အီရန်နိုင်ငံ၏ ပညာရေး

ဝီကီပီးဒီးယား မှ
Mehrabad လေဆိပ်ရှိ ကလေး ပညာရေး စာအုပ်ဆိုင် (၁၉၇၅)

အီရန်နိုင်ငံ၏ ပညာရေးသမိုင်းကို ရှေးယခင်နှင့် အာရ်ယာယီး ခေတ်များမှစ၍ လေ့လာရပေမည်။

ရှေးယခင် အီရန် ၏သင်ကြားရေး[ပြင်ဆင်ရန်]

အီရန်မြေတွင် လူတို့သည် နှစ်ပေါင်း ၁၅၀၀၀ အရင်ကတည်းက ဘဝလုပ်နေထိုင်ခဲ့ကြသည်။ အာရ်ယာယီးမျိုးနွယ်စုများအရင်က နေထိုင်ခဲ့ကြသောလူတို့သည် သင်ကြားရေး၌ မည်သည့်မည်ပုံရှိခဲ့သည်ကို ဖော်ပြရန်မှာ လက်လှမ်းမမှီပေ။ နှစ်ပေါင်း ၄၀၀၀ အရင်က အာရ်ယာယီ ၊ မားဒ် ၊ ဖာရစီ ၊ ဖာရသီ မျိုးနွယ်စုများ အီရန် မြေသို့ စတင်ဝင်ရောက်လာကြသည်။ အီရန် မြေ၏အနောက်ပိုင်းတွင် မားဒ် များ ၊ တောင်ပိုင်းတွင် ဖာရစီ များ ၊ အရှေ့ပိုင်းတွင် ဖာရသီများ အသီးသီး အခြေကျနေထိုင်ခဲ့ကြပြီး အုပ်ချုပ်ရေးများလည်း ပေါ်ထွန်းခဲ့သည်။ မားဒ် တို့သည် ခရစ်သက္ကရာဇ် နှစ် ၇၀၀ အရင်ကတည်း အီရန် ၏အနောက်ဘက်ခြမ်းတွင် အခြေချခဲ့ကြပြီး မားဒ် အုပ်ချုပ်ရေးကို ထူထောင်နိုင်ခဲ့သည်။ မားဒ် တို့၏ ခေတ်ကာလ၌ ကလေးလူငယ်များအား လူ့ဘဝနေထိုင်မှုစနစ်များ စစ်ပညာများကို အိမ်များတွင် ဦးစွာသင်ကြားပေးကြသည်။ တရားဝင် စနစ်တကျသင်ကြားရေးများသည် ဘုန်းတော်ကြီးများအတွက်သာ သီးသန့်ဖြစ်သည်။ ဘုန်းတော်ကြီးများသည် အရေးအဖတ် ၊ သာသနာဆိုင်ရာ ဓလေ့ထုံးတမ်းများ ၊ နက္ခတ်ဗေဒဆိုင်ရာနှင့် ရှေ့ဖြစ်ဟောအတတ်ပညာများကို သာသနိကအဆောက်အဦးများ၌ သင်ယူကြရသည်။ အခြားသာမန်လူများမှာမူ အရေးအဖတ်လုံးဝမတတ်ကြသလို သင်ယူရန် အခွင့်အလမ်းလည်း မရှိကြချေ။ မားဒ် တို့၏အရေးအသားလက်ရေးမူသည် မီးခီး အရေးအသားနှင့် ဆင်သည်။[၁] ဟခါမန်ရှီး ခေတ်ကာလတွင်သင်ကြားရေးသည် ဇဲရ်သွရှ်သီဘုန်းတော်ကြီးများ၊ မင်းမျိုးမင်းနွယ်များ ၊ အုပ်ချုပ်သူများ အတွက်သီးသန့်ဖြစ်လာခဲ့သည်။ သို့သော် ဇဲရ်သွရှ်သီ သာသနာ၌သင်ကြားရေးနှင့် ပဲ့ပြင်ထိန်းကျောင်းရေးသည် လူနေမှုဘဝအတွက် အရေးပါကြောင်းပြဆိုရာ အီရန် လူထုသည်လည်း ထိုသာသနာ၏ပညာရှိအဆိုကို အလေးထားပြီး အပြောအဆို လုပ်ရပ်ကောင်းများနှင့် လုပ်ငန်းကျွမ်းကျင်မှု အတတ်ပညာတို့ကို မိမိတို့၏သားသမီးများအား သင်ကြားပြသပေးခဲ့ကြသည်။ ထိုခေတ်ကာလ၌ ၎င်းတို့၏ကိုးကွယ်ရာဖြစ်သော မီးတိုင်ကြီးများ တည်ရှိရာနေရာတို့သည် ပညာသင်ယူရန်နေရာများ ဖြစ်ခဲ့သည်။ သာသနာ့ ပညာရပ်များအပြင် ဆေးပညာဆိုင်ရာ ၊ သင်္ချာ နှင့် နက္ခတ်ဗေဒ ဆိုင်ရာပညာရပ်တို့ကိုပါ သင်ကြားပို့ချခဲ့ကြသည်။

ပထမဆုံး တက္ကသိုလ်[ပြင်ဆင်ရန်]

စာစာနီ ခေတ်ကာလတွင် အီရန် ယဉ်ကျေးမှုသည်အရှေ့ပိုင်းဒေသနှင့် အနောက်ပိုင်းဒေသများသို့ ကူးစက်ပြန့်နှံ့နေပြီ ဖြစ်သည်။ သို့သော် ၎င်းကာလထိတိုင် အုပ်စုလိုက်သင်ကြားရေးများ စတင်မှုမရှိသေးပေ။ ထိုကာလမှာပင် ရှေးကျပြီး အချက်အချာကျသည့် ပညာဌာနအနေဖြင့် ဂျန်ဒီရှာပူးရ် အမည်ရတက္ကသိုလ်တစ်ခု ဂန်ဒီရှာပူးရ် မြို့တွင် ပေါ်ပေါက်ခဲ့သည်။ ၎င်းမြို့သည် ရှာပူးရ်စာစာနီ တည်ထောင်ခဲ့သောမြို့ဖြစ်ပြီး အစ္စလာမ်သာသနာ ပေါ်ထွန်းပြီးနောက်ပိုင်း ၄ ရာစုနှစ်အထိစည်ကားမှုရှိခဲ့သည်။ ဂန်ဒီရှာပူးရ် တက္ကသိုလ်တွင် အီရန်၊ ဟင်န်ဒီ ၊ ယူနာန် ၊ ရောမ ပညာရှင်ဆရာများသင်ကြားပို့ချပေးခဲ့ပြီး ပညာရေးဆွေးနွေးမှုများလည်း ရှိခဲ့သည်။ ခရစ်သက္ကရာဇ် ၅၆၉ ခုနှစ် အာသန် ကျောင်းကြီးပိတ်သွားပြီးနောက် ယူနာန် ပညာတတ်ဆရာအတော်များများ ဂန်ဒီရှာပူးရ် သို့ရောက်ရှိလာကြသည်။ ခွပ်္စရိုအနူရှီးရ်ဝါးန် လက်ထက်တွင် ထိုမြို့၌ ဆေးရုံတစ်ခုကို ဆောက်လုပ်နိုင်ခဲ့ပြီး အီရန် ၊ ယူနာန် ၊ ဟင်န်ဒီ သမားတော်များနှင့် ဆေးဝါးကုသမှုများကို ဆောင်ရွက်နိုင်ခဲ့သည်။

ဟစ်ဂျရီ ၄၅၉ ခုနှစ်တွင်အစ္စလာမ့် ပညာသင်ကြားရေးစနစ်များ အတော်တိုးတက်လာနေပြီ ဖြစ်သည်။ ထိုနှစ်မှာပင် စလ်ဂျူကီယားန် ၏ဝန်ကြီးဖြစ်သူ ခွါဂျာနေဇာမွလ်မလစ်က် သည် ဘဂ်ဒါဒ် ၌ ပထမဆုံးကျောင်းကို တည်ထောင်နိုင်ခဲ့သည်။ ဤကဲ့သို့ကျောင်းများသည် အစ္စလာမ့် လောကတွင်ပြန့်နှံ့လာခဲ့ပြီး မြို့ရွာဒေသအသီးသီးတွင် ကျောင်းများပေါ်ပေါက်လာခဲ့သည်။ ထိုကျောင်းများမပေါ်ပေါက်မီက ၎င်းတို့၏ လူ့အသိုင်းအဝိုင်းတွင် ပုံမှန်စဉ်ဆက်မပြတ်သင်ကြားရေးများ မပေါ်ပေါက်ခဲ့ပါ။ ထို့အပြင် မပ်္စဂျိဒ် များ ပညာရှင်တို့၏နေအိမ်များတွင်သာ ပညာသင်ကြားမှုရှိခဲ့သည်။ ကျောင်းများနှင့် သင်ထောက်ကူပစ္စည်းများ တစ်ခန်းတစ်နားဖြစ်လာသည်နှင့်အမျှ ပညာသင်ကျောင်းသူကျောင်းသားများလည်း တက်ကြွစွာ လာရောက်ခဲ့ကြသည်။ အခြားသော ပို၍ပညာရေးတိုးတက်မြင့်မားသည့် နေရာများ နေရာအနှံ့ရှိလာသော်လည်း ကျောင်းသားများမှာ ၎င်းတို့သန်ရာဒေသများကိုသာ ရွေးချယ်မှုများလည်းရှိခဲ့သည်။ အမှန်တကယ်တွင် ဟစ်ဂျရီ ၄၅၉ ခုနှစ်မတိုင်မီနှင့် နောက်ပိုင်းတွင် ပညာသင်ကြားရေးနှင့် ပို့ချရေး လုပ်ငန်းဆောင်တာများသည် နေရာဒေသအသီးသီး၌ ပေါ်ပေါက်နေပြီဖြစ်သည်။

ကျောင်းတော်ကြီးများ မပေါ်ပေါက်မီက ပညာသင်ကြားခဲ့ကြသောနေရာများမှာ

  • အရေးအဖတ်တတ်မြောက်ရန် စာသင်ဝိုင်းကလေးများ
  • ကုရ်အာန် နှင့်အခြေခံလိုအပ်သည့် မပ်္စအလာ များသင်ကြားသည့်စာသင်ဝိုင်းများ
  • နန်းတွင်း အခြေခံပညာသင်ကြားမှု
  • စာအုပ် ဆိုင်များ
  • အာလင်မ် ပညာရှင်တို့၏နေအိမ်များ
  • ကဗျာစာပေ ဌာနများ
  • ကွင်းပြင်များ
  • မပ်္စဂျိဒ် များ၌ ပညာသင်ကြားမှုများရှိခဲ့သည်။

ဖော်ပြပါနေရာ ဒေသတို့သည် လူတို့အားပညာရေးဘက်သို့ ဖိတ်ခေါ်ခဲ့သည်။ ထိုအနေအထားတို့သည် အစ္စလာမ် ပေါ်ထွန်းပြီးနောက် အစပျိုးခဲ့ခြင်းဖြစ်သည်။ အချိန်ကာလ ကြာညောင်းလာသည်နှင့်အမျှ နည်းစနစ်များလည်း တိုးတက်မြင့်မားလာခဲ့သည်။ မည်မျှပင် အစ္စလာမ့် ခေတ်ဦးပိုင်းကာလ၌ ရေးနိုင်ဖတ်နိုင်သူများ အနည်းအကျဉ်းသာရှိသော်လည်း တမန်တော်မြတ် (ဆွ) သည်အရေးအသား တတ်မြောက်ရန်အတွက် တိုက်တွန်းစီစဉ်ခဲ့သည်။ ၎င်းအသိအမြင်များကြောင့် ဘဒဲရ် စစ်ပွဲအပြီးတွင် ဖမ်းဆီးမိသော သုံ့ပန်းများအကြား သင်ကြားပေးနိုင်သောသူများကို ထိုတာဝန်ပေးအပ်ပြီး ထိုတာဝန်ကို ထမ်းဆောင်သည့် ရလဒ်အဖြစ် သေမိန့်မချဘဲ လွှတ်ပေးခဲ့သည်။ ထိုကဲ့သို့ မွတ်စလင်မ် မဟုတ်သူများ၏သင်ကြားရေးရလဒ်သည် လွတ်မြောက်ခြင်းဖြစ်ခဲ့သလို အများနှင့်အတူ စုပေါင်းပညာသင်ကြားရေးနည်းစနစ်သည်လည်း တွင်ကျယ်ပြန့်နှံ့လာခဲ့သည်။

ကာဂျာရ် ခေတ်ကာလ သင်ကြားရေး[ပြင်ဆင်ရန်]

အူမီးရာမြို့ရှိ ကျောင်းတစ်ကျောင်း (၁၉၁၀)

ကာဂျာရ် ခေတ်ကာလတွင် အီရန် နှင့် ရူစ် တို့ စစ်မက်များ ဖြစ်ပွားခဲ့ကြရာ အီရန် တို့ စစ်ရှုံးခဲ့ရပြီး နယ်မြေအတော်များများကို သိမ်းပိုက်ခံခဲ့ရသည်။ ဤကဲ့သို့စစ်ရှုံးရသည့် အကြောင်းရင်းကို အများသူငှာသိစေရန်လည်း လိုအပ်နေ၏။ တစ်ဖက်မှလည်း ပညာရေးနှင့် နည်းပညာတို့သည် အားနည်းနေ၏။ သို့ပါ၍ ဟစ်ဂျရီ ၁၂၃၁ ၌ ပညာတော်သင် ၅ ဦးကို အင်္ဂလန် သို့စေလွှတ်ခဲ့သည်။ ဟစ်ဂျရီ ၁၂၃၇ တွင် သဗ်ရီးဇ် မြို့၌ ပထမဆုံး စဲရ်ဘီးအမည်ဖြင့် ပုံနှိပ်တိုက်ကို တည်ထောင်နိုင်ခဲ့ပြီး ပညာတော်သင်များမှတစ်ဦးဖြစ်သည့် မီရ်ဇာဆွာလေ့ဟ် သည် ပထမဆုံးသတင်းစာကို ဟစ်ဂျရီ ၁၂၅၃ ခုနှစ်တွင် ကာဂတ်ဇေအခ်ဘားရ်-သတင်းများ၏စာမျက်နှာ အမည်ဖြင့် ထုတ်ဝေနိုင်ခဲ့သည်။ ယနေ့ခေတ်ပညာရေးစနစ်ပုံစံဖြင့် ဟစ်ဂျရီ ၁၂၅၄ ခုနှစ်၌ မီရ်ဇာဟစန်ခါန်ရွရှ်ဒီယာ၏ကြိုးပမ်းမှုဖြင့် ပထမဆုံးကျောင်းကို အွရ်မီယာ ၌လည်းကောင်း နောက်တစ်နှစ်အကြာ သဗ်ရီးဇ် ၌လည်းကောင်း ပျိုးထောင်နိုင်ခဲ့သည်။

ကာဂျာရ် ၏ခေတ်တွင် အမျိုးသမီးများ ပညာသင်ကြားရန် အခွင့်အလမ်း အလွန်နည်းပါးခဲ့သည်။ အများ၏အမြင်တွင် အမျိုးသမီးများ ပညာတတ်ခြင်းသည် အစ္စလာမ် နှင့်ဆန့်ကျင်နေပြီး လူ့အသိုင်းအဝိုင်းကြီးအတွက် အန္တရာယ်ဖြစ်သည်ဟု လွဲမှားစွာ ယူဆထားကြသည်။ အမျိုးသမီးများသည် ပညာသင်ကြားရန် ဉာဏ်မမှီဟု ဆိုကြသည်။ ပညာတတ်သောအမျိုးသမီးကို သိက္ခာမဲ့သည်ဟု သတ်မှတ်ကြသည်။ ထို့ကြောင့် အချို့ပညာတတ် အမျိုးသမီးများသည် လူမသိသူမသိအောင် နေကြရသည်။ သမီးပျိုလေးများမှာမူ စူးစမ်းခြင်း မေးခွန်းများထုတ်ခြင်း စသည်များကို ပြုလုပ်ခွင့်မရှိဘဲ ငြိမ်ကုတ်စွာဖြင့် နေကြရသည်။ အချို့သောသိလိုသည်များကို မိမိတို့၏ မောင်ငယ်လေးများထံမှပင် ပြန်လည်မေးမြန်းရသည့်ဘဝဖြစ်သည်။ ထိုကဲ့သို့ လွဲမှားသောအယူအဆကြီးဖြင့် ကာလအတန်ကြာ ဖြတ်သန်းနေခဲ့ကြသည်။ ကာဂျာရ် ၏ ခေတ်နှောင်းပိုင်းတွင် အမျိုးသမီးများအခွင့်အရေး လှုပ်ရှားသူတစ်စုမှ အမျိုးသမီးကျောင်းများ ဆောက်လုပ်ရန် ကြိုးပမ်းလာကြသည်။ ထိုအခါ ဓလေ့ထုံးတမ်း အစွဲကြီးဝါဒီသမားများ၏ ဆန့်ကျင်ခြင်းနှင့် ရင်ဆိုင်ရလေ၏။ သို့သော်နောက်ဆုံး အမျိုးသမီးကျောင်းအချို့ကို ဆောက်လုပ်ဖွင့်လှစ်နိုင်ခဲ့သည်။

နည်းပညာဆိုင်ရာ သင်တန်းကျောင်းများ တည်ထောင်ခြင်း[ပြင်ဆင်ရန်]

ဒါရွလ်ဖိုနူးန် အမည်ဖြင့် တည်ထောင်ခဲ့သည့်ကျောင်းမှာ နည်းပညာဆိုင်ရာများကို ပို့ချပေးသည့်သင်တန်းကျောင်းဖြစ်သည်။ နေသက္ကရာဇ် ၁၂၃၁ ခုနှစ်တွင် မီရ်ဇာသကီခါးန်အမီးရ်ကဘီးရ် ၏ ကြိုးပမ်းမှုဖြင့် သဲဟ်ရာန်မြို့တွင် စတင်တည်ထောင်နိုင်ခဲ့သည်။ ထိုကျောင်း၏ ပထမဆုံးသင်ကြားပေးသည့် ဆရာများမှာ ဥရောပ မှဖြစ်သည်။ အထက်တန်းလွှာနှင့် အာဏာပိုင်အဖွဲ့အစည်းများမှ သားသမီးများ အယောက် တစ်ရာကိုသာ ဦးစွာပညာသင်ကြားခွင့်ပေးခဲ့ပြီး စစ်ပညာ၊ ဆေးဘက်ဆိုင်ရာ၊ ဆေးဝါးထုတ်လုပ်ခြင်း၊ သတ္ထုတွင်းထွက်နှင့် အင်ဂျင်နီယာ စသည့် ဘာသာရပ်များကို သင်ကြားပေးခဲ့သည်။ ဒါရွလ်ဖိုနူးန် တွင် လက်တွေ့သင်ကြားရေးအခန်းများလည်းရှိပြီး ရူပဗေဒ၊ ဓာတုဆေးဝါး၊ ဇီဝဆေးဝါး၊ ဖန် နှင့်မှန်ဆောက်လုပ်ခြင်း၊ ဖရောင်းတိုင် ထုတ်လုပ်ခြင်းနှင့် ပုံနှိပ်ခြင်း စသည့်ပညာရပ်များကို စာတွေ့အပြင် လက်တွေ့လည်း သင်ကြားပြသနိုင်ခဲ့သည်။ ပမာအားဖြင့် မစီးဝ်ကရ်ရှီးရှ်အသ်ရီးရှီး သည် သင်္ချာဘာသာရပ်ဆိုင်ရာ ဆရာတစ်ဦးဖြစ်ပြီး မိမိကျောင်းသားများ၏ အကူအညီဖြင့် ဦးစွာနိုင်ငံတွင်း အဝေးဆက်သွယ်ရေးအတွက် ကြေးနန်း ကို တည်ဆောက်နိုင်ခဲ့သည်။

သင်ကြားရေးနှင့် နည်းပညာအသစ်များပို့ချရေး[ပြင်ဆင်ရန်]

vocational education at Kanun-e Kaaramuzi-e Keshvar, 1970

အီရန်နိုင်ငံ၏ စည်းမျဉ်းအရ ကလေးလူငယ်များအားလုံး အလယ်တန်းပညာရည်အဆင့်အထိ အခမဲ့ပညာသင်ကြားခွင့် ရှိသည်။ ပညာရေးအတွက် လိုအပ်သည်များမှာ အစိုးရအပေါ်တာဝန်ရှိပြီး ပညာရေးဝန်ကြီး ဌာနမှ စီစဉ်ဆောင်ရွက်ပေးရသည်။

အီရန် ၏ပညာရေးစနစ်မှာ မူကြို၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်း (တက္ကသိုလ်ဝင်တန်း) ဟူ၍ ဖြစ်သည်။ ၁၃၈၀ တွင် ပညာသင်နှစ်များကို ဖော်ပြခဲ့သည့် အပိုင်းအခြားများအလိုက် ၃ နှစ်စီ ပိုင်းခြားသင်ကြားခဲ့သည်။ ထို့ကြောင့် မူလတန်းအကုန်အထိ ၆ နှစ် အလယ်တန်းအပြီးအထိ ၆ နှစ်စီ ပညာသင်ကြားရမည်ဖြစ်သည်။ ထိုပညာရေးစနစ်ကို ၁၃၇၉ အနှေင်းပိုင်းနှင့် ၁၃၈၀ မွေးဖွားခဲ့သူများ ကြုံတွေ့ရဖူးမည်ဖြစ်၏။ အလယ်တန်း၏ နောက်ဆုံးနှစ်တွင် နှစ်သက်ရာ မေဂျာကို ရွေးချယ်ရမည်ဖြစ်သည်။ စက်မှုလက်မှုဝါသနာပါသူများက အတတ်ပညာသင်ကျောင်းများ၌ မိမိတို့နှစ်သက်ရာကို ဆက်လက်သင်ယူနိုင်သည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင်စွာဖြေဆိုနိုင်သူများသည် တက္ကသိုလ်၌ ဆက်လက်ပြီး ပညာသင်ကြားရမည် ဖြစ်သည်။

အီရန် ကျောင်းများ၏ ထိန်းကျောင်းပဲ့ပြင်ခြင်းနှင့် အတွေးအခေါ်[ပြင်ဆင်ရန်]

အီရန်၏ ပညာရေးစနစ်တွင် သာမန်ကြည့်မည်ဆိုလျှင် ပဲ့ပြင်ခြင်းနှင့် အတွေးအခေါ်ပိုင်းဆိုင်ရာ၊ သင်ကြားရေး၏ ရည်ရွယ်ချက်ကို အလေးပေးသည်ဟု ထင်ရသော်လည်း လက်တွေ့၌ တစ်မျိုးတစ်ဖုံဖြစ်သည်။

ယနေ့ အီရန်၏ ကျောင်းများတွင် ပညာရေးစနစ် ပြောင်းလဲမှုများ အကျိုးမရှိလှသည့် အကြိမ်ကြိမ်ထပ်နေသော သင်ရိုးညွှန်းတမ်းများကြောင့် ကျောင်းသူကျောင်းသားတို့၏ တွေးခေါ်နိုင်သည့် စွမ်းရည်ကို ချုပ်နှောင်ထားသကဲသို့ ဖြစ်နေ၏။ ထို့ကြောင့် သင်ရိုးညွှန်းတမ်း စာအုပ်များကိုသာ ကျက်မှတ်နေရသည့် အနေအထားမျိုး ဖြစ်နေသည်။ ထိုအနေအထားဖြင့် ပညာရေးတွင် တွေးခေါ်နိုင်ရန် လုံလောက်သည့် အနေအထားကို ရရှိမည်မဟုတ်ပေ။

ဆရာများမွေးထုတ်ပေးခြင်း[ပြင်ဆင်ရန်]

ဆရာအတတ်သင်ကျောင်းသည် အသာလွန်ဆုံး သင်ကြားပြသရာနေရာ ဟုဆိုရပေမည်။ ၎င်း၏ရည်ရွယ်ချက်မှာ မူလတန်းမှ အထက်တန်းအထိ သင်ကြားရေးနှင့် ပဲ့ပြင်ထိန်းကျောင်းရေးများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဆရာများအား လေ့ကျင့်ပေးခြင်းဖြစ်သည။ အီရန်တွင် ဖှရ်ဟန်ဂီးယါးန် တက္ကသိုလ်၌ ဆရာအတတ်သင်နှင့် လူ့စွမ်းရည်မြင့်တင်ခြင်းဆိုင်ရာ အတတ်ပညာများကို တာဝန်ယူသင်ကြားပေးလျက်ရှိသည်။.[၂]

သင်ကြားရေးဆိုင်ရာဌာနများ[ပြင်ဆင်ရန်]

  • -ပညာရေးဝန်ကြီးဌာန သုတေသန နှင့် နည်းပညာဌာန
  • တက္ကသိုလ်များ
  • သင်ကြားရေးနှင့် ပြုပြင်ထိန်းကျောင်းရေးဌာနများ
  • သုတေသန နှင့် ပညာရေးသင်ရိုးညွှန်းတမ်း ရေးဆွဲရာဌာန
  • သင်ခန်းစာ စာအုပ်များထုတ်လုပ်ခြင်း
  • သင်ထောက်ကူ အဖြစ် မဂ္ဂဇင်းများထုတ်လုပ်ခြင်း စသည်တို့ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. فرهنگنامهٔ کودکان و نوجوانان.آموزش و پرورش در ایران، تاریخچهجلد اول
  2. اساسنامه دانشگاه فرهنگیان။ 7 March 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 9 April 2018 တွင် ပြန်စစ်ပြီး။