အီလက်ထရောနစ်ဒီမိုကရေစီ

ဝီကီပီးဒီးယား မှ

ခေတ်သစ်ဒီမိုကရေစီတွင် ရွေးချယ်တင်မြှောက်ပုံအမျိုးမျိုးကို လူတို့တီထွင်ကြံဆလာကြသည်။ အီလက်ထရောနစ်ခေတ် အီးခေတ်ဟူ၍ နည်းပညာကို အားကိုးလာကြ သည့်ခေတ်တွင် ရွေးကောက်တင်မြှောက်မှုပုံစံကိုလည်း အတိကျဆုံး၊ အမှန်ကန်ဆုံး၊ အမြန်ဆန်ဆုံးဖြစ်စေရန် လူတို့တီထွင်ကြံဆကြသည်။ သို့သော် နည်းပညာသည် ထင်သလောက် ဒီမိုကရေစီရွေးကောက် တင်မြှောက်ခြင်းကို အထောက် အကူပြုနိုင် ပါသလော။

အီလက်ထရောနစ်စနစ်ဖြင့် မဲပေး၊ မဲရွေးသည့်စနစ်ကို Electronic Voting သို့မဟုတ် e-Voting ဟုခေါ်ကြသည်။ လူတို့သည် နိုင်ငံရေးကို စိတ်မဝင်စားပါဟု မည်မျှဆိုစေ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ရလဒ်ကိုတော့ ချက်ချင်းလက်ငင်း သိလိုကြသည်။ သို့သော် စက်ကိုအားကိုးပြီး လုပ်ဆောင်ရသည်လုပ်ငန်းများတွင် လိမ်လည်မှုများရှိနေသောကြောင့် အမေရိကန်လိုနိုင်ငံမှာပင် DRE ခေါ် Direct-recording Electronic နည်းဖြင့် တိုက်ရိုက်ရွေးကောက်ခြင်းကို မယုံကြည်ကြ ကြောင်းသိရသည်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနှင့် အစိုးရရွေးကောက်တင်မြှောက်ပွဲများကို အင်တာနက်မှ တစ်ဆင့် မဲပေးသည့်စနစ်ကို အများဆုံး အသုံးပြု စမ်းသပ်ကြည့်ကြသည့် နိုင်ငံများတွင် ဗြိတိန်၊ အက်စ်တိုးနီးယားနှင့် ဆွစ်ဇာလန်နိုင်ငံတို့သည်ထင်ရှားသည်။ အမေရိကန်နှင့် ပြင်သစ်တို့တွင်မူ ပထမအဆင့် ရွေးကောက်တင်မြှောက်ခြင်း အတွက်သာ အသုံးပြုကြသည်။

၂၀၀၂ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ ရွေးကောက်တင်မြှောက်ခြင်းကို အထောက်အကူ ဖြစ်စေမည့် စက်ပစ္စည်းများ အသုံးပြုခွင့် ဥပဒေကို ထုတ်ပြန်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် အမေရိကန်၌ DRE စနစ်ဖြင့် မဲပေးသူများမှာ ၂၈.၉ ရာခိုင်နှုန်းသာ ရှိသည်ဟု ဆိုသည်။ အမေရိကန်နိုင်ငံအတွင်း အီလက်ထရောနစ်ကိုအသုံးပြုပြီး မဲပေးရခြင်းသည် အမှားများစွာနှင့် ရင်ဆိုင်နေရသဖြင့် စုံစမ်းစစ်ဆေးမှုများ၊ စိတ်ချလုံခြုံမှုအပြည့် မရဆိုသည့် မှတ်ချက်များနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

အက်စ်တိုးနီးယားနိုင်ငံသည် e-Voting စနစ်ကိုအသုံးအပြုဆုံး နိုင်ငံဖြစ်သည်ဟု ဆိုသည်။ အက်စ်တိုးနီးယားနိုင်ငံသားတိုင်း ကမ္ဘာ့မည်သည့်နေရာသို့ ရောက်သည် ဖြစ်စေ အင်တာနက်မှတစ်ဆင့်လှမ်းပြီးမဲပေးနိုင်ရမည်ဟုဆိုထားသည်။ သို့သော် အက်စ်တိုးနီးယားနိုင်ငံသားတို့သည် အကြိုမဲပေးကာလတွင်သာ e-Voting စနစ်ကို အသုံးပြုကြပြီး ရွေးကောက်တင်မြှောက်ပွဲနေ့တွင် မဲရုံသို့သာ တိုက်ရိုက်ဆန္ဒမဲ သွားပေးကြကြောင်း သိရသည်။

အာဏာသည်အတိုင်းအတာတစ်ခုအတွင်းသာ ထိန်းထားနိုင်သည်။ အာဏာကို ထိန်းရာတွင် ခေတ်မီနည်းစနစ်ဆိုသည်မှာ လိမ်လည် လှည့်စားမှုတစ်ခုဖြစ်နိုင်သည်။ လိမ်သည်ကို လိမ်မှန်းမသိလျှင် ပြည်သူတွေကဆက်ပြီးသဘောကျလိမ့်မည်။ သဘောကျလျှင် ဆက်ပြီးသုံးကြလိမ့်မည်။ ဆက်ပြီးသုံးနေလျှင် ဒီမိုကရေစီ ဆိတ်သုဉ်းလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် လူတွေက ရွေးကောက်တင်မြှောက် ရခြင်းအပေါ် သဘောတွေ့နေကြသောကြောင့်ဖြစ်သည်။

ရာစုနှစ် နှစ်စုကျော်ကျော်ခန့် အနောက်တိုင်းဒီမိုကရေစီတွင် စက္ကူမဲဖြင့် လျှို့ဝှက် ဆန္ဒမဲပေးကာ ရွေးကောက်တင်မြှောက်ခဲ့ကြပြီး ပြဿနာလည်း ပြောပလောက် အောင်မရှိခဲ့ဟုဆိုရမည်။ ဒီမိုကရေစီနည်းဖြင့် ပါလီမန်ကိုလည်းကောင်း၊ အစိုးရကို လည်းကောင်း တည်ဆောက်သည်ဆိုရာတွင် စက္ကူမဲသည်သာ အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ရသည်။

ခေတ်ပြောင်းလာသည်နှင့်အမျှ ဟာ့ဒ်ဝဲနှင့်ဆော့ဖ်ဝဲတီထွင်သူများကလည်း စက္ကူမဲ အစား၊ ခလုတ်တစ်ချက်နှိပ်ရုံဖြင့် ချက်ချင်း အဖြေထွက်နိုင်သည့် အီလက်ထရောနစ် ရွေးကောက်တင်မြှောက်သည့်စနစ်ကို မကြာခဏပွဲထုတ်လာကြသည်။

လူတွေက စက်ပစ္စည်း၏တိကျမှုကို ဘဏ်စနစ်၊ အလိုအလျောက်ငွေထုတ်စနစ်တို့ဖြင့် သိမ်းသွင်းခံခဲ့ရသည်။ စက်ပစ္စည်း၏ အမှားကင်းမှုအပေါ် လူတွေယုံကြည်လာသည် နှင့်အမျှ အီလက်ထရောနစ်ရွေးကောက်မှုစနစ်အပေါ် စိတ်ချလာကြလိမ့်မည်ဟု လည်း ခန့်မှန်းကြသည်။ မိမိတို့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ရွေးကောက် တင်မြှောက်လိုက်ရခြင်းသည် ခရက်ဒစ်ကတ်တစ်ကတ်ကို သုံးလိုက်ရသကဲ့သို့ မထူးခြားသည့်အသွင်ဆောင်ရန်အားထုတ်ကြည့်ကြသည်။ သို့သော် ရွေးကောက် တင်မြှောက်ခြင်း သို့မဟုတ် ဆန္ဒမဲပေးခြင်းဆိုသည်မှာ ဘဏ်တွင် ငွေထုတ် ငွေသွင်းခြင်းနှင့် လုံးဝမတူပေ။ ဘဏ်စနစ်ရော၊ မဲပေးခြင်းပါ လျှို့ဝှက်သည့်အသွင် ဆောင်သော်လည်း ခံစားမှုချင်း တော့တူညီမည်မဟုတ်ပေ။

အီလက်ထရောနစ်မဲဆန္ဒပေးစနစ်သည် နိုင်ငံရေးအတွက် ဒီမိုကရေစီနည်းကျ ရွေးကောက်ရာတွင် အဆင်ပြေလိမ့်ဦးမည် မဟုတ်ပေ။ မည်သည့်နည်းပညာကမှ ဒီမိုကရေစီနည်းကျ ရွေးကောက်မှုကို အထောက်အကူပြုနိုင်လိမ့်မည် မဟုတ်သေး ကြောင်း လတ်တလော ဆန်းစစ်ချက်များက ဖော်ပြနေသည်။

အီလက်ထရောနစ်ဆန္ဒမဲပေးစနစ်သည်အဘယ်ကြောင့် ဒီမိုကရေစီနည်းနှင့် သဟဇာတ မဖြစ်ရသနည်းဆိုသော်

(က) ဒီမိုကရေစီစနစ်တွင် အစိုးရအာဏာသည် ရွေးကောက်ပွဲကာလ လျှို့ဝှက်ဆန္ဒမဲကို ရေတွက်ရခြင်းနှင့်ဆက်စပ်နေသည်။ ရွေးကောက်ပွဲ ရလဒ်သည် တရားမျှတခြင်း၊ ဥပဒေနှင့်အညီဖြစ်ခြင်းတို့နှင့် ရာနှုန်းပြည့်ပတ်သက်နေသည်။ သံသယသည် အနိုင်ရသော်လည်း နိုင်ငံရေးဘဝကိုသေစေရုံမျှမက နိုင်ငံ မတည်ငြိမ်ခြင်း၊ ဆူပူအုံကြွခြင်းတို့ကို ဖြစ်စေတတ်သည်။

(ခ) ဆန္ဒမဲဆိုသည်မှာ လျှို့ဝှက်ရသည်ကိုသာ လူတွေကကြိုက်သည်။ လျှို့ဝှက်နည်းဖြင့်သာရွေးကောက်တင်မြှောက်လိုကြသည်။ မည်သူမျှ ဖိအား ပေးခြင်း၊ လွှမ်းမိုးခြင်း၊ ချုပ်ကိုင်ခြင်း၊ အာဏာပြခြင်းတို့ဖြင့် ဆန္ဒမဲမပေးလိုကြပေ။ အစိုးရကဖြစ်စေ၊ ပါတီနိုင်ငံရေးသမားများကဖြစ်စေ ပြည်သူကို အတင်းအကျပ် ပြုကာ ဆန္ဒမဲပေးခိုင်းခြင်းသည် ပြစ်မှုကျူးလွန်ခြင်းသာဖြစ်သည်။

(ဂ) ရွေးကောက်ပွဲဆိုသည်မှာ တစ်နိုင်ငံလုံးနှင့်ဆိုင်သည့် အမျိုးသားရေးကိစ္စ အသွင်ဆောင်သည်။ နိုင်ငံတော်ကကြီးမှူးလုပ်ဆောင်ခြင်း ဖြစ်နိုင်သလို၊ ကုမ္ပဏီ အဖွဲ့အစည်းကြီးများ၏အထောက်အပံ့ဖြင့် ပြုလုပ်ခြင်းလည်းဖြစ်နိုင်သည်။

(ဃ) လူအများစု သို့မဟုတ် အဖွဲ့အစည်းအချို့က မှန်ကန်သည့် ရလဒ်ဆိုခြင်းထက် မှားယွင်းသည့်ရလဒ်အပေါ်တွင်သာ စိတ်ဝင်စားကြသည်။ ပြည်တွင်း ပြည်ပ ဖျက်လိုဖျက်ဆီးလုပ်လိုသူများကလည်း လူအား၊ ငွေအား၊ သတင်းအားဖြင့် ရွေးကောက်ပွဲ ရလဒ်အပေါ် ထင်ယောင်ထင်မှားဖြစ်ရန် လှုံ့ဆော်တတ်ကြသည်။

(င) လက်ရှိအစိုးရသည် တရားမျှတမှု၊ လျှို့ဝှက်လုံခြုံမှုရှိသည့် ရွေးကောက်ပွဲ တစ်ခုဖြစ်ရန် မည်မျှအာမခံချက်ပေးသည်ဆိုစေ ထင်ယောင်ထင်မှား အတိုက်အခိုက် များကို ခံကြရသည်သာဖြစ်သည်။ ရွေးကောက်ပွဲတစ်ခုလုံးကို တစ်နိုင်ငံလုံးတွင် အောင်မြင်ငြိမ်းချမ်းစွာ ကျင်းပပေးနိုင်ခဲ့သည်ကို ကျေးဇူးတင်ရမည့်အစား၊ ရွေးကောက်ပွဲအမှားများကိုသာ လိုက်ထောက်မည့်သူများနှင့် ရင်ဆိုင်ရခြင်းသည် ဒီမိုကရေစီ၏ သဘောသဘာဝကဲ့သို့ဖြစ်နေသည်။

အထက်ပါအချက်များသည် ဒီမိုကရေစီနည်းနှင့် အီလက်ထရောနစ်နည်းတို့ သဟဇာတ မဖြစ်စေသည့် အကြောင်းတရားများ ဖြစ်သည်။ အခြားဆက်စပ် စဉ်းစားသင့်သည့် အကြောင်းတရားများမှာ

၁။ လူတိုင်းလျှို့ဝှက်နည်းဖြင့်မဲပေးခြင်းကိုသာ နှစ်သက်ကြသည်။

၂။ မည်သူက မည်သူ့ကိုဟူ၍လည်းကောင်း၊ အမှန်လား၊ အမှားလားဆိုသည့် ဆန္ဒထုတ်ဖော်ချက်ကိုလည်းကောင်း မည်သူ့ကိုမျှ သိစေလိုသည့် ဆန္ဒမရှိပေ။

၃။ မည်မျှလျှို့ဝှက်သည်ဆိုစေ ထိုလျှို့ဝှက်ခြင်းကြောင့်လည်း အမှန်ဖြစ်ချင်မှ ဖြစ်မည်။ မဲပေးရာတွင် အမှားလည်းရှိနိုင်သည်၊ မတရားလည်း ရှိနိုင်သည်။ မဲပေးပြီး လျှင် မိမိတို့တာဝန်ပြီးဆုံးသွားသလိုဖြစ်နေသော်လည်း၊ မည်သူမျှ မိမိတို့ထင်သလို မျှော်လင့်ထား၍မဖြစ်နိုင်ပေ။

၄။ ရွေးကောက်ပွဲတွင် တရားမျှတမှုအတွက် အာမခံချက်ပေးနိုင်ရန် နည်းလမ်း တစ်လမ်းသာရှိသည်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေသာဖြစ်သည်။ ရွေးကောက် သူများကိုလည်းကောင်း၊ အရွေးကောက်ခံကိုယ်စားလှယ်များကိုလည်းကောင်း အမှန်တကယ် ကိုယ်စားပြုသည့် ရွေးကောက်ပွဲဥပဒေသည်သာလျှင် ပြည်သူကို အမှန်တကယ်အာမခံချက်ပေးနိုင်လိမ့်မည်ဖြစ်သည်။

၅။ အထက်တွင်ဖော်ပြခဲ့သည့် အပိုဒ် (ဃ) နှင့် (င) တို့အလိုအရ မည်သူ့ကိုမျှ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အရမ်းကာရော မယုံရသည့်သဘောဖြစ်နေသည်။ ရွေးကောက်ပွဲအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေအတိုင်းသာ ဖြစ် မဖြစ်ကို ပြည်သူတို့ စောင့်ကြည့်နိုင်သည့် သို့မဟုတ် ဝေဖန်ပိုင်းဖြတ်နိုင်သည့် အသိပညာသာလျှင် အရေးကြီးသည်။

၆။ ရွေးကောက်ပွဲတွင် တရားမျှတခြင်းဆိုသည်မှာ အာမခံချက် အပြည့်အဝ ပေးနိုင်ရမည်ဖြစ်သည်။ အာမခံချက် အပြည့်ပေးနိုင်သလို ပြည်သူကိုလည်း လွတ်လပ်ပွင့်လင်းစွာ စစ်ဆေးပိုင်ခွင့်လည်းပေးထားရမည်။ သို့မှသာလျှင် ဒီမိုကရေစီ နည်းကျကျ ထိန်းချုပ်နိုင်မည်ဖြစ်သည်။ (ဤအဆင့်တွင် စက္ကူမဲဆန္ဒနှင့် အီလက်ထရောနစ်မဲဆန္ဒကိုနှိုင်းယှဉ် ကြည့်ရမည် ဖြစ်သည်။)

၇။ စက္ကူမဲဖြင့် ရွေးကောက်ပွဲကျင်းပခြင်းသည် ဒီမိုကရေစီနည်းကျကျ ထိန်းချုပ်မှုများကို ပေးနိုင်သည်။ အဘယ်ကြောင့်ဆိုသော် စက္ကုမဲကို လူတွေက စစ်ဆေးနိုင်သောကြောင့်ဖြစ်သည်။ စက္ကူမဲသည် မြင်နိုင်ရုံမျှမက လက်ဆုပ်လက်ကိုင် ပြနိုင်သည့် အနေအထားတွင်ရှိသည်။ သို့သော်စက္ကူမဲသည် ဒီမိုကရေစီနည်းကျ သည်ဟု ပုံသေမပြောနိုင်ပေ။ နိုင်ငံခြားတိုင်းပြည်များသို့ ရောက်နေသူများ၊ အကြမ်းဖက်သမားအုပ်စု၊ စီးပွားရေး၊ နိုင်ငံရေးအာဏာကြီးလွန်းသူတို့ထံမှ အပြည့်အဝစက္ကူမဲတို့ရလိမ့်မည်ဟု မျှော်လင့်ထား၍မဖြစ်နိုင်ပေ။

၈။ အီလက်ထရောနစ်စနစ်ဖြင့် မဲဆန္ဒပေးခြင်းတွင် ဒီမိုကရေစီနည်းကျကျ ထိန်းချုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ထား၍မဖြစ်ပေ။ ကွန်ပျူတာမဲစနစ်ကို လူသားဖြင့် မစစ်ဆေးနိုင်ပေ။ စက်ပစ္စည်း၏ အဆုံးအဖြတ်အတိုင်းသာ ခံကြရမည်ဖြစ်သည်။ ကွန်ပျူတာဆိုသည်မှာ လူသားကဖန်တီးထားခြင်းဖြစ်ပြီး သတ်မှတ်ပြဋ္ဌာန်းထား သည့် ဆော့ဖ်ဝဲအတိုင်းသာ အဖြေထုတ်ပေးလိမ့်မည်ဆိုစေ၊ မည်မျှသော အတိုင်းအတာအထိ ပြီးပြည့်စုံမှုရှိကြောင်းကိုကား မည်သူမျှအာမခံနိုင်မည် မဟုတ်ပေ။ လူသားဆန္ဒအရ လူဖြင့်စစ်ဆေးရခြင်းအပေါ်တွင် အပြည့်အဝ ယုံကြည့်စိတ်ချနေသမျှ အီလက်ထရောနစ်နည်းသည် ခေတ်စားလာဦးမည် မဟုတ်ပေ။

၉။ နည်းပညာသည်လူသားတို့ ယုံကြည်စိတ်ချရသည့်အနေအထားသို့ မရောက် သမျှ အီလက်ထရောနစ်မဲပေးစနစ်ဖြင့် ရလာသည့် ရလဒ်ကို လက်ခံကြမည် မဟုတ်ပေ။

၁၀။ အီလက်ထရောနစ်မဲဆန္ဒပြုခြင်းကို ပြည်သူတို့လက်ခံလာရန်မှာ အီလက်ထရောနစ်ပစ္စည်းများနှင့်သက်ဆိုင်သည့် (လူ၊ ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲနှင့် Network ) တို့ကိုလုံခြုံစိတ်ချရမှု၊ မှန်ကန်တိကျမှုတို့အား အခိုင်အမာ တည်ဆောက် ပြနိုင်မှ ရပေလိမ့်မည်။ ဤသည်မှာလည်း မဖြစ်နိုင်ပေ။

၁၁။ အစိုးရအနေဖြင့်လည်း အီလက်ထရောနစ်မဲပေးစနစ်သည် တိကျမှန်ကန် ကြောင်း ယနေ့တိုင် သက်သေမပြနိုင်သေးပေ။

၁၂။ အီလက်ထရောနစ်စနစ်ဖြင့်မဲပေးခြင်းသည် အကြမ်းဖက်သမားတို့အတွက် ပစ်မှတ်ဖြစ်ကာတိုက်ခိုက်နိုင်သည်။ Network Infrastructure နှင့် လျှပ်စစ် ဓာတ်အားလိုင်းအပြင်၊ ကွန်ပျူတာ Center တို့ကိုပါ တိုက်ခိုက်ဖျက်ဆီးလိုက်လျှင် ဆိုသည့် အဆင့်အထိ ထည့်သွင်းစဉ်းစား လိုက်လျှင် မလုံခြုံမှုကိုသိနိုင်ပေလိမ့်မည်။

ရွေးကောက်ပွဲတိုင်း စိတ်ချယုံကြည်ရသည်ဟု မပြောနိုင်ပေ။ တစ်ခါတစ်ရံ အမှားကို မဲပေးပြီး၊ အမှားကိုရွေးချယ်တတ်သည်မှာလည်း ဒီမိုကရေစီ၏သဘော သဘာဝဟု ပြောရမည်။ အထူးသဖြင့် နည်းပညာဖြင့် စက်ကိရိယာများကိုသုံးပြီး ရွေးကောက် ရခြင်းသည် အန္တရာယ်ကြီးသောစွန့်စားမှုတစ်ရပ်အဖြစ် ရှုမြင်သုံးသပ်ကြသည်။ စက်ကိရိယာဖြင့် အမေရိကန်ကဲ့သို့သောနိုင်ငံကြီးတွင် မဲပေးစနစ်ကို စမ်းသပ်ခဲ့ဖူး သည်။ အမေရိကန်ပြည်ထောင်စုတွင် ၂၀၀၄ ရွေးကောက် ပွဲကာလအတွင်း စက်ကိရိယာများဖြင့် မဲပေးခဲ့ကြသည်။ စက်ကိရိယာများချွတ်ယွင်းမှုကြောင့် အတော်လေးပြဿနာတက်ခဲ့ရသည်။

အီလက်ထရောနစ်မဲပေးစနစ်တွင် ပါဝင်ပတ်သက်နေရသည့်ပစ္စည်းတစ်ခုမှာ ကွန်ပျူတာဖြစ်သည်။ ဆော့ဖ်ဝဲ သို့မဟုတ် ပရိုဂရမ်ကိုသုံးပြီး run ရသဖြင့် စက်ကိုအားကိုးနေရခြင်းကို ပညာရှင်အများစုက ယုံကြည်စိတ်ချမှုသိပ်မရှိပေ။ DRE စနစ်တွင်လည်း ဆန္ဒမဲပြားဖြင့် စက်ကိုအသုံးပြုကာမဲပေးရသည်ဆိုစေ မည်သို့ လုပ်ဆောင်ထားကြောင်း အများပြည်သူသို့ နည်းပညာသဘောတရားကို ပွင့်လင်းစွာ ထုတ်ပြန်ထားမှုမရှိခြင်းက မယုံသင်္ကာမှုကို တိုးပွားစေခဲ့သည်။ ကွန်ပျူတာနှင့် စက်ပစ္စည်းများအပေါ် အပြည့်အဝ လူတို့ယုံကြည်စိတ်ချမှုမရှိနိုင်သရွေ့ အီလက် ထရောနစ်မဲပေးစနစ်သည် အောင်မြင်ကိုးစားမှုရနိုင်မည်မဟုတ်ပေ။