အီရက်ဇမတ်

ဝီကီပီးဒီးယား မှ
(အီရက်ဇမတ်၊ ဒီ မှ ပြန်ညွှန်းထားသည်)
Desiderius Erasmus
မွေးဖွားc. (1466-10-28)၂၈ အောက်တိုဘာ၊ ၁၄၆၆
Rotterdam, Burgundian Netherlands
ကွယ်လွန်၁၂ ဇူလိုင်၊ ၁၅၃၆(1536-07-12) (အသက် ၆၉)
Basel, Old Swiss Confederacy
အခြား အမည်များDesiderius Erasmus Roterodamus, Erasmus of Rotterdam
ခေတ်Renaissance philosophy
ဒေသWestern philosophy
အဓိက စိတ်ဝင်စားရာ
Christian philosophy, Renaissance humanism

ဥရောပနိုင်ငံသမိုင်းတွင် ပစ္စုပ္ပန်ခေတ်အဦးပိုင်းကို ပညာ အရပ်ရပ် ပြန်လည်ထွန်းကား တိုးတက်လာသော ရီနေးဆွန်း ခေါ် ဉာဏ်သစ်အရေးပုံဟု ခေါ်ဝေါ်မှတ်သားကြပေသည်။ ယင်းသည့်ခေတ်အတွင်း မီးရှူးမီးတိုင်ကြီးသဖွယ် ထင်ရှားခဲ့ သော ပုဂ္ဂိုလ်ကြီးများတွင် ဉာာဏ်သစ် အရေးပုံကို စတင် ကြွေးကြော်သူအဖြစ် ဒီဆီးဒီရီးယတ် အီရက်ဇမတ်သည် အထူးထင်ရှားခဲ့ပေသည်။ သာသနာအရေးပုံကို ထိရောက်အောင် ခေါင်းဆောင်ခဲ့သူမှာ မာတင်လူသာပင် ဖြစ်သော်လည်း မျိုးစေ့ ချပေးခဲ့ သူကား အီရက်ဇမတ်ဖြစ်သည်။ နိုင်ငံသမိုင်းဆရာတို့က အီရက်ဇမတ်၏ ခေတ်သည် အလယ်ပိုင်းခေတ် ကုန်ဆုံးချိန်ပင်တည်းဟု မှတ်ချက်ချကြ၏။ အီရက်ဇမတ် မွေးဖွားသည့်ခုနစ် ဇာတိဇာတ်မြစ်တို့ကို အတိအကျ မသိရသော်လည်း ၁၄၆၆ ခုနှစ်တွင် ဟော်လန်နိုင်ငံ ရော့တဒမ်းမြို့၌ ဖွားမြင်သည်ဟု ယူဆကြ၏။ အချို့သုတေသီ များကမူ ဂူဒါမြို့၌ ဖွားမြင်သည်ဟု ယုံကြည်ကြသည်။ မိဘ ဘိုးဘွားများမှာ ဗရင်ဂျီဂိုဏ်းဝင်များ ဖြစ်ကြ၏။ ငယ်စဉ်က ဂူဒါမြို့ သဒ္ဒါကျောင်း၌ နေခဲ့ပြီးလျှင် ဒီဗင်တာမြို့ စိန်လေးဗန် ဘုရားရှိခိုးကျောင်းရှိ စာသင်ကျောင်းသို့ ပြောင်းရွှေ့ သင်ကြား ခဲ့သည်။ ထိုကျောင်းသည် ဉာဏ်သစ်အရေးပုံ၏ လင်းရောင် ခြည်ကို ရှေးဦးစွာ တွေ့ရသော နေရာဖြစ်၍ အီရက်ဇမတ်၏ ပင်ကိုစိတ်ဓာတ်ကို ဖွံ့ဖြိုးစေသည့် လယ်ယာမြေကောင်းလည်း ဖြစ်ပေသည်။ ထိုကျောင်းတွင် ၁၄၅၇ ခုနှစ်မှ ၁၄၇၄ ခုနှစ် အထိ ပညာဆည်းပူးခဲ့ပြီးနောက် တက္ကသိုလ်တွင် ပညာကို ဆက်လက် သင်ကြားလိုသော်လည်း မိဘများ ကွယ်လွန်သဖြင့် အုပ်ထိန်းသူ ဆွေမျိုးများက သူနှင့်သူ၏ အစ်ကို ပီတာတို့အား သာသနာ့ ဘောင်သို့ ဝင်ရောက်စေရန် ဟာတိုဂျင်ဗို့ကျောင်းသို့ ပို့ကြ၏။ ထိုကြောင့် အီရက် ဇမတ်မှာ အသက် ၂၆ နှစ်အရွယ် ၁၄၉၂ ခုနှစ်တွင် ဗရင်ဂျီဘုန်းကြီးတစ်ပါး ဖြစ်လာလေသည်။ စာပေ၌လည်းကောင်း၊ အယူဝါဒဆိုင်ရာ၌လည်းကောင်း အပတ်တကုတ် အားထုတ်မှုကြောင့် ပါရမီခံ ရင့်သန်ပြီးဖြစ် သော အီရက်ဇမတ်သည် အရာရာတွင် ထူးချွန် ထက်မြက်သူ ဖြစ်ခဲ့သည်။ ၁၄၉၄ ခုနှစ်စတွင် သာသနာပိုင်၏ လက်တင် စာရေးအဖြစ် ခေါ်ယူခန့်ထားခြင်းခံရပြီးလျှင် ၁၄၉၅ ခုနှစ်၌ ပါရစ်မြို့ မွန်တေဂူ ကောလိပ်သို့ ပညာသင်စေလွှတ်ခြင်းခံရ၏။ ထိုအချိန်တွင် ကဗျာစာအုပ်ကလေးတစ်အုပ်ကို ရေးသား ထုတ်ဝေခဲ့သည်။ အီရက်ဇမတ်အား ထောက်ပံ့အားပေးမည့် ပုဂ္ဂိုလ်များစွာ ပေါ်ပေါက်ခဲ့သည်။ ပါရစ်မြို့တွင်နေစဉ်က အားလပ်ချိန်တွင် စာပို့ချသူဆရာအဖြစ် ဆောင်ရွက်ခဲ့၍ တပည့်များလည်း ပေါ များသည်။ ၁၄၉၉ ခုနှစ်တွင် သူ၏ တပည့်တစ်ဦးဖြစ်သော မောင့်ဂျွိုင်းမြို့စား စတုတ္ထဗယ်ရွန် ဝီလျံဗလောင့်၏ဖိတ်ခေါ်ချက် ဖြင့် အင်္ဂလန် ပြည် အောက်စဖို့မြို့၌ ဆာတောမတ်မိုး၊ ကောလက်စသည့် ပုဂ္ဂိုလ်ကြီးများနှင့် အကျွမ်းတဝင် ခင်မင်ခဲ့သည်။ ၁၅ဝဝ ပြည့်နှစ်တွင် ပါရစ်မြို့သို့ ပြန်လာကာ တပည့် အချို့ကို ပညာသင်ပြပေးခြင်း၊ စာအုပ်ရေးသားခြင်းဖြင့် အေးချမ်းစွာ နေထိုင်ခဲ့၏။ သို့သော် လူစုလူဝေးကို စာပေ သင်ပြခြင်း၊ တရားဟောခြင်းတို့ကို များစွာ မလိုလားခဲ့ချေ။ ၁၅ဝ၂ ခုနှစ်မှ ၁၅ဝ၄ ခုနှစ်အထိ လူးဗိန်းမြို့တွင် တပည့် အနည်းငယ်ကို သင်ကြား ပြသ နေ၏။ (ထိုသူများတွင် ဆဋ္ဌ အေဒြီယန်ဘွဲ့ဖြင့် ပုပ်ရဟန်းမင်း ဖြစ်လာမည့်သူလည်း ပါဝင် သည်။) အီရက် ဇမတ်သည် ဤသို့ အေးချမ်းစွာနေယင်း သူကိုယ်တိုင်ကလည်း အယူဝါဒ၏ အရင်းအမြစ် အစစ် အမှန်ကို လေ့လာလိုက်စားကာ စာအုပ်စာတမ်းများ ရေးသား ထုတ်ဝေခဲ့လေသည်။ ထိုစာအုပ်များတွင် ခရစ်ယာန် အယူဝါဒ အရင်းအမြစ်ကို လေ့လာသော ဓမ္မသစ်ကျမ်းမှတ်စုများလည်း ပါဝင်သည်။ ၁၅ဝ၅ ခုနှစ်တွင် ဗင်ရွန်မောင့်ဂျွိုင်းက ဖိတ်ခေါ်ပြန်သဖြင့် အင်္ဂလန်ပြည်သို့ သွားရောက်ခဲ့၏။ ထိုမှတစ်ဖန် အီတလီ နိုင်ငံသို့ သွားရောက်ခွင့်ရ၍ ၁၅ဝ၆ ခုနှစ်တွင် တျူရင်မြို့၌ သာသနပါရဂူဘွဲ့ကို ဆွတ်ခူးခဲ့လေသည်။ ထိုနောက် ဗိုလိုနျာ မြို့တွင် တပည့်များနှင့်အတူ တစ်နှစ်ခန့် နေထိုင်ကာ ရှေးဟောင်း စကားပုံပေါင်း များစွာကို စုဆောင်းခဲ့လေသည်။ သူ၏စုဆောင်းချက်များကို ၁၅ဝ၈ ခုနှစ်တွင် ရှေးဟောင်း စကားများ ဟူသောအမည်ဖြင့် အထူးကျော်ကြားလာလေသည်။ ၁၅ဝ၉ ခုနှစ်တွင် တတိယအကြိမ် အင်္ဂလန်ပြည်သို့ ဖိတ် ခေါ်ခြင်းခံရသည်။ ဤအကြိမ်တွင် ဆာတောမတ် မိုး၏ အိမ်၌ တည်းခိုနေထိုင်လျက် စာအုပ်စာတမ်းများကို ရေးသားသည်။ သူရေးသော စာအုပ်များအနက် အရူးဂုဏ်ရောင်ဟု အဓိပ္ပာယ် ရသော စာအုပ်သည် လူကြိုက်အများဆုံးဖြစ်ခဲ့၏။ ထိုစာအုပ် သည် ပုထုဇဉ် ဟူသမျှ ရူးရစမြဲ ဟူသောအချက်များကို ပြဆို၍ ပြက်ရယ်ပြုကာ ရေးသားထားသောစာအုပ်ဖြစ်၏။ ၁၅၁၁ ခုနှစ်တွင် ကိမ်းဗရစ်တက္ကသိုလ်တွင် လက်တင် ဘာသာဆိုင်ရာ ပါမောက္ခအဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထိုအခါတွင်လည်း စာအုပ်စာတမ်းများကို ဆက်လက် ရေး သား၏။ ဂရိဘာသာမူရင်းဖြစ်သော ဓမ္မ သစ်ကျမ်းကို လက်တင်ဘာသာဖြင့် ဝေဝေဆာဆာ ဖွင့်ဆိုရေးသားခဲ့သည်။ ၁၅၁၄ ခုနှစ်တွင် ဗားလမြို့သို့ ပြောင်းရွှေ့နေထိုင်၍ သူ၏စာအုပ်များကို ရိုက်နှိပ်ရာတွင် ကြီးကြပ်ခဲ့သည်။ ထိုနှစ်တွင် သူ၏ဇာတိအရပ် ဘုန်းကြီးကျောင်းမှ ပြန်ခေါ် သော်လည်း မသွားတော့ချေ။ သူ၏ဓမ္မသစ်ကျမ်းကို ပုပ်ရဟန်း မင်း ဒသမ လီယိုသို့ ရည်ညွှန်း၍ ၁၅၁၆ ခုနှစ်တွင် ပုံနှိပ် ပြီးစီးခဲ့သည်။ ထိုနှစ်တွင်ပင် သာသနာစောင့် ရောမနိုင်ငံ ဧကရာဇ် ပဉ္စမချားဖြစ်လာမည့် စပိန်ဘုရင်ကလေး ချား၏ အကြီးတော်အဖြစ် ခေါ်ယူသဖြင့် ဗရပ်ဆယ်မြို့သို့ ရွှေ့ခဲ့ရသည်။ ၁၅၁၇ ခုနှစ်တွင် အင်္ဂလန်ပြည်သို့ နောက်ဆုံးအကြိမ် သွားရောက်နေထိုင်ခဲ့သည်။ ၁၅၁၈ ခုနှစ်၌ သူ၏ ဓမ္မသစ် ကျမ်းကို ထပ်မံပုံနှိပ်ရန် ဗားလမြို့၌ သုံးလခန့်နေ၏။ ထိုနောက် သုံနှစ်ခန့်မျှ ဥရောပတိုက်တစ်ခွင်တွင် လှည့်လည် သွားလာပြီးလျှင် ၁၅၂၁ ခုနှစ်၌ ဗားလမြို့သို့ ပြန်လာ၍ စာအုပ်များကို ကြီးကြပ်ပုံနှိပ်လျက် နေထိုင်သည်။ ထိုအခါတွင် ဗားလမြို့သည် အီရက်ဇမတ် စာပေများ၏ ဗဟိုဌာနတစ်ခု ဖြစ်လာရုံမက အီရက်ဇမတ်အား ကြည်ညိုသူ စာတတ်ပေတတ် ပုဂ္ဂိုလ်ကြီးများ စုဝေးရာဌာန ဖြစ်လာလေသည်။ ၁၅၂၉ ခုနှစ်တွင် ဂျာမနီနိုင်ငံ ဆက်ဆွန်နီပြည်နယ်ရှိ ဖရိုင်း ဗူးမြို့သို့ ပြောင်းရွှေ့နေထိုင်ပြန်သည်။ သို့ရာတွင် ထိုမြို့၌လည်း အမြဲနေထိုင်သည်မဟုတ်၊ အကြောင်းအားလျော်စွာ ဂျာမနီနိုင်ငံ တွင်း၌ လှည့်လည်သွားလာ ၏။ ဖရိုင်းဗူးမြို့ကား အီရက်ဇမတ် ၏ စတည်းချရပ်နားရာမြို့ဖြစ်သည်။ အီရက်ဇမတ် ရောက်ရာ အရပ်တို့တွင် တရားနာမည့် ပုဂ္ဂိုလ်များသည် သူ့ထက်ငါ ဦးအောင် စုဝေးလာရောက်ကြသည်။ အီရက်ဇမတ်၏ တည်ကြည် သန့်ရှင်းသော ဥပဓိရုပ်ကို တွေ့မြင်ရသူတိုင်းသူ့ အား ကြည်ညိုလေးစားကြ၏။ ထို့ကြောင့် အီရက်ဇမတ်သည် တစ်ခါက ဆင်းရဲခဲ့ဖူးသည်ကိုပင် မေ့ပျောက်လောက်အောင် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခဲ့လေသည်။ ထိုအချိန်တွင် ခရစ်ယာန် အယူဝါဒ သန့်ရှင်းရေး လှုပ်ရှားမှုကို ခေါင်းဆောင်သူ မာတင်လူသာသည် ခရစ်ယာန်အယူဝါဒတွင် မသန့်ရှင်းသော အချက်အလက်များကို အတိအလင်း ထုတ်ဖော်ရေးသားကာ ပြုပြင်ရေးကို လှုံ့ဆော် လျက် ရှိ၏။ ရဟန်းမင်းက မာတင်လူသာ၏ ရေးသားချက်များ သည် ခရစ်ယာန်အယူဝါဒကို ထိပါးသည်ဟု ယူဆပြီးလျှင် တုံ့ပြန်ချေပရေးသားရန် အီရက်ဇမတ်အား တိုက်တွန်းလေ သည်။ သို့ရာတွင် အီရက်ဇမတ်သည် မာတင်လူသာ၏ ရေးသားချက်များကို ဝေဖန် ရေးသားခြင်း မပြုခဲ့ချေ။ အဘယ်ကြောင့် ဆိုသော် အယူဝါဒဆိုင်ရာတွင် တစ်ဦးနှင့် တစ်ဦး ဤသို့ အတိုင်အခံ မပြုသင့်ဟု ယူဆသောကြောင့် ဖြစ်၏။ ခရစ်ယာန် အယူဝါဒတွင် မသန့်ရှင်းမှုများကို ပြုပြင်ရေးရန် လိုနေသည်ကိုကား ကိုယ်တိုင်ယုံကြည်ခဲ့သည်။ သို့သော် မာတင်လူသာကဲ့သို့ အကြမ်းနည်းဖြင့် ပြုပြင်ရန် မလိုလားဘဲ သိမ်မွေ့သောနည်းဖြင့် ဆောင်ရွက်ရန် ရည်ရွယ် ခဲ့၏။ ၁၅၃၅ ခုနှစ်တွင် အီရက်ဇမတ်သည် အသက်အရွယ်လည်း ကြီးရင့် အိုမင်းပြီဖြစ်သောကြောင့် ဖရိုင်းဗူး မြို့မှ ဗားလမြို့သို့ ပြန်သွားကာ အေးချမ်းစွာ နေထိုင်လေသည်။ ထိုသို့ နေထိုင်စဉ် ၁၅၃၆ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့၌ ဥရောပတိုက်တစ်တိုက်လုံး၏ ဆရာတစ်ဆူ အဖြစ် အသိအမှတ်ပြုခြင်းခံရသော အီရက်ဇမတ်သည် ကွယ်လွန်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)