အိုက်စလန်ကျွန်း
ဥရောပတိုက်ရှိကျွန်းများတွင် ဂရိတ် ဗြိတိန်ကျွန်းနောက် ဒုတိယအကြီးဆုံးဖြစ်သော အိုက်စလန်ကျွန်းသည် အတ္တလန္တိတ်သမုဒ္ဒရာမြောက်ဘက်ပိုင်း အာတိတ်စက်ဝိုင်း၏ တောင်ဘက် အလွန်ကလေးတွင် တည်ရှိ၏။ ထိုကျွန်းသည် ဂရင်းလန်ကျွန်း၏ အရှေ့ဘက် မိုင် ၁၃ဝ ခန့်အကွာနှင့် စကော့တလန်၏ မြောက်ဘက်ကမ်းခြေမှ မိုင် ၅ဝဝ ခန့် အကွာတွင် တည်ရှိသည်။
အိုက်စလန်ကျွန်းသို့ လူများလာရောက်နေထိုင်ခဲ့ကြ သည်မှာ ရှေးနှစ်ပေါင်း တစ်ထောင်ကျော်က ဖြစ်သည်။ ခရစ် ၉၃ဝ ပြည့်နှစ်မှစ၍ ပါလီမန်စနစ်ကို ထူထောင်ခဲ့ပြီးလျှင် သမ္မတနိုင်ငံအဖြစ် တည်ရှိလေသည်။
အိုက်စလန်ကျွန်းသည် မိုင် ၃ဝဝ ခန့်ရှည်လျား၍ မိုင် ၂ဝဝ နီးပါးကျယ်သည်။ အကျယ်အဝန်းမှာ ၃၉ယ၇ဝ၉ စတုရန်းမိုင်ဖြစ်၏။ ထိုအကျယ်အဝန်း၏ လေးပုံတစ်ပုံခန့်တွင် လူသူနေထိုင်ရာ၊ ထိုသို့ လူနေထိုင်နိုင်သည့်ဒေသများမှာ အဓိကအားဖြင့် ကျွန်း၏တောင်ဘက်နှင့် အနောက်တောင်ဘက်ရှိ မြေနိမ့်ပိုင်းများ၊ ပင်လယ်အော်များနှင့် ကမ်းပါးပြတ်များမှ အတွင်းဘက်သို့ ထိုးဝင်လာသော ချိုင့်ဝှမ်းများဖြစ်သည်။ အတွင်းဘက်ပိုင်းသည် ကုန်းပြင်မြင့်ဖြစ်၍ ပေပေါင်း ၂ယ၄ဝဝ မှ ၂ယ၇ဝဝ အထိမြင့်သည်။ ထိုနေရာတွင် ရေခဲမြစ်များ၊ မီးတောင် ချော်ပြင်များ၊ မီးတောင်များ၊ ရေပူစမ်းများ၊ မြစ်များ၊ အိုင်များနှင့် ရေတံခွန်များရှိသည်။ ၅ယဝ၉၅ ပေမြင့်သည့် မီး တောင်ရှင် ဟက်ကလာသည် ကျွန်း၏တောင်ဘက်ပိုင်းတွင် တည်ရှိသည်။ ထိုမီးတောင်သည် ၁၉၁၂ ခုနှစ်က တစ်ကြိမ်နှင့် ၁၉၄၆ ခုနှစ်ကတစ်ကြိမ် ပြင်းထန်စွာ ပေါက်ကွဲခဲ့ဖူးလေသည်။
အိုက်စလန်ကျွန်းသည် ကမ္ဘာ့မြောက်ဘက်ပိုင်းတွင် တည်ရှိသဖြင့် နေ့တာတိုသော ဆောင်းရာသီ၌ နေ့တာသည် နှစ်နာရီသာသာကလေးမျှသာကြာ၍ နေ့တာရှည်သောနွေရာသီ၌ မူ ညဉ့်တာသည် နေ့တာနှင့်အတူတူမျှလောက်ရှိသည်။ ရေခဲ ကုန်းမြေဟု အဓိပ္ပာယ်ရသော ထိုကျွန်းရှိရာသီဥတုသည် ကျွန်း ၏ အမည်ဆိုးသကဲ့သို့ မဆိုးရွားလှချေ။ ထိုသို့ဖြစ်ရသည်မှာ ဂပ်စထရင်း ပင်လယ်ရေပူကြောင်းကြောင့်ဖြစ်သည်။ ကျွန်း၏ တောင်ဘက်ပိုင်းတွင် မြောက်ဘက်ပိုင်းထက် မိုးပိုမိုရွာသွန်း သည်။ ထိုကျွန်း၌ သစ်ပင်ကြီးများ အပေါက်အရောက်နည်းပါး သော်လည်း မြက်ခင်းကောင်းများရှိခြင်းကြောင့် သိုးနှင့်မြင်းများ ကို မွေးမြူနိုင်ကြလေသည်။
အိုက်စလန်ကျွန်း၌ ကန့်သတ္တုနှင့် လစ်ဂနိုက်ခေါ် ကျောက်မီးသွေးညိုတစ်မျိုး ထွက်သော်လည်း ယင်းတို့ကို အများအပြား တူးဖော်လုပ်ကိုင်ခြင်း မရှိချေ။ သံ၊ ကြေးနီနှင့် ရွှေအနည်းအကျဉ်းကိုလည်း တွေ့ရသည်။
ကျွန်း၏တောင်ဘက်ပိုင်းရှိ ကုန်းမြေသည် ကောက်ပဲ သီးနှံ စိုက်ပျိုးနိုင်လောက်အောင် မြေ0x100သဇာကောင်းသည်။ ကောက်ပဲသီးနှံစိုက်ပျိုး၍ မဖြစ်နိုင်လောက်အောင် ကြမ်းတမ်း သည့်နေရာများတွင် မြက်ခင်းများရှိသည်။
အိုက်စလန်ကျွန်းတွင်တောရိုင်းတိရစ္ဆာန်အဖြစ်ပင်လယ် ဖျံလောက်ကိုသာ တွေ့ရသည်။ ငှက်မျိုးပေါင်း တစ်ရာကျော် တွေ့ရသည့်အနက် အရေးပါဆုံးငှက်မျိုးမှာ အိုင်ဒါဝမ်းဘဲဖြစ် သည်။ ထိုငှက်မျိုး အရေးပါခြင်းမှာ ယင်းတို့၏ နူးညံ့သော အမွေးအတောင်များကြောင့်ဖြစ်သည်။ အိုက်စလန်ကျွန်း၏ မြစ် များနှင့်ကမ်းခြေဒေသတစ်လျှောက်ရှိ ရေပြင်များတွင် ငါးအမျိုး မြောက်မြားစွာကို တွေ့ရလေသည်။
အိုက်စလန်ကျွန်းတွင် ရေအားကို အမြောက်အမြား အသုံးပြုနိုင်သော်လည်း တွင်တွင်ကျယ်ကျယ် အသုံးပြုခြင်းမရှိ သေးပေ။ မြို့ကြီးများနှင့် အလှမ်းကွာလျက်ရှိသော ကျေးလက် လယ်ယာခြံမြေများတွင်သာ လျှပ်စစ်ဓာတ်မီးထွန်းညိ|ရန်နှင့် အပူ ပေးရန်တို့အတွက် ရေတံခွန်များမှရေအားကို အသုံးပြုကြသည်။ ရေပူစမ်းများမှ ရေပူများကို မြို့တော်ကိုအပူပေးရန်နှင့် ပြည်သူ့ ခဝါလုပ်ငန်းကြီးများအတွက် အသုံးပြုကြလေသည်။
၁၉၇၂ ခုနှစ် ကုလသမဂ္ဂခန့်မှန်းခြေ စာရင်းအရ အိုက် စလန်ကျွန်း၏ လူဦးရေမှာ ၂၁ဝဝဝဝ ယောက်ဖြစ်၍ အားလုံး လိုလိုပင် ကျွန်း၏တောင်ဘက်ပိုင်းနှင့် အနောက်တောင်ဘက် ပိုင်းလွင်ပြင်များတွင် တည်ရှိသော မြို့ကြီးပြကြီးများ၌ နေထိုင် ကြသည်။
အိုက်စလန်ကျွန်းတွင် ပထမစတင်၍ နေထိုင်ခဲ့ကြသူ များမှာ နော်ဝေးလူမျိုးများဖြစ်ရာ ယင်းတို့မှ ဆင်းသက် ပေါက် ဖွားလာကြသူများသည် ရှေးခေတ်နော်သမန်လူမျိုးနှင့် လွန်စွာတူ သည်။ အိုက်စလန်ကျွန်းသူကျွန်းသားများသည် များသောအား ဖြင့် မျက်လုံးပြာ၍ ဆံပင်နီကြန်ကြန်ဖြစ်သည်။ အလုပ်ကိုကြိုး စားလုပ်ကိုင်၍ အသုံးအစွဲကျစ်လျစ်သည်။
အိုက်စလန်ကျွန်း၌ နွေရာသီသည်တိုတောင်းလှသဖြင့် အာလူးနှင့် ခါးဥဖြူတို့ကဲ့သို့ အကြီးထွားမြန်သော အသီးအနှံ ပင်များကို စိုက်ပျိုးကြသည်။
နွား၊ သိုး၊ ဆိတ်နှင့် မြင်းများ မွေးမြူခြင်းသည် အိုက်စလန်ကျွန်းသူကျွန်းသားများ၏ အရေးပါသော လုပ်ငန်း ဖြစ်သည်။ နို့ထွက်ပစ္စည်းလုပ်ငန်းများမှာ သမဝါယမစနစ်ဖြင့် တိုးတက်ဖြစ်ထွန်းလျက်ရှိသည်။
အိုက်စလန်ကျွန်းသူကျွန်းသားများသည် များသောအား ဖြင့် တံငါအလုပ်ဖြင့် အသက်မွေးမြူကြသည်။ ဖမ်းဆီးရမိသော ငါးများကိုအဓိကအားဖြင့် ဂရိတ်ဗြိတိန်၊ ဂျာမနီ၊ အီတလီနှင့် စပိန်နိုင်ငံများသို့ တင်ပို့ရောင်းချကြသည်။
အိုက်စလန်ကျွန်းတွင် မီးရထားလမ်းဟူ၍ မရှိချေ။ ပြည်တွင်းကူးသန်းသွားလာမှုကို မော်တော်ဘတ်စကား၊လေယာဉ် ပျံများဖြင့် ပြုလုပ်ကြရသည်။ ကမ်းရိုးတစ်လျှောက် ကူးသန်း သွားလာမှုကို သင်္ဘောများဖြင့် ပြုလုပ်ကြရလေသည်။ အိုက်စလန်ကျွန်းတွင် စာတတ်ဦးရေ အထူးပေါများ ၏။ အတည်တကျနေထိုင်လျက်ရှိသော လူမျိုးစုများမှ ကလေး သူငယ်တိုင်း အသက် ခုနစ်နှစ်အရွယ်မှ ၁၄ နှစ်အရွယ်ထိ ကျောင်းနေကြရသည်။ ကျောင်းများသို့သွား၍ စာမသင်ကြားနိုင် သော ကလေးများအတွက် ယင်းတို့ရှိ လယ်ယာခြံမြေများသို့ အရောက် ကျောင်းဆရာများက လာရောက်သင်ကြားပေးကြရ ၏။ မြို့တော်ဖြစ်သော ရေးကျာဗစ်မြို့တွင် အိုက်စလန် တက္ကသိုလ်ကို ၁၉၁၁ ခုနှစ်က တည်ထောင်ခဲ့သည်။ စာသင် ကြားခြင်းမှာ အခမဲ့ဖြစ်သည်။ ထို့ပြင် စီးပွားရေးကောလိပ် ကျောင်း တစ်ကျောင်း၊ စက်မှုလက်မှုကျောင်းတစ်ကျောင်း၊ ရေကြောင်း သွားလာရေး အတတ်သင်ကျောင်းတစ်ကျောင်းနှင့် စိုက်ပျိုးရေး ကောလိပ်ကျောင်းများလည်း ဖွင့်လှစ်ထားသည်။
အိုက်စလန်ကျွန်းသူကျွန်းသားများသည် များသောအား ဖြင့် စာဖတ်ဝါသနာပါကြ၏။ သူတို့၏ ကိုယ်ပိုင်စာပေဖတ်ကြ ရာ၌ ဂန္ထဝင်စာပေများနှင့် ကမ္ဘာ့အကြောင်းအရာများကို ရေး သားထားသည့် ကာလပေါ်စာပေများကိုလည်း ဖတ်ရှုကြသည်။ ယင်းတို့သည် ခေတ်ရေးရာများတွင်လည်း များစွာစိတ်ဝင်စား ကြသည်။ အိုက်စလန်ကျွန်းသူကျွန်းသားတို့၏ ဘာသာစကား သည် အခြားစကန်ဒီနေဗီယန် ဘာသာစကားများနှင့် ဆင်တူ၍ ရှေးနှစ်ပေါင်းတစ်ထောင်ခန့်က နော့သမန်လူမျိုးတို့ ပြောဆိုခဲ့ ကြသော ဘာသာစကားနှင့်မူ အတူတူပင်ဖြစ်သည်။
အိုက်စလန်ကျွန်းသည် ၁၉၄၄ ခုနှစ် ဇွန်လ ၁၇ ရက် နေ့မှစ၍ သမ္မတနိုင်ငံဖြစ်ခဲ့သည်။ သမ္မတသည် အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်သည်။ သမ္မတ၏လက်အောက်တွင် အဖွဲ့ဝင် ခြောက်ဦးပါဝင်သည့် ဝန်ကြီးအဖွဲ့ရှိသည်။
အော်လသင်းပါလီမန်တွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်ဟူ၍ရှိရာ လွှတ်တော်အမတ်များကို အသက် ၂၁ နှစ်ပြည့်ပြီးသူ ယောက်ျား၊ မိန်းမတိုင်းက မဲဆန္ဒဖြင့် ရွေး ကောက်တင်မြေ|ာက်လေသည်။
အိုက်စလန်ကျွန်းသို့ ၈၇၄ ခုနှစ်တွင် နော်ဝေပြည်မှ နိုင်ငံရေးအရ တိမ်းရှောင်လာရသူများ ရောက်ရှိလာကာ အခြေ စိုက်နေထိုင်ခဲ့ကြ၏။ ၉၃ဝ ပြည့်နှစ်ခန့်တွင် သမ္မတနိုင်ငံအဖြစ် တည်ထောင်လိုက်ပြီးလျှင် ပထမဆုံးအော်သလင်းပါလီမန်က တိုင်းပြည်ကိုအုပ်ချုပ်ခဲ့ပြီးနောက် ၁ဝဝဝ ပြည့်နှစ်တွင် ခရစ် ယာန် အယူဝါဒကိုလက်ခံကာ နိုင်ငံတော်အယူဝါဒအဖြစ် အသိ အမှတ်ပြုလိုက်သည်။ သို့သော် ၁၂၆၃ ခုနှစ်တွင် နော်ဝေနိုင်ငံ ဘုရင်မင်းမြတ်၏ သစ္စာတော်ခံအဖြစ် အသိအမှတ်ပြုခဲ့ရာမှ သမ္မတနိုင်ငံအသွင်အပြင်ပျောက်ကွယ်ခဲ့ရ၏။ နောက်နှစ်တစ်ရာ ခန့်အကြာတွင် နော်ဝေနိုင်ငံနှင့်အတူ ဒိန်းမတ်ဘုရင်များ၏ အအုပ်အချုပ်ကို ခံခဲ့ရသည်။ ၁၈၁၄ ခုနှစ်တွင် နော်ဝေပြည် သည် ဆွီဒင်နိုင်ငံလက်အောက်သို့ လက်ပြောင်းရောက်ရှိသွား ပြီးနောက်တွင်လည်း အိုက်စလန်ကျွန်းသည် ဒိန်းမတ်နိုင်ငံ၏ ပိုင်နက်တစ်ခုဖြစ်နေခဲ့သေးသည်။ နပိုလီယန်စစ်ပွဲများအတွင်းက အင်္ဂလန်နိုင်ငံသည် အိုက်စလန်ကျွန်းကို သိမ်းပိုက်ထားခဲ့ သော်လည်း ၁၈၁၅ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံသို့ ပြန်ပေး ခဲ့သည်။ ၁၈ဝဝ ပြည့်နှစ်အတွင်း အိုက်စလန်ကျွန်း၌ စီးပွားရေး နှင့် လူမှုရေးရာတိုးတက်မှုများရှိခဲ့၏။ အိုက်စလန်ကျွန်းသူ ကျွန်းသား များသည် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ပိုမိုလိုလို ချင်ချင်ရှိလာခဲ့ကြ သည်။ ပထမကမ္ဘာစစ်ကြီးအတွင်း ဝိုင်းဝန်း ဆို့ပိတ်ထားခြင်း ခံနေရသည့်အခိုက် ဒိန်းမတ်နှင့် အိုက်စလန် ကျွန်းတို့သည် အဆက်အသွယ် ပြတ်သွားခဲ့၏။ ၁၉၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ဒိန်းမတ်နိုင်ငံက အိုက်စလန်ကျွန်းကို လွတ် လပ်သော နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့သော်လည်း ဒိန်းမတ် ပြည့်ရှင်ဘုရင်သည် အိုက်စလန်ကျွန်း၏ဘုရင်အဖြစ် ဆက်လက် တည်နေသေးသည်။
ဒုတိယကမ္ဘာစစ်အတွင်းက ဒိန်းမတ်နိုင်ငံကို ဂျာမန်တို့ သိမ်းပိုက်မိပြီးသည့်နောက်တွင် အော်လသင်းလွှတ်တော်က တိုင်းပြည်ကို ကိုယ်စားအုပ်ချုပ်မည့်သူတစ်ဦး ရွေးချယ်ခဲ့သည်။ ၁၉၄ဝ ပြည့်နှစ်၊ မေလတွင် ဂျာမန်တို့၏ရန်ကိုကာကွယ်ရန် ဗြိတိသျှစစ်တပ်များသည် အိုက်စလန်ကျွန်းသို့ တက်ရောက် သိမ်းပိုက်ထားခဲ့သည်။ ထို့နောက်တွင် အမေရိကန်တပ်များက လက်ပြောင်းသိမ်းပိုက်ထားခဲ့လေသည်။
၁၉၄၄ ခုနှစ်မေလတွင် ကျွန်းသူကျွန်းသားများက အိုက်စလန်သမ္မတနိုင်ငံထူထောင်ရန် တညီတညွတ်တည်းလိုပင် မဲပေးဆန္ဒပြခဲ့ကြ၍ ထိုနှစ် ဇွန်လ၊ ၁၇ ရက်နေ့တွင် သမ္မတ နိုင်ငံအဖြစ် ကြေညာလိုက်လေသည်။ အိုက်စလန်သမ္မတနိုင်ငံ သည် ၁၉၄၆ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂဝင်နိုင်ငံတစ်ခု ဖြစ် လာခဲ့၍ ၁၉၄၉ ခုနှစ်တွင် မြောက်အတ္တလန္တိတ်စာချုပ် အဖွဲ့ဝင် နိုင်ငံအဖြစ် လက်မှတ်ရေးထိုးခဲ့လေသည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)