းမံထားသည်။ ရေပိုက်၊ ရေဆင်းမြောင်း၊ ရေချိုးခန်းများ လည်း တပ်ဆင်ထားသည်။ သတ္တုအိုးနှင့် အခြား အသုံး အဆောင်များတွင် ထုလုပ်ထားသော ပန်းပုလက်ရာတို့သည် လည်း ထိုခေတ်အနုပညာ လက်စွမ်းထက် ပုံကို အထင်အရှား ဖော်ပြလျက်ရှိပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)