အီတိုင်ပူ ရေကာတာကြီး
Itaipu Dam Presa Itaipu Barragem de Itaipu | |
---|---|
![]() | |
နိုင်ငံ | ဘရာဇီးနိုင်ငံ ပါရာဂွေးနိုင်ငံ |
တည်နေရာ | Foz do Iguaçu Hernandarias |
အခြေအနေ | Operational |
စတင် ဆောက်လုပ်ခြင်း | ဇန်နဝါရီ ၁၉၇၅ |
ကုန်ကျငွေ | US$ ၁၉.၆ ဘီလီယံ |
ပိုင်ဆိုင်သူများ | Itaipu Binacional |
တမံနှင့်ရေပိုလွှဲများ | |
ရေပိုလွှဲသိုလှောင်နိုင်မှု | ၆၂,၂၀၀ m3/s (၂,၂၀၀,၀၀၀ cu ft/s) |
ရေအားလျှပ်စစ်ထုတ်လုပ်မှုအမျိုးအစား | Conventional |
ဝဘ်ဆိုဒ် www.itaipu.gov.br www.itaipu.gov.py |
အီတိုင်ပူ ရေကာတာကြီး သည် တောင်အမေရိကတိုက်ရှိ ပါရာဂွေးနှင့် ဘရာဇီးနိုင်ငံအကြားတွင် တည်ဆောက်ထားသော ရေအားလျှပ်စစ်ထုတ် ရေကာတာကြီးတစ်ခု ဖြစ်သည်။ ပါရာဂွေးနိုင်ငံ သမ္မတ အာလ်ဖရက်ဒို စထရို အက်ဆနာနှင့် ဘရာဇီးနိုင်ငံ သမ္မတ ဘက်တစ်စတာ ဖီဂွီရီဒို တို့သည် ၁၉၈၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်ပေးခဲ့သည်။
အီတိုင်ပူဟူသော ဝေါဟာရသည် ထိုဒေသရှိ တိုင်းရင်းသား တူပီဂွာရာနီ အင်ဒီယန်းလူမျိုးတို့၏ ဘာသာစကားဖြစ်၍ တေးဆိုသော ကျောက်ခဲ ("the sounding stone") ဟု အဓိပ္ပာယ်ရသည်။[၁][၂] ဘရာဇီးနိုင်ငံနှင့် ပါရာဂွေးနိုင်ငံ နှစ်နိုင်ငံအကြား နယ်နိမိတ် ဖြစ်သော ပါရာနာမြစ်ပေါ်တွင် အီတိုင်ပူ ရေကာတာ တည်ရှိ၍ အလျားငါးမိုင်၊ အမြင့်ပေ ၆၄ဝ ရှိသည်။ အမြင့်ဆုံးနေရာ၌ ၆၇၅ ပေကျော် (၂၂၅ မီတာ) ရှိသည်။ ကွန်ကရိဖြင့် တည်ဆောက်ထားသော ပင်မဗဟို ရေကာတာသည် ၄ဝ၆၉ ပေ (၁၂၃၄ မီတာ) ရှည်လျားသည်။
အီတိုင်ပူရေကာတာ၏ လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်မှု ပမာဏသည် အီဂျစ်သမ္မတနိုင်ငံရှိ အဆွမ် ရေကာတာမှ ရရှိ သော စွမ်းအင်ပမာဏ၏ ခြောက်ဆမျှ ဖြစ်၍ ကမ္ဘာပေါ်တွင် အကြီးဆုံးရေကာတာ ဖြစ်သည်။
၁၉၇၃ ခုနှစ်တွင် ချုပ်ဆိုသော နှစ်နိုင်ငံ သဘောတူညီချက်အရ အီတိုင်ပူရေကာတာကို ၁၉၇၄ ခုနှစ်တွင် စတင် တည်ဆောက်ခဲ့ရာ ရှစ်နှစ်ခန့်ကြာသောအခါ တာဘိုင်စက်ကြီး ၁ဝ ခု ပါရှိသော ရေအားမောင်းလျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်ယန္တရားများကို အောင်မြင်စွာ တပ်ဆင်နိုင်ခဲ့သည်။ ဆီတိုင်ပူရေကာတာကို အလုပ်သမား ၄ဝဝဝဝ ဖြင့် တည်ဆောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၉.၆ ဘီလီယံ ကုန်ကျခဲ့သည်။
ထိုရေကာတာကြောင့် ပါရာဂွေးနိုင်ငံ၏ စတုရန်း ကီလိုမီတာ ၆ဝဝ ကျယ်ဝန်းသော နယ်မြေနှင့် ဘရာဇီးနိုင်ငံ၏ စတုရန်းကီလိုမီတာ ၈ဝဝ ကျယ်ဝန်းသော မြေပြင်တို့ကို ရေဖုံးသွားမည် ဖြစ်သောကြောင့် ထိုဒေသရှိ လူဦးရေ ၄၂ဝဝဝ ခန့် ကို ရေလွတ်ရာဒေသများသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။ ကုန်ကျစရိတ်ကို နှစ်နိုင်ငံ ညီတူညီမျှခံရမည်ဖြစ်၍ အစုရှယ်ယာကို ၅ဝ ရာခိုင်နှုန်းစီ ပိုင်ဆိုင်ကြသည်။ သို့ရာတွင် ပါရာဂွေးနိုင်ငံသည် မိမိတို့၏ အစုရှယ်ယာများကို ဘရာဇီး နိုင်ငံသို့ ရောင်းချထားရာ ၂၅ ရာခိုင်နှုန်းခန့်ကို လွှဲပြောင်းပြီဖြစ်လေသည်။
အီတိုင်ပူရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်စွမ်းအားကို ရေကာတာနှင့် မိုင် ၆၆ဝ ဝေးသော ဝေါပေါ်လို စက်မှု လုပ်ငန်းမြို့သို့ ပေးပို့အသုံးပြုသကဲ့သို့ စထရိုအက်ဆနာမြို့နှင့် ဗီလာဟေးယက်မြို့ရှိ သံမဏိစက်ရုံများသို့လည်း ပေးပို့အသုံးပြုသည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ Energy၊ Itaipu Binacional၊ 2014၊ 4 July 2014 တွင် ပြန်စစ်ပြီး
- ↑ Three Gorges breaks world record for hydropower generation။ Xinhua (1 January 2014)။ 2 January 2015 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)