အိုလီဗာ ဂိုးစမစ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဂျိုရှုဝါ ရေးနိုး ရေးဆွဲထားသည် အိုလီဗာ ဂိုးစမစ်၏ ပုံတူ

ကမ္ဘာကျော် အင်္ဂလိပ် စာရေးဆရာကြီး အော်လီဗာဂိုးစမစ်သည် အိုင်းရစ်လူမျိုးဖြစ်၍ ခရစ်ယာန် ဘုန်းတော်ကြီးဖြစ်သည်။ ဒဗ္ဗလင်မြို့ရှိ ထရင်နီတီ ကောလိပ်ကျောင်း၌ ပညာသင်ကြားနေစဉ် ကျောင်းစည်းကမ်း ဥပဒေကို ချိုးဖောက် ဖျက်ဆီးသဖြင့် ၁၇၄၄ ခုနှစ်တွင် ပညာသင်ကြားမှု ရပ်ဆိုင်းခဲ့ရသည်။ ထိုသို့ အပြစ်ပေးခံရသော်လည်း ၁၇၄၉ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ထူးကို အထက်ပါ ကောလိပ်ကပင် ရရှိခဲ့သည်။

ဝိဇ္ဇာဘွဲ့ ရပြီးနောက်တွင် ခရစ်ယန် သာသနာအမှုထမ်းအဖြစ်သို့ ရောက်အောင် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ထိုနောက် ဥပဒေပညာနှင့် ဆေးပညာရပ်များကို လေ့လာလိုက်စားပြန်သည်။

၁၇၅၅ ခုနှစ်နှင့် ၁၇၅၆ ခုနှစ်အတွင်းက ဖလန်းဒါးနယ်၊ ပြင်သစ်၊ ဆွစ်ဇာလန်နှင့် အီတလီစသော ဥရောပတိုက်ရှိနိုင်ငံများသို့ ပလွေတစ်စင်းကို အဖော်ပြုလျက် လှည့်လည်လေလွင့်ခဲ့သည်။ လန်ဒန်မြို့သို့ ပြန်ရောက်သောအခါ အလွန်ဆင်းရဲငြိုငြင်စွာ ရှိသည်။ အမည်ဖော်ပြခြင်း မပြုသောတက္ကသိုလ်တစ်ခုမှ ဆရာဝန်ဘွဲ့ထူး ရရှိခဲ့သည်ဟုဆိုကာ ဆရာဝန်ဘဝနှင့် သက်မွေးဝမ်းကျောင်း၍ နေထိုင်သော်လည်း စားလောက်နေလောက်ခြင်း မရှိသဖြင့် ယင်းအလုပ်ကို စွန့်လွှတ်လျက် အခကြေးငွေယူ၍ စာရွက်စာတမ်းတို့ကို ရေးပေးရသော အလုပ်ကို လုပ်ကိုင်ခဲ့သည်။

၁၇၆၁ ခုနှစ်၌ ဂိုးစမစ်သည် စာရေးဆရာကြီး ဒေါက်တာ ဂျွန်ဆင်နှင့် သိကျွမ်းပြီးနောက် ဒေါက်တာဂျွန်ဆင် တည်ထောင်သော နာမည်ကျော် 'လွတ်လပ်ရေးကလပ်'တွင် အသင်းဝင်လူကြီးတစ်ဦးအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။ သို့သော် ဂိုးစမစ်သည် ဆင်းရဲငြိုငြင်၍ ကြွေးများ ပတ်ချာဝိုင်းလျက်ပင် ရှိသေးသည်။ ၁၇၆၂ ခုနှစ်၌ကား ကမ္ဘာကျော် 'ဝိတ်ဖီးသင်းအုပ်' ဝတ္ထုကြီးကို ရေးသား၍ ပေါင် ၆ဝ နှင့် ရောင်းချလျက် ကြွေးများကို ပေးဆပ်လိုက်လေသည်။ သို့သော် အထက်ပါဝတ္ထုကြီးသည် ၁၇၆၆ ခုနှစ်ရောက်သောအခါမှ ပုံနှိပ်ထုတ်ဝေဖြစ်သည်။

ထိုနောက် ဂိုးစမစ်သည် ဥရောပတခွင် လှည့်လည်ခဲ့သောခရီးစဉ်များကို ၁၇၆၄ ခုနှစ်၌ 'ခရီးသည်ကြီး'အမည်ရှိ ကဗျာရှည်ကြီးဖြင့် မှတ်တမ်းရေးသား စီကုံးလိုက်လေသည်။ ထိုနည်းတူ ကျော်ကြားခဲ့သော ဂိုးစမစ်၏ အခြားကဗျာရှည်ကြီး တစ်ပုဒ်မှာ ၁၇၇ဝ ပြည့်နှစ်တွင် စီကုံးရေးသားသည့် 'ရွာဖုန်းဆိုး'ပင် ဖြစ်သည်။ ယင်းကဗျာရှည်ကြီး၌ စက်မှုအရေးတော်ပုံကြောင့် ကျေးတောနေလူများသည် မိမိတို့ ကျေးရွာဒေသများ စွန့်ပစ် လျက် စက်မှုထွန်းကားရာ မြို့ကြီးများသို့ ရွှေ့ပြောင်း နေထိုင်ကြပုံကို ရေးသား စီကုံးခဲ့သည်။ ဩဗန်းခေါ် မွေ့လျော်ဖွယ်ရာ ရွာကလေးကို ရွာသူရွာသားများက စွန့်ပစ်ထွက်ခွါ သွားခဲ့ကြသည့် အကြောင်းကို ဂိုးစမစ်သည် ကရုဏာရသ ပေါ်လွင်အောင် ဖွဲ့ဆိုခဲ့လေသည်။

သို့သော် ဂိုးစမစ်၏ စာပေအရေးအသားကို အဆုံးအဖြတ်ပေးလျက် ဂိုးစမစ်အား အထွတ်သို့ ပို့ဆောင်ပေးခဲ့သော စာပေကား ၁၇၇၃ ခုနှစ်၌ ရေးသားသော 'အောင်လို၍ အညံ့ခံသည်' ဟူသော ပြဇာတ်ရှည်ကြီးပင် ဖြစ်သည်။ ယင်းပြဇာတ်ရှည်ကြီးသည် သူ၏ အကောင်းဆုံးသော လက်ရာပင် ဖြစ်ပေသတည်း။ ဂိုးစမစ်သည် စိတ်ရင်းသဘောထား ကောင်းမြတ်ဖြူစင်၏။ လူမှုရေးရာများ၌ လက်တွေ့ဖြစ်မြောက်စွာ ဆောင်ရွက်ခြင်းမရှိ။ တာဝန်လည်း မဲ့သူဖြစ်၏။ သို့သော် မိတ်ဆွေသင်္ဂဟ အပေါင်းတို့သည် သူ့ကို ချစ်ခင်ကြင်နာကြသည်။ ၁၇၇၄ ခုနှစ် ဧပြီလ ၄ ရက်နေ့၌ ကွယ်လွန်၍ သူ၏အလောင်းကို တင်ပယ် ဘုရားရှိခိုးကျောင်း၌ သင်္ဂြိုဟ်မြှုပ်နှံသည်။ သူ့အား ချစ်ခင်သော လွတ်လပ်ရေး ကလပ်အသင်းဝင် မိတ်ဆွေများက ဝက်စမင်တာအက်ဗေး၌ သူ့အတွက် အထိန်းအမှတ်ကျောက်တိုင်ကို စိုက်ထူပေးကြလေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)