အိုတို လူဝီ

ဝီကီပီးဒီးယား မှ
အိုတို လူဝီ

ဩစတြီးယားလူမျိုး ဆေးပညာရှင် အိုတိုလူဝီ (အင်္ဂလိပ် : Otto Lowewi) ကို ၁၈၇၃ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် ဂျာမနီနိုင်ငံ ဖရန့်ဘတ်အမ်မိန်းမြို့တွင် မွေးဖွားခဲ့သည်။ သူသည် အထက်တန်းပညာရပ်တို့ကို သင်ယူပြီးသည့်အခါ ၁၈၉၁ ခုနှစ်တွင် မြူးနစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ သူသည် ထိုစဉ်က ဂျာမနီနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် စထရက်စ်ဘတ်ချ်တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခဲ့ကာ ဆေးပညာရပ်များကို လေ့လာသင်ယူခဲ့သည်။ လူဝီသည် ခန္ဓာဗေဒဘာသာရပ်များကို ပိုမိုစိတ်ဝင်စားခဲ့ပြီး ကျောင်းအားလပ်ရပ်များတွင် အဆိုပါဘာသာရပ်ကို သီးခြားသင်ယူခဲ့သည်။ ၁၈၉၃ ခုနှစ်၏ နွေရာသီလများတွင် လူဝီသည် ဆေးဘက်ဆိုင်ရာ စာမေးပွဲကို ဖြေဆိုရန် အပြင်းအထန်ကြိုးစားခဲ့သည်။ ၁၈၉၆ ခုနှစ်တွင် လူဝီသည် စထရက်စ်ဘတ်ချ်တက္ကသိုလ် မှ ဆေးပညာရပ်ပါရဂူဘွဲ့ကို ရရှိခဲ့သည်။

လူဝီသည်ဘွဲ့ရပြီးသည့်အခါ ဖရန့်ဘတ်မြို့ရှိ အင်အော်ဂဲနစ်ဓာတုဗေဒဘာသာရပ်ကို လေ့လာခဲ့ကာ စထရက်စ်ဘတ်ချ်တက္ကသိုလ်ရှိ (Franz Hofmeister) ၏ ဇီဝဓာတုသိပ္ပံကျောင်းတွင် လအနည်းငယ်ကြာမျှ အလုပ် လုပ်ကိုင်ခဲ့သည်။ ၁၈၉၈ ခုနှစ်တွင် ဖရန့်ဘတ်မြို့ရှိ မြို့တော်ဆေးရုံတွင် ဂျာမန်လူမျိုး ဆေးပညာရှင် (Carl von Noorden) ၏ လက်ထောက်အဖြစ်လုပ်ကိုင်ခဲ့သည်။ ထိုအချိန်များက ဆေးရုံတွင် တီဘီ ခေါ် အဆုတ်နာရောဂါ နှင့် အဆုတ်ရောင်ရောဂါသည်များ အသေအပျောက် အများဆုံးဖြစ်နေသည့် အချိန်ဖြစ်သည်။ ၎င်းရောဂါသည် တိကျမှန်ကန်သော ရောဂါကုထုံး မရှိသေးသောကြောင့်လည်းဖြစ်သည်။ လူဝီသည် အဆိုပါရောဂါ ပြဿနာအတွက် အထူးအလေးထားဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပြီး ဆေးဝါးဗေဒကို ပိုမိုလေ့လာခဲ့သည်။ ၁၈၉၈ ခုနှစ် လူဝီသည် ဂျာမနီနိုင်ငံရှိ မာဘတ်ချ်အန်ဒါလန့်တက္ကသိုလ်တွင် ဂျာမန်လူမျိုး ဆေးပညာရှင်နှင့် ပါမောက္ခဖြစ်သူ Hans Horst Meyer ၏လက်ထောက်တစ်ဦး ဖြစ်လာခဲ့ပြီး ၁၉၀၅ ခုနှစ်တွင် အဆိုပါ သုသေတနဌာန၏ ပါမောက္ခဖြစ်လာခဲ့သည်။ ၁၉၀၉ ခုနှစ်တွင် လူဝီသည် ဂရက်ဇ်မြို့ရှိ ဆေးဝါးဗေဒဌာန၏ ဌာနအကြီးအမှူးအဖြစ် ခန့်အပ်ခြင်းခံရသည်။

လူဝီ၏ ရှာဖွေထုတ်ဖော်ချက်များနှင့် နိုဘယ်လ်ဆု[ပြင်ဆင်ရန်]

လူဝီသည် ဇိဝဓာတုဖြစ်စဉ်ကို အထူးလေ့လာခဲ့ပြီး phlorhizin ခေါ် သစ်သီးပင်များ၏ အမြစ်နှင့် အခေါက်တို့မှ ထုတ်လုပ်သော အဖြူရောင် ခရစ်စတယ် ဂလူးကိုဆိုက်ဓာတ်ပေါင်း၏ သဘာဝကို ဖော်ထုတ်ခဲ့သည်။ ထို့အပြင် လူသားတို့၏ ဇီဝဓာတုဖြစ်ကိုလည်း လေ့လာဖော်ထုတ်ခဲ့သည်။ "On protein synthesis in the animal body" အမည်ဖြင့်လည်း စာအုပ်ထုတ်ဝေခဲ့သည်။ ၎င်းတို့တွင် ကျောက်ကပ်၏ ဆောင်ရွက်ချက်၊ ပရိုတင်း၊ အာဟာရဓာတ်များနှင့် အမိုင်နိုအက်စစ်အကြောင်းတို့ကို လက်တွေ့ စမ်းသပ်လေ့လာကာ စာတမ်းများ ပြုလုပ်ခဲ့သည်။ သူသည် လန်ဒန်မြို့ရှိ စတာလင် သုတေသနဓာတ်ခွဲခန်းတွင် အခြားသောပညာရှင်များနှင့်အတူ လပေါင်းများစွာ လုပ်ကိုင်ခဲ့သည်။ ၎င်းတွင် ဗြိတိန်နိုင်ငံသား ဇီဝကမ္မဗေဒပညာရှင်နှင့် ဆေးဝါးပညာရှင်သူတို့ နှစ်ဦး၏ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဆေးဝါးဗေဒပညာရပ်များနှင့် ပက်သက်၍ ရှာဖွေဖော်ထုတ်ချက်များကြောင့် ၁၉၃၆ ခုနှစ်အတွက် ဓာတုဗေဒပညာရပ်ဆိုင်ရာ ထူးချွန်များအဖြစ် နိုဘယ်လ်ဆု ချီးမြှင့်ခြင်း ခံရသည်။

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

လူဝီသည် ၁၉၀၈ ခုနှစ်တွင် Guida Goldschmiedt နှင့် အိမ်ထောင်ပြုခဲ့ပြီး သား ၃ ယောက်၊ သမီး ၁ ယောက် ထွန်းကားခဲ့သည်။ လူဝီသည် ၁၉၄၆ ခုနှစ်တွင် အမေရိကန်နိုင်ငံသား အဖြစ်ခံယူခဲ့သည်။ အိုတိုလူဝီသည် ၁၉၆၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။[၁]

ကိုးကားချက်[ပြင်ဆင်ရန်]

  1. သိပ္ပံနှင့်နည်းပညာဂျာနယ်၊ အတွဲ (၁၅၇)