အီထရပ်စကန်လူမျိုး

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

အီတလီ ကျွန်းဆွယ်တွင် အီထရူးရီ အား (ယခု တပ်စကန်နီ)ဒေသ ဟူ၍ ရှိခဲ့ရာ၊ ထိုဒေသတွင် နေထိုင်သူများကို အီထရပ်စကန်လူမျိုး ဟုခေါ်သည်။ အကြမ်း အားဖြင့် ထိုအီထရူးရီအားဒေသ၏ မြောက်ဘက်တွင် အာနိုမြစ် ရှိ၍၊ တောင်ဘက်တွင် တိုင်ဗာမြစ် ရှိသည်။ အရှေ့ဘက်တွင် အက်ပင်နိုင် တောင်များရှိ၍ အနောက်ဘက်တွင် တီရီနီယန် ပင်လယ်ရှိသည်။

ထိုလူမျိုးသည် ဘီ၊စီ ၁၁ဝဝ ပြည့်နှစ် လွန်နှစ်များ၊ သို့မဟုတ် ၁ဝဝဝ ပြည့်နှစ်လွန် နှစ်များတွင် ဖြစ်ပွားခဲ့သော ထရိုဂျန်စစ်ပွဲ ပြီးဆုံးသွား၍ မကြာမီတွင် အရှေ့ ဘက်မှ လာရောက်ကာ အီထရူးရီအားတွင် အခြေစိုက် နေထိုင် ခဲ့ကြသည်ဟု အစဉ်အလာအားဖြင့် ယုံကြည်ခဲ့ကြလေသည်။ ယခု ခေတ်ပညာရှင်များကလည်း ထိုအချက်မှန်ကန်သည်ဟု ယေဘုယျအားဖြင့် လက်ခံကြလေသည်။ အီထရပ်စကန် လူမျိုးတို့သည် အီထရူးရီအားတွင်အခြေတကျ နေထိုင်မိသောအခါ တိုင်းရင်းသားလူမျိုး ဖြစ်သည့် အမ်ဗရီးယန်လူမျိုးတို့ကို ကျေးကျွန်အခြေအနေ နီးပါးအထိ ရောက်အောင် ပြုခဲ့သည်။ ထိုနောက် အီထရပ်စကန်တို့သည် မြောက်ဘက်တွင် အက်ပင်နိုင်တောင်များကို ဖြတ်ကျော်ပြီးလျှင် ပိုးမြစ်ဝှမ်းအထိ လည်းကောင်း၊ တောင်ဘက်သို့မူ တိုင်ဗာမြစ်ကို ဖြတ်ကျော်ပြီးလျှင် လေတီယမ်နှင့် ကမ်ပါနီယာဒေသများ အထိလည်းကောင်း နယ်ချဲ့ခဲ့လေသည်။ ပိုးမြစ်ဝှမ်းတွင်အီထရပ် စကန်လူမျိုးတို့၏ ယဉ်ကျေးမှုသည် ဖဲလဆီနာ (ယခုခေတ် ဗိုလိုနျာ)ကို ဗဟိုပြုလျက် ဘီ၊ စီ ၄ဝဝ ပြည့်နှစ်လွန်နှစ်များ တွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့လေသည်။

အီထရပ်စကန် တို့သည် လေတီယမ် (ရောမမြို့အပါအဝင်) ဒေသကို ဘီ၊ စီ ၅ဝဝ ပြည့်နှစ်လွန် နှစ်များတစ်လျှောက်တွင်လည်းကောင်း၊ ကမ်ပါနီယာဒေသတွင်မူ ထိုအချိန်ကာလထက် နှစ်ပေါင်း ခြောက်ဆယ်ခုနစ်ဆယ်ခန့် ပို၍ကြာညောင်းလျက်လည်းကောင်း ကြီးစိုးခဲ့လေသည်။ ပိုးမြစ်ဝှမ်း တွင် စိုးမိုးမှုသည် ဘီစီ ၄ဝဝ ပြည့်နှစ် နောက်ပိုင်းတွင် ဂေါလလူမျိုးတို့ကြောင့်အဆက်ပြတ်ခဲ့ ရသည်။ ဘီ၊ စီ ၂ဝဝ ပြည့် နှစ်လွန်နှစ်များ စောစောပိုင်းတွင် အီထရူရီးအား ပြည်သည်ပင်လျှင် ရောမမြို့၏ လက်အောက်တွင် လုံးဝရောက်ရှိ သွားခဲ့လေသည်။ ရှေးရောမမြို့အပေါ်တွင် အီထရပ်စကန် လူမျိုးတို့၏ ဩဇာလွှမ်းမိုးမှုသည် သမိုင်းသဘောအရ အရေးကြီး ပေသည်။ သူတို့၏ ယဉ်ကျေးမှုမှာ ကောင်းစွာ တိုးတက်ကြီးပွားပြီး ဖြစ်သော မြို့ယဉ်ကျေးမှုမျိုးဖြစ်၍၊ ရှေးခေတ်လေတီယမ်မှ လယ်ယာ လုပ်သား အစုကလေးများသည် ထိုယဉ်ကျေးမှုနှင့် ရင်ဆိုင်ခဲ့ကြ ရသည်။

ဘီ၊စီ ၅ဝဝ ပြည့်နှစ်လွန် နှစ်များတွင် ရောမမြို့ကို အီထရပ်စကန်လူမျိုးဘုရင်များက အုပ်ချုပ်ခဲ့ရာ ရောမရွာကလေး အဖြစ်မှ ရောမမြို့ကြီးအဖြစ်အထိ တိုးတက် လာခဲ့လေသည်။ ထိုအချိန်များတွင် အစပြုခဲ့သော သို့မဟုတ် လုပ်ဆောင်ပြီးစီးခဲ့ သော လမ်းပန်းဆက်သွယ်ရေးစသည့် ပြည်သူ့လုပ်ငန်းများကြောင့် ရောမမြို့သည် နောက်ဆုံး အီထရပ်စကန် လူမျိုးဘုရင် ကို နှင်ထုတ်ပြီးသည့် နောက်တွင် လေတီယမ်ဒေသ တစ်ခုလုံး လိုလိုတွင် ဩဇာအာဏာ ပျံ့နှံ့အောင် ပြုနိုင်သည်အခြေသို့ ရောက်ခဲ့လေသည်။ အီထရပ်စကန်လူမျိုးတို့၏ ယဉ်ကျေးမှုသည် များသောအား ဖြင့် သူတို့၏မူပိုင်ယဉ်ကျေးမှု ဖြစ်သော်လည်းအချို့ကိစ္စများအဖို့ ကား ဂရိလူမျိုးတို့၏ ယဉ်ကျေးမှုကို အတုယူကြရသည်။ ထို ယဉ်ကျေးမှုသည် အာရှမိုင်းနားတွင် စတင်ခဲ့ကောင်းစတင်ခဲ့ပေ မည်။ အာရှမိုင်းနားဟု ဆိုရသော်လည်း လစ်ဒီးယားပြည် ဖြစ်ကောင်း ဖြစ်လိမ့်မည်။ ထိုယဉ်ကျေးမှုသည် ဂရိလူမျိုးတို့၏ ယဉ်ကျေးမှုထက်စော၍ အနာတိုလီယာနှင့် အီးဂျီးယန်းဒေသ များတွင် ဘီ၊ စီ ၁ဝဝဝ ပြည့်နှစ်မတိုင်မီက ထွန်းကားခဲ့သော ယဉ်ကျေးမှုများတွင် အပါအဝင် ဖြစ်ပေလိမ့်မည်။

အီထရပ်စကန် လူမျိုးတို့သည် အက္ခရာများကို ဂရိလူမျိုးတို့ထံမှ ရယူခဲ့သော် လည်း ယင်းတို့၏ ဘာသာစကားကိုမူ ယခုတိုင် ဘာသာမပြန် နိုင်သေးချေ။ မကြာသေးမီက လေ့လာချက်များအရ ထိုလူမျိုး တို့၏ ဘာသာစကားသည် အနည်းအကျဉ်းမျှသာ အကျိုး အကြောင်း သိရသေးသော အနာတိုလီယန် ဘာသာစကား၊ အထူးသဖြင့် လစ်ဒီယန်ဘာသာစကားနှင့် အဆက်အသွယ်ရှိပုံ ရသည်ကို တွေ့ရ၏။ မည်သို့ပင်ဖြစ်စေ၊ ထိုလူမျိုးတို့၏ဘာသာ စကားသည် လက်တင်၊ သို့မဟုတ် အီတလီဒေသဆိုင်ရာ ဘာသာစကားများနှင့်ကား အဆက်အသွယ် မရှိသည်မှာ သေချာသည်။ ထိုမျှမကသေး၊ အင်အို-ဥရောပ ဘာသာစကား များနှင့်လည်း အဆက်အသွယ် မရှိချေ။

အီထရပ်စကန်လူမျိုးတို့သည် အီတလီပြည်၏အနောက်ဘက် ကမ်းခြေ၊ တီရိနီယန် ပင်လယ်ပြင်တွင် သွားလာနေကြသော သင်္ဘောများကို ကြိုးကိုင်နိုင်ခဲ့ပြီးလျှင်၊ ဂရိလူမျိုးတို့၏ရန်ကို ခုခံကာကွယ်နိုင်ရန် ကားသေ့လူမျိုးတို့နှင့် မဟာမိတ်ဖွဲ့ကာ ရေတပ်အင်အားကို တိုးတက်ကောင်းမွန်စေခဲ့သည်။ သို့ရာတွင် ဘီ၊ စီ ၄၇၃ ခုနှစ်တွင် စစ္စလီကျွန်းမှ ဆီရာကျူဆန် လူမျိုး တို့က အီထရပ်စကန်လူမျိုးတို့၏ ရေတပ်ကို ဖျက်ဆီးလိုက်ရာ မှ ထိုလူမျိုးတို့၏ တန်ခိုးအာဏာသည် လျင်မြန်စွာ ဆုတ်ယုတ် သွားခဲ့လေသည်။ ထိုနောက် ဂေါလလူမျိုးတို့ကလည်း အီထရပ် စကန်လူမျိုးတို့၏ တိုင်းပြည်ကို ချင်းနင်း တိုက်ခိုက် သိမ်းပိုက် လိုက်ကြ လေသည်။ ထိုပြင် အီထရပ်စကန် လူမျိုးတို့၏ ခံတပ်မြို့ဖြစ်သော ဗီယီမြို့သည်လည်း ဆယ်နှစ်ကြာမျှ ဝိုင်းဝန်း ဆို့ပိတ် တိုက်ခိုက်ခြင်း ခံရသဖြင့် ဘီ၊ စီ၊ ၃၉၆ ခုနှစ်တွင် ရောမလူမျိုးတို့၏ လက်တွင်းသို့ ကျဆင်းသွားခဲ့ရလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)