အိလျ အာရင်ဘတ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
အိလျ အာရင်ဘတ်

အိလျ အာရင်ဘတ်(Ilya Ehrenberg) ၁၈၉၀-၁၉၆၇[ပြင်ဆင်ရန်]

စက်တင်ဘာလ (၁) ရက်နေ့ (၁၉၆၇) က နာမည်ကျော် ဆိုဗီယက်စာရေးဆရာ အိလျ အာရင်ဘတ် ကွယ်လွန်ကြောင်း ဆိုဗီယက်စာရေးဆရာသမဂ္ဂ ကျေညာချက်သတင်းကို 'စောင့်ကြပ်မှူး' အင်္ဂလိပ်သတင်းစာ၌ ဖတ်လိုက်ရသည်။ သတင်းမှာ မထင်မရှားနေရာမှ ဖော်ပြသဖြင့် လူများ သိပ်သိပုံမရကြ။ စာရေးဆရာများပင် မသိလိုက်ကြ။ တချို့ စာရေးဆရာ များမှာ ကျွန်တော်ပြောမှ အံ့ဩနေကြပေသည်။

အာရင်ဘတ် ကွယ်လွန်သော သတင်းနှင့် အတူပင် အရှေ့ဂျာမဏီ ငြိမ်းချမ်းရေး ကော်မတီမှ စက်တင်ဘာလ (၁) ရက်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ဆော်ဩချက် ကျေညာစာတမ်း ကို သွားဖတ်မိလိုက်သည်။ ကျွန်တော်မှာ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုနှင့် ဆက်စပ်ကာ အာရင်ဘတ်ကို သတိရလိုက်မိသည်။ သူ၏ 'နဝမလှိုင်း' အမည်ရှိ ဝတ္ထုမျက်နှာဖုံးမှ ချိုးဖြူအလံတလွင့်လွင့်ဖြင့် လူထုကြီး ချီတက်နေပုံ ကားချပ်ကို မြင်ယောင်လာသည်။ အာရင်ဘတ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုကြီးနှင့် ဆက်စပ်နေသူ အနုပညာရှင် တယောက် ဖြစ်ပေသည်။ ကျွန်တော် အာရင်ဘတ်နှင့် တွေ့ဆုံမိခြင်းပင်လျင် ကမ္ဘာငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးနှင့် ဆက်စပ်လျက်ရှိပေသည်။ ၁၉၅၁ က တရုတ်ပြည် ငြိမ်းချမ်းရေးကော်မတီနှင့် အခြား ယဉ်ကျေးမှုနှင့် နိုင်ငံရေးဆိုင်ရာ ပြည်သူ့အဖွဲ့အစည်းများ၏ ဖိတ်ကြားချက်ဖြင့် ဆရာကြီးသခင် ကိုယ်တော်မှိုင်း ခေါင်းဆောင်သော မိတ်ဆက်အဖွဲ့တွင် ပါဝင်ကာ တရုတ်ပြည်သို့ ရောက်ခဲ့ဘူး သည်။ ထိုအခါက ပီကင်းမြို့တွင် (၁၀) ရက်ခန့် ကြာခဲ့သည်။ တနေ့ ပီကင်း၌ နိုင်ငံတကာမှ ငြိမ်းချမ်းရေးကော်မတီဝင်များနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ပြဿနာများကို ဆွေးနွေးလျက်ရှိစဉ် ဆိုဗီယက်စာရေးဆရာတယောက်က မြန်မာ ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့လိုပါသည်ဟု အကြောင်းကြားလာသည်။ ကျွန်တော်တို့သည် ဆွေးနွေပွဲပြီးလျင်ပင် တည်းခိုရာ ပီကင်းဟော်တယ်သို့ ပြန်ခဲ့ ကြသည်။ ဆိုဗီယက်စာရေးဆရာမှာ ကျွန်တော်တို့နှင့် တဟော်တယ်တည်း နေသူပင် ဖြစ်သည်။

(၂) မြန်မာကိုယ်စားလှယ် အဖွဲ့ဝင်စာရေးဆရာများနှင့် တွေ့လိုသော ဆိုဗီယက်စာရေးဆရာ မှာ အခြားမဟုတ်။ အိလျအာရင်ဘတ် ဖြစ်နေလေသည်။ ကျွန်တော်နှစ်သက်သော 'ပဲရစ်မြို့ကျဆုံးခန်း' [မြသန်းတင့်က 'ပါရီကျဆုံခန်း' အမည်ဖြင့် ၁၉-- က ဘာသာပြန်စာအုပ် ထွက်ဖူးတယ်- မာယာ။] ဝတ္ထုရေးသူပင်။ အာရင်ဘတ်နှင့် အခန်းကပ် တည်းခိုနေသူ ချီလီပြည်မှ ကဗျာဆရာ ပါဘလိုနီရူဒါက မိတ်ဆက်ပေး၍ သိရသည်။ နီရူဒါက အင်္ဂလိပ်ဘာသာ တတ်သူဖြစ်၍ စကားပြန်အဖြစ် ဆောင်ရွက်ခြင်း ဖြစ်သည်။ ကျွန်တော်တို့ ရောက်သွားသောအခါ အခန်းဝမှနေ၍ ကဗျာဆရာ နီရူဒါက ဆီးကြိုကာ 'အာရင်ဘတ်က မိတ်ဆွေများကို စောင့်နေပါတယ်-ကြွပါ' ဟု အင်္ဂလိပ်ဘာသာဖြင့် နှုတ်ဆက် ပြောဆိုသည်။ ကုလားထိုင်တွင် ထိုင်မိကြသောအခါ နီရူဒါက 'ပြင်သစ်စကားပြောပါသလား' ဟု မေးသည်။ 'အင်္ဂလိပ်စကားပြောပါတယ်' 'ဒါဖြင့် ကျွန်တော်က စကားပြန်အဖြစ် ဆောင်ရွက်ပါမယ်' ထို့နောက် နီရူဒါက အခန်းထဲရှိ အာရင်ဘတ်၊ သူ၏ဇနီး၊ နီရူဒါဇနီး စသည်တို့ဖြင့် မိတ်ဆက်ပေးသည်။ ကျွန်တော်ကလည်း ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ အမျိုးသမီး ပါလီမန် အမတ်၊ လွတ်လပ်ရေးအမျိုးသမီးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်လှ တို့နှင့် အသီးသီး မိတ်ဖွဲ့ပေးလိုက်သည်။ အာရင်ဘတ်မှာ အသက် (၆၀)ခန့် ရှိ၍ အသားကနီနီ၊ ဆံပင်မှာ ရှည်၍ ပျော့အိဖြူလွလွ၊ နှင်းဝတ်သရဖူ ဆောင်းထားသည်။ ကိုယ်နေကိုယ်ဟန်မှာ ခပ်ကိုင်းကိုင်း၊ မျက်လုံးမှာ တစုံတရာကို စူးစိုက်ငေးကြည့်နေသည့်အသွင်၊ စကားပြောသောအခါ လူကို တိုက်ရိုက် မကြည့်ဘဲ အရှေ့သို့ စူးစိုက်ကာ၊ ဝေးလံသောအရပ်ဒေသ တခုခုဆီသို့ မြှော်ငေးကြည့်နေသလို၊ ခပ်ကြောင်ကြောင်၊ ခပ်စင်းစင်း၊ သူသည် ဘယ်အရပ်သို့ စိုက်ငေးနေသလဲ။ အတိတ်သို့လား၊ အနာဂတ်သို့လား၊ လူအသိရခက်သော လျှို့ ဝှက်ချက်များဖြင့် မှိုင်းဝေရီနေ၏။ သူသည် မီးခိုးရောင် သက္ကလပ်အကျႌကို ဝတ်ထားသည်။ သူ၏ အမူအရာမှာ ခပ်မှုန်မှုန် ခပ်မှိုင်းမှိုင်း၊ ကျွန်တော်စိတ်ထဲတွင် လျှို့ ဝှက်ချက်များဖြင့် ပြွမ်းသော ကဗျာဆရာကြီးနှင့် ပိုတူနေသည်ဟု ခံစားနေမိသည်။ တကယ်ကလည်း သူသည် ငယ်စဉ်က ကဗျာဆရာ ဖြစ်သည်။ သူ၏ဝတ္ထုများထဲမှ ဇာတ်ကောင်များနှင့်လည်း မတူ။ သူ၏ နာမည်ကျော် 'မုန်တိုင်း' ဝတ္ထုထဲမှ ဆာဂီမှာ သွက်လက်လှုပ်ရှား၏။ တက်ကြွ၏။ သို့သော် စကားပြောသောအခါမူ စူးရှချွန်ထက်၍ မြှားကဲ့သို့ လေးကိုင်းမှ ခါထွက်လာ၏။ သူသည် ဝတ္ထုရေးဆရာကြီး တယောက်ဖြစ်သည်။ နီရူဒါမှာ ကဗျာဆရာဖြစ်သော်လည်း အာရင်ဘတ်လောက် ကဗျာဆရာနှင့်မတူ။ နီရူဒါမှာ အသက် (၄၅)နှစ်ခန့်ရှိ၍ အရပ်အမောင်းကောင်းကောင်း၊ ကိုယ်လုံးကိုယ်ထည် ကြီးမားတောင့်တင်းသည်။ မျက်နှာထားချိုသည်။ သူ့ဇနီးမှာလည်း သူကဲ့သို့ပင် မျက်နှာထား ချိုချို၊ ပြုံးမြမြ ဖော်ရွေသည်။ သူမသည် ဂါဝန်အစိမ်းရင့်ကြီး ဝတ်ထားသည်။ အာရင်ဘတ်၏ဇနီးမှာ ဂါဝန်အဝါဖျော့ဖျော့ဝတ်၍ လည်တွင် ပုလဲကုံးဆွဲထားသည်။ သူမသည် ပြင်သစ်စကားတတ်သည်။ အာရင်ဘတ်မှာ ဥရောပတခွင် ပြဲပြဲစင် လည်ဘူး၊ နေဘူး သည်။ ပြင်သစ်တွင်ကား နှစ်ပေါင်းများစွာ နေသည်။ သူ၏ 'ပဲရစ်မြို့ကျဆုံးခန်း' ဝတ္ထုမှာ စစ်မဖြစ်မီ ခေတ်ကာလ ပဲရစ်မြို့သရုပ်ပေါ်သည်ဟု ထင်ရှားပေသည်။ ဒုတိယကမ္ဘာစစ်မဖြစ်ခင် ဖက်ဆစ်များ ကြွထလာသောကာလ၌ ပြင်သစ်ပြည်တွင် ဆိုရှယ်လစ်၊ ကွန်မြူနစ်များ ပေါင်းကာ 'ညီညွတ်ရေးတပ်ပေါင်းစု' ဖွဲ့ကြသည်။ ထို့နောက် ယင်းညီညွတ်ရေး ပြိုကွဲသွားကာ နာဇီတို့ ဝင်လာကြသည်။ နာဇီတို့လက် ကျသွားသော ပဲရစ်မြို့တော်ကြီးကို မြင်လာမိသည်။ အာရင်ဘတ်သည်ပင်လျင် ပဲရစ်မြို့ကျချိန်၌ သူသည် ပဲရစ်တွင် ရှိနေပေသည်။ 'လူတယောက်မျှ မရှိတော့။ ပဲရစ်မြို့ မဟုတ်တော့ပြီ။ ပွန်ပီ (ရောမခေတ်က ပျက်စီးသွား သော မြို့) ဖြစ်နေပေပြီ။ မိုးမဲကြီး ရွာသွန်းနေ၏။ ရေနံများ အားလုံး မီးရှို့ခဲ့ကြသည်။ လမ်းဒေါင့်၌ အမျိုးသမီးကလေးသည် ခြေကျိုးသော စစ်သားကို ဖက်ထား၏။ သူမ၏ ပါးပြင်မှ မျက်ရည်မဲများ ကျဆင်းလာသည်' စသည်ဖြင့် သူ့အတ္ထုပ္ပတိ 'စစ်ဖြစ်စ' ၌ ဖွဲ့နွဲ့ထားပေသည်။ အာရင်ဘတ်မှာ ယူကရိန်းပြည်သား ရေဝတီစပ် ဖြစ်ကြောင်း၊ သူ့အတ္ထုပ္ပတိစာအုပ်၌ ဖတ်ရသည်။ ငယ်စဉ်ဘဝက မော်စကို၌ ကြီးပြင်းခဲ့သည်။ သူသည် အထက်တန်းကျောင်းသို့ပင် မရောက်ပေ။ သန်းခေါင်စာရင်းကောက်သော အမျိုးသမီးလေးက 'ဆရာကြီးရဲ့ ပညာရေး' ဟု မေးပြီး ပုံစံစာရွက်၌ ဖြည့်မည်ပြုသောအခါ အာရင်ဘတ်က 'အလယ်တန်း၊ အလယ်တန်း တောင် မအောင်ပါဘူး' ဟုဖြေသည်။ ကောင်မလေးက မျက်နှာပျက်ကာ 'ကျမ လေးလေးနက်နက် မေးနေပါတယ်ရှင်' 'ကျုပ်ကလဲ လေးလေးနက်နက် ဖြေနေတာပါဘဲ' 'ကျမကို ရယ်စရာ မလုပ်ပါနဲ့၊ ကျမ ဆရာကြီးစာပေတွေ ဖတ်နေတာပါ။ သန်းခေါင် စာရင်းဟာ အရေးကြီးတဲ့ နိုင်ငံတော်အစိုးရ ကိစ္စရပ်ပါ၊ ဘာဖြစ်လို့ ကျမကို ကောင်းကောင်း မပြောချင်ရတာလဲရှင်' အမျိုးသမီးလေးသည် အစော်ကားခံရသည်ဟု ယူဆကာ ထွက်သွားသည်ဟု သူ၏စာအုပ်၌ ရေးသည်ကို ဖတ်ရဘူးသည်။ အာရင်ဘတ်သည် ကျောင်းပညာဘက်၌ အထက်တန်း မရောက်သော်လည်း ငယ်စဉ်ကတည်းက စာပေ၊ အနုပညာဗီဇလေးကား မျိုးစေ့ တည်လာခဲ့သူ ဖြစ်သည်။ အလယ်တန်းကျောင်းသားဘဝက 'ရောင်ခြည်သစ်' လက်ရေးမဂ္ဂဇင်း ၌ စာတည်းအဖြစ် ဆောင်ရွက်ခဲ့ပေသည်။ သူ၏ ကဗျာစာအုပ်မှာ အသက် ၁၉နှစ်အရွယ်က ပြင်သစ်ပြည်၌ ပုံနှိပ်ထုတ်ဝေခဲ့သည်။ သူ့ငွေဖြင့်သူ ပုံနှိပ်ခြင်းဖြစ်သည်။ ရုရှပြည်ရှိ ကဗျာဆရာ များထံသို့ စာတိုက်မှ ပို့သည်။ ဆိုင်၌ကား စာအုပ် ၁၆ အုပ်သာ ရောင်းရသည်။ စာအုပ်ထွက်ပြီး မကြာမီ သူ့သမီးဦးကလေး မွေးသည်။ သူ၏ အနုပညာ အသီးအပွင့်နှင့် လူ့ဘဝ၏ အသီးအပွင့်ကား ဆက်စပ်နှောင်ဖွဲ့လျက် ရှိပေသည်။ ကြီးလာသောအခါမူကား အာရင်ဘတ်သည် စကားပြေများသာ အရေးများလေသည်။ သူ အသက် ၃၀ အရွယ်က ထုတ်ဝေသော 'ဂျူလီယိုဂျူရင်းနိုတိုး' ဝတ္ထုကား ကျွန်တော် မဖတ်ဖူးပေ။ ယင်းဝတ္ထုကြောင့်ပင် အာရင်ဘတ်သည် ကျော်ကြားကာ စာရေးဆရာအဖြစ် အောင်မြင်လာခြင်း ဖြစ်ပေသည်။

(၃) အာရင်ဘတ်က ပန်းစိုက်အိုးကို စူးစိုက်ငေးကြည့်ကာ ဆေးပြင်းလိပ်ကို ဖွာလျက် 'နေ့လယ်စာ ကျွန်တော်တို့နဲ့အတူ သုံးဆောင်ပါ' ဟု ဆိုသည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက 'မိတ်ဆွေဖြစ်ပေါ့ကွာ' ဟု ကျွန်တော့်ဘက်လှည့်ကာ ပြောလိုက်သည်။ အခန်းထဲ၌ပင် စားရန် နေ့လယ်စာများကို မှာလိုက်သည်။ အာရင်ဘတ်မှာ မြန်မာစာပေအကြောင်း မေးသည်။ သူသည် မြန်မာစာပေကို စိတ်ဝင်စားသည်။ ထိုအခါက ကျွန်တော်မှာ အသက် (၃၀) အရွယ် ရှိနေသည်။ သူက ခေတ်သစ်စာပေအကြောင်း ကျွန်တော့်အား မေးနေသည်။ ကျွန်တော်ကလည်း တတ်နိုင် သလောက် အကျဉ်းရုံးကာ ပြောပြရသည်။ 'ယခုခေတ်သစ် မြန်မာဝတ္ထုတွေက အဘယ်အကြောင်းအရာတွေကို အခြေခံရေးကြ သလဲ' ဟု သူက မေးသည်။ အရင်းရှင်လူ့ဘောင်အောက်ရှိ မြန်မာစာရေးဆရာများ ရင်ဆိုင်ရသော ပြဿနာများကို အမြွက်လောက် ရှင်းပြလိုက်သည်။ 'ခင်ဗျား ကဗျာတွေ ဝတ္ထုတွေ ရေးတော့ ဘယ်ဘာသာနဲ့ ရေးသလဲ၊ အင်္ဂလိပ်လို ရေးသလား' ဟု အာရင်ဘတ်က ကျွန်တော့်အား မေးသည်။ ကျွန်တော်က မြန်မာဘာသာဖြင့် ရေးကြောင်း ပြောပြရသည်။ နီရူဒါက သူ၏ဇနီးဘက်သို့ လှည့်ကာ 'မြန်မာတွေက အင်္ဂလိပ်စာ တတ်ကြတယ်' ဟု ဆိုပြီး တဖန် ကျွန်တော့်အား 'ခင်ဗျား ဘယ်မှာ ပညာသင်သလဲ၊ အင်္ဂလန်မှာလား' 'မဟုတ်ပါဘူး၊ မြန်မာပြည်ပါ' နီရူဒါက ဆက်လက်ကာ 'ကျွန်တော်က ရန်ကုန်မှာ တနှစ်ကျော်ကျော်လောက် နေဘူးတယ်၊ ဒါကြောင့် မြန်မာပြည်သားတွေနဲ့ စကားပြောရတာ ဝမ်းသာတယ်' သူ့ဇနီးသည်က သူ့ကို ကြည့်၍ ပြုံးနေသည်။ '၁၉၂၇ လောက်က ရန်ကုန်မှာ ချီလီကောင်စစ်ဝန်အဖြစ်နဲ့ နေဘူးတယ်' ဟု အတိတ်ကို သတိရဟန်ဖြင့် သူက ဖြေလိုက်သည်။ 'အဲဒီတုန်းက ဘယ်မှာနေသလဲ' နီရူဒါက တွေလျက် 'ကလားဘတ်စတီးမှာနေတယ်၊ အိမ်ကကြည့်လိုက်ယင် ရွှေရောင် ဝင်းနေတဲ့ ရွှေတိဂုံစေတီကြီးကို လှမ်းမြင်ရတယ်' အာရင်ဘတ်၏ဇနီးက မြန်မာအမျိုးသမီးများအကြောင်း မေးရင်း နီရူဒါက ဆံထုံးနှင့် သနပ်ခါးမှာ မြန်မာအမျိုးသမီးများ၏ ချစ်စဖွယ်အင်္ဂါရပ်များ ဖြစ်ကြောင်း ပြောပြနေသည်။ နီရူဒါ နေခဲ့သောခေတ်မှာ ဆံထုံးကြီး ခေတ်ဖြစ်သည်။ နီရူဒါနှင့် ကျွန်တော်တို့ စကားကောင်းနေကြခိုက်၊ နီရူဒါ၏ဇနီးက ခရင်းကို ကိုင်ရင်း စကားအမျှင်မပြတ်သော ကျွန်တော့်ဘက်လှည့်ကာ 'မြန်မာကဗျာဆရာ စားပါဦး၊ နီရူဒါနဲ့ချည့် စကားပြောမနေနဲ့လေ' ဟုပြောပြီး တဖန် နီရူဒါဘက်လှည့်လျက် 'နီရူဒါ- ဒီက မြန်မာမိတ်ဆွေ အစာ, စားပါစေဦးလားကွယ်' ဟု ပြောနေသည်။ သူမက ရင်းနှီးစွာပင် ပြောဆိုသည်။ 'မြန်မာပြည်မှာ တနှစ်ကြာပေမယ့် ဘယ်မှ မရောက်လှပါဘူး၊ ပဲခူးနဲ့ မော်လမြိုင်ဘဲ ရောက်ဘူးတယ်၊ မြန်မာပြည်ဟာ သာယာလှပတယ်၊ လူတွေက သဘောကောင်းတယ်၊ ရိုးသားတယ်၊ ဖော်ရွေတယ်၊ သင်္ကြန်ရေပက်တာ သိပ်ပျော်ရွှင်စရာကောင်းတယ်' ကျွန်တော်က ဖြတ်လျက် 'အဲဒီတုန်းက ကဗျာတွေ ရေးနေပြီလား' နီရူဒါ၏ ဇနီးက 'သူ့ကဗျာတွေဟာ သည်လောက်ကျော်ကြားခြင်း မရှိသေးပါဘူး၊ ကဗျာတွေကလဲ အချစ်ကဗျာတွေပါ ရှင်' ဟု ရယ်မော၍ ပြောနေ၏။ 'ရွှေရောင်လို လှပဝင်းတောက်တဲ့ ပိတောက်ပန်းကို သတိရတယ်' ဟု နီရူဒါက မြန်မာပြည်ကို တသလျက် ရှိသည်။ သူက 'ဘဒေါက်' ဟု ပိတောက်ပန်းကို ပြီပြီသသ ခေါ်သည်။ သူသည် အာရင်ဘတ်ဘက် လှည့်ကာ ပိတောက်ပန်း၏ အလှအပအကြောင်းကို ရှင်းပြနေသည်။ အာရင်ဘတ်က ကျွန်တော့်အား မှေးစင်းသော အကြည့်ဖြင့် ကြည့်ကာ 'ခင်ဗျားကော ပိတောက်ပန်းအကြောင်း ကဗျာရေးသလား' ကျွန်တော်က ပိတောက်ပန်းကဗျာ (၂) ပုဒ် ဖွဲ့ဘူးကြောင်း၊ မြန်မာကဗျာဆရာဆိုလျှင် ပိတောက်ပန်းဘွဲ့ မဖွဲ့နွဲ့သူ မရှိကြောင်း ပြောပြရသည်။ ကျွန်တော်က ၁၉၄၈ လောက်က ရေးသော 'ပဌမ ပိတောက်ကဗျာ' ကို အကျဉ်းရုံး ဘာသာပြန် ပြောပြရသည်။ ထို့နောက် ကဗျာအကြောင်း ရောက်သွားသည်။ နီရူဒါနှင့် ကျွန်တော်မှာ ကာရန်လွတ်လပ်ရေးနှင့် အကြောင်းအရာအကြောင်း ဆွေးနွေးမိကြသည်။ နီရူဒါ၏ ဇနီးက ဆရာကြီး သခင်ကိုယ်တော်မှိုင်းဘက်လှည့်ကာ 'အခုလို အသက်အရွယ်ကြီးတဲ့ မြန်မာကဗျာဆရာကြီးနဲ့ တွေ့ရတာ သိပ်ဝမ်းသာပါတယ်၊ ကဗျာတပုဒ်လောက် ရွတ်ဆိုပြဖို့ ဆရာကြီးကို တောင်းပန်ပါတယ်' အကြိမ်ကြိမ် တောင်းပန်သော်လည်း ဆရာကြီးက ရွတ်ဆိုမပြချေ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ကျွန်တော့်အားပြုံးကာ 'မဟုတ်တာကွာ၊ ဆရာမဆိုတတ်ပါဘူး၊ ကလေးကလား' ကျွန်တော်က ယနေ့ခေတ်၌ ကဗျာကို အသံအနေအထားဖြင့် ရွတ်ဆိုခြင်းအလေ့ မရှိကြောင်း၊ ဖတ်ရန်သာ ရေးကြကြောင်း ရှင်းပြသည်။ အာရင်ဘတ်က ဆရာကြီးအား ရုရှားပြည်မှ ကော့ဆက်အမျိုးသား အဖိုးကြီးနှင့် တူကြောင်း ပြောပြလေသည်။ ထို့နောက် အာရင်ဘတ်က ရုရှားမှလာသော ငါးဥကလေးများကို စားရန်ပြောသည်။ ကျွန်တော်တို့လည်း ငါးသေတ္တာန့ံရှိသော မဲမဲငါးဥအလုံးကလေးများကို ပေါင်မုံ့နှင့် စားလိုက်ကြသည်။ အနီရောင် ငါးဥများ ထပ်မှာပြန်သည်။ ဥရောပ၌ကား 'ကေဗားရ်' ခေါ် ငါးဥများမှာ အဖိုးတန်၍ ဆင်းရဲသားများ အရသာမခံတတ်ဟု အဆိုရှိသည်။ ယင်း ငါးဥများကို စားရင်း အာရင်ဘတ်က မြန်မာပြည် ငြိမ်းချမ်းရေးလှုပ်ရှားမှု အကြောင်းကို မေးမြန်းနေလေသည်။ အာရင်ဘတ်နှင့် နီရူဒါမှာ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှု၌ တောက်လျှောက် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလာသူများ ဖြစ်ကြသည်။ အာရင်ဘတ်မှာ ကွယ်လွန်သည့်နေ့အထိ ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ၏ ဒုတိယ ဥက္ကဋ္ဌဖြစ်ပေသည်။

ကျွန်တော့်တွင် ကဗျာနှင့်ပတ်သက်၍ ခံစားချက်တခု ရှိသည်။ ယင်းခံစားချက်မျိုးပင် အာရင်ဘတ်လည်း ခံစားသည်ကို နောက် သူ၏ အတ္ထုပ္ပတ္တိစာအုပ်တွင် ဖတ်ရသည်။ သူငယ်စဉ်က ကဗျာရေးသားလာခြင်းနှင့် ပတ်သက်၍ 'စကားပြေဖြင့် ဖော်ပြမရသည်များကို ကဗျာဖြင့် ဖော်ပြနိုင်သည်ကို နားလည်လာသည်' ဟု ရေးသည်ကို ဖတ်ရသည်။ ဤသဘောကို ကျွန်တော်သည် ၁၉၅၄ လောက်ကတည်းက ရေးသားလာခဲ့သည်။ တချို့သော အကြောင်းအရာများကို ကဗျာစာလုံးများဖြင့်သာလျင် ဖော်ပြချင်ပေသည်။ ကဗျာဖြင့် ရေးမှသာ ရင်ထဲမှ ဝေဒနာကို ဖော်ပြရာရောက်သည်ဟု ယုံကြည်နေသည်။ စကားပြေသည် စာပေ ပုံသဏ္ဌာန်ဖြစ်သည် မှန်သော်လည်း ကဗျာကား အစားထိုး၍ မရသော အာရုံခံစားမှု အနုပညာ ပုံသဏ္ဌာန် ဖြစ်ပေသည်။

ထိုအခါ အာရင်ဘတ်သည် ကဗျာအကြောင်းမပြော၊ နီရူဒါကသာ 'ကာရံနောက်လိုက် ရင် အဓိပ္ပါယ် အကြောင်းအရာမှာ လျော့မှာပေါ့၊ ကျွန်တော် ယခုရေးတာတွေမှာ ကာရံကို ဦးစားမပေးတော့ပါဘူး။ ငယ်ငယ်တုန်းကသာ ကာရံနောက်လိုက်ခဲ့တာပါ' ဟု ပြောသည်။ ကျွန်တော်ကလည်း ကျွန်တော်၏ ကဗျာဘဝ အတွေ့အကြုံကို ပြောပြလိုက်သည်။ ပြန်ခါနီး နှုတ်ဆက်ကြသောအခါ ကဗျာဆရာနီရူဒါက 'ပိတောက်ဝေနေတဲ့ မြန်မာပြည်ဟာ အင်မတန် သာယာလှပတယ်' ဟု ပြောနေ နေသည်။ အာရင်ဘတ်ကလည်း ဝင်ကာ 'ပိတောက်ပန်း ကဗျာတွေကို ကျွန်တော်ဖတ်ချင်တယ်' ဟု ညည်းသလိုက်လေသည်။

(၄) ၁၉၅၃-ခုက ချက်ကိုစလိုဗက်ကီးယားပြည် ပရားဟားသို့ သွားရင်း မော်စကိုဝင်ရာ၊ အာရင်ဘတ်နှင့် တွေ့ရန် ကြိုးစားသေးသည်။ ကျွန်တော်တို့က ဂျော်ဂျီယာ၊ ယူကရိန်းစသော ဆိုဗီယက် ပြည်ထောင်စုဝင် ပြည်များသို့ လှည့်လည်နေရာ၊ ကျွန်တော်တို့ မော်စကို ပြန်ရောက်ချိန်၌ အာရင်ဘတ်က ခရီးထွက်နေပြီး၊ ကျွန်တော်တို့ စတာလင်ဂရက် ရောက်နေစဉ် သူက မော်စကို ရှိနေသည်။ ယင်းသို့ အဆင်မသင့်သဖြင့် သူနှင့် တွေ့ဆုံခွင့် မရတော့ပေ။ သူက သူရေးသော 'မုန်တိုင်း' ဝတ္ထုကို မေတ္တာလက်ဆောင်အဖြစ် သူ့နာမည် ရေးထိုးပြီး ထားခဲ့သည်။ သူသည် ခေတ်အခြေအနေကို ထင်ဟပ်သော ဝတ္ထုကြီး (၃)ပုဒ် ရေးသည်။ ပဲရစ်မြို့ကျဆုံးခန်း၊ မုန်တိုင်း၊ နဝမလှိုင်း။ ပဲရစ်မြို့ကျဆုံးခန်းမှာ စစ်မဖြစ်ခင် ခေတ်အခြေအနေ၊ မုန်တိုင်းမှာ စစ်အတွင်းအခြေအနေ၊ နဝမလှိုင်းမှာ စစ်ပြီးအခြေအနေများကို သရုပ်ဆောင်ထား ပေသည်။ မုန်တိုင်း ဝတ္ထုကြီးမှာပင် တော်စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေး လောက် ရှည်ပေသည်။ ဇာတ်ဆောင်တွေ အများကြီးဖြင့် ဖွဲ့ထားသော လူ့သရုပ်ဖော် ဝတ္ထုကြီးဖြစ်သည်။ ကျွန်တော်တို့မှာ ရုရှားစာပေဖတ်သည် ဆိုသော်လည်း ကုန်စင်နှ့ံစပ်အောင် ဖတ်နိုင်သည် မဟုတ်ပေ။ ကျောင်းသားဘဝက အများက ကောင်းသည်ဟု စံတင်အသိအမှတ် ပြုထားသော စာပေများကို ဖတ်ကြသည်။ ရုရှမှာ ဒေါတော့ယက်စကီး၊ တော်စတွိုင်း၊ ပွတ်ရှကင်၊ ချက်ကော့၊ ဂေါ်ကီ စသော ရှေးခေတ်စာရေးဆရာကြီးများ၏ ဝတ္ထုများကို ဖတ်သည်။ ကဗျာထဲကဆိုလျင် ပွတ်ရှကင်၊ ဘလောက် တို့လောက်သာ ဖတ်ဖူးသည်။ ဆိုဗီယက်ခေတ်ရောက်တော့ အာရင်ဘတ်၊ ရှိုလိုကော့၊ ဖာဒေယိ၊ ဖီဒင်၊ အော်စထရော့စကီး၊ စီမိုနော့၊ ကဗျာထဲက မာယာကော့စကီး၊ ယက်တူရှင်ကို၊ ပက်စတာနက် တို့လောက်သာ ဂရုပြုဖတ်သည်။ ရုရှစာပေ၌ ဖတ်စရာတွေ တပုံကြီး ရှိသည်။ စာရေးဆရာ တော်တွေလည်း အများကြီး။ တချို့ စာပေများကို နာမည်ဖြင့်တပ်၍ စာရေးဆရာကို မစွဲလန်းတော့။ ယင်းသို့ နည်းနည်းလောက်သာ ဖတ်မိသည်ထဲ၌ အာရင်ဘတ်မှာ ကျွန်တော် ကြိုက်သည့်အထဲ၌ ပါဝင်သည်။ ပက်စတာနက်ကိုကား 'ဒေါက်တာဇီဗားဂိုး' ဝတ္ထုတွင် တော်တော် နှစ်သက်မိသည်။ သူ့ကဗျာများကား အသိခက်လှသည်။ စတာလင်ဆန့်ကျင်ကျင်ရေးခေတ် (၁၉၅၆) ၌ အာရင်ဘတ်၏ 'နှင်းခဲပျော်ချိန်' ဝတ္ထုထွက်လာသည်။ ဥရောပ၌ နှင်းခဲပျော်ချိန်မှာ အဓိပ္ပါယ်ရှိသည်။ ဆောင်းတွင်း၌ ရေခဲပြီး ဆောင်းယွန်းသွားသောအခါ ရေခဲ ပျော်ကျလာလေသည်။ နှင်းခဲများ ကျဆင်းချိန်၌ တင်ရှိနေသော အမှိုက်သရိုက်များမှာ ရေအဖြစ် ပျော်ကျကာ စီးဆင်းသွားလေတော့သည်။ စတာလင်ခေတ် အပြီးကာလကို တင်စားထားသည်။ စတာလင်ခေတ်ကာလ၏ ချုပ်ချယ်ကျပ် တည်းမှုမှ လွတ်မြောက်လာခြင်းကို သရုပ်ဖော်ထားသည်။ အလုပ်ရုံတခု၌ လူများမှာ ငြီးငွေ့နေကြသည်။ လင်ရှိမိန်းမမှာ အခြားယောကျ်ားတပါးနှင့် လွန်ကျူးနေ၏။ အလုပ်ရုံ အုပ်ချုပ်ရေးမှူးမှာ ကုန်ထုတ်လုပ်ရေး၌ အလုပ်များနေသဖြင့် ဇနီးသည်ကိုပင် ကြင်နာယုဖို့ အချိန်မပေးပေ။ နှင်းခဲပျော်ချိန်၏အဆက် 'နွေဦးပေါက်' ဝတ္ထု ထွက်လာသေးသည်။ ယင်းဝတ္ထုများကို ကျွန်တော် သိတ်မစွဲလန်းတော့ပေ။ လွန်ခဲ့သော (၁၀)နှစ် ကာလကား ကွန်မြူနစ်လောက၌ ဆန့်ကျင်ဘက်များဖြင့် ပြွမ်းတီး လှုပ်ရှားနေသော ခေတ်ဖြစ်သည်။ ယင်း ပဋိပက္ခရှုခင်းများမှာ နိုင်ငံခြား၌ ဖြစ်ပျက်နေသည် ဖြစ်ရာ၊ ကျွန်တော်တို့မှာ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်ဖော်ပြမှုတို့ကိုသာ 'မူရင်း' အနေဖြင့် သိခွင့်ရရှိကြ၏။ ပဋိပက္ခများကို လေ့လာရာ၌ သူတို့ ပင်ရင်းဘာသာ မတတ်သဖြင့် တပန်းရှုံးနေလေတော့သည်။ နိုင်ငံရေးတိုက်ပွဲများ ပြင်းထန်နေဆဲအခါ တဖက်စကားချည်း အားကိုး၍ အမှန်ရှာမရနိုင်ပေ။ မိမိ ပြည်တွင်း၌ပင် (၂)ဖက် အဖြစ်အပျက်၊ ဟောရပ်ပြောရပ် စကားရင်းများကို ဃဂဏန လေ့လာမှသာလျှင် တကယ့်ရှုခင်းကို ငုံမိမည် ဖြစ်ပေသည်။ ၁၉၆၁ က ဆွီဒင်ပြည် စတော့ဟုမ်း၌ ကျင်းပသော ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ အစည်းအဝေး တက်ရောက်သည်။ အာရင်ဘတ်မှာ ဆိုဗီယက်ကိုယ်စားလှယ် အဖွဲ့ဝင် ဖြစ်သည်။ ယင်း အစည်းအဝေး၌ တရုပ်-ဆိုဗီယက် အငြင်းပွါးမှု သက်ရောက်လျက်ရှိသည်။ ကျွန်တော်တို့မှာ နှစ်စဉ် ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီမှ ကျင်းပမည့် ယဉ်ကျေးမှု နှစ်ပါတ်လည်၌ ဦးပုညကို ထည့်သွင်းရန် စိုင်းပြင်းလျက်ရှိသည်။ ကျွန်တော်သည် အာရင်ဘတ်ကို လိုက်ရှာသည်။ အစည်းအဝေးမှာ ဆက်တိုက် လုပ်နေ၍ မအားရ။ ဟော်တယ် တည်းသည်မှာလည်း တနေရာစီ ဖြစ်နေ၍ မဆုံမိကြ။ ည အစည်းအဝေးပြီးလျင် မြေအောက်ရထားဖြင့် ကမန်းကတမ်း ပြန်ရသည်။ တညနေ အစည်းအဝေးနားချိန်၌ အာရင်ဘတ်နှင့် သွားတွေ့သည်။ သူကလည်း အင်္ဂလိပ်စကားမတတ်။ ကျွန်တော်ကလည်း ပြင်သစ်စကား မတတ်၍ လက်ဆွဲနှုတ်ဆက်ပြီး စကားမပြောလိုက်ရ။ မော်စကို မှတဆင့် ရန်ကုန်သာ ပြန်ရောက်လာသည်။ သူနှင့် မတွေ့တော့။ မော်စကိုတွင်လည်း တွေ့ရန် မကြိုးစားမိ။ ၁၉၆၂ က ကရူးရှက်သည် ဆိုဗီယက် ခေတ်သစ်ပန်းချီကို ဝေဖန်သည်။ ခေတ်သစ်ပန်းချီကို မြင်းမြီးလှုပ်ရမ်းထားသော ဆေးစက်များဟု ဝေဖန်လိုက်သည်။ ထိုအချိန်လောက်ကပင် ကရူးရှက်က အာရင်ဘတ်အား အာရင်ဘတ်ဟာ အောက်တိုဘာ တော်လှန်ရေးတုန်းက ထိထိရောက်ရောက် ပါခဲ့တာမဟုတ်ဟု ပြောသည်ကို ဖတ်လိုက်ရ၏။ ၁၉၆၂ က အာရင်ဘတ်၏ ကိုယ်တိုင်ရေးအတ္ထုပတ္တိ စာအုပ်နှစ်တွဲ ဖတ်လိုက်ရသည်။ ပြည်သူနှင့် ဘဝ၊ တော်လှန်ရေး၏ ပဌမနှစ်များ ၁၉၁၈-၁၉၂၁၊ အားလုံး (၆)တွဲရေးရာ၊ ကျန် (၃)တွဲကို ယခုမှ ဖတ်ရသည်။ ယင်းကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှတ်တမ်းများကိုမူ နှစ်သက်မိသည်။ အာရင်ဘတ်မှာ သူနှင့် ခေတ်ပြိုင် ရုရှ စာရေးဆရာများ၊ အနုပညာရှင်များသာမက၊ ဥရောပ စာရေးဆရာ၊ အနုပညာရှင်များနှင့်လည်း သိကျွမ်းခင်မင်ရာ၊ သူ၏ မှတ်တမ်းမှာ ယနေ့ခေတ်ပြိုင် စာပေနှင့် အနုပညာရုပ်ပုံလွှာ ကားချပ်ကြီးပင် ဖြစ်သည်။ နှစ်ပေါင်း (၅၀)၏ ဥရောပ ယဉ်ကျေးမှု လှုပ်ရှားမှုကြီးကို ဖွဲ့ထားသော စာအုပ်ဖြစ်သည်။ အာရင်ဘတ်မှာ ဆိုဗီယက်အစိုးရ အာဘော် အစ်ဇဗက်ရှား သတင်းစာ သတင်းထောက်လည်းဖြစ်ရာ၊ ဥရောပတခွင်မှ နိုင်ငံရေးနှင့် ယဉ်ကျေးမှုဘဝ မြင်ကွင်းများကို သူကြုံတွေ့ခံစားသည့်အတိုင်း ရေးထားလေသည်။ စပိန် ပြည်တွင်းစစ်တုန်းကလည်း သေနတ်သံများကြားထဲ ရောက်နေ၏။ ကမ္ဘာကျော် ပန်းချီဆရာ များဖြစ်သော ပီကာဆို၊ ဒီရူး၊ စသူတို့နှင့် လုံးထွေးနေခဲ့၏။ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စာရေးဆရာ စည်းရုံးရေးများတွင်လည်း သူပါနေ၏။ အာရင်ဘတ်သည် မှန်တံခါးအတွင်း အခန်းအောင်းနေသော စာရေးဆရာ သက်သက် မဟုတ်ပေ။ ၁၉၆၁- က စတော့ဟုန်းမြို့၏ မယ်လမင် ဟော်တယ်အနီး အပေါ်ထပ်အခန်းကလေး၌ အာရင်ဘတ်သည် လက်နှစ်ဖက်ကို လှုပ်ကာ လှုပ်ကာ စကားထပြောနေ၏။ ကမ္ဘာ့ငြိမ်းချမ်းရေး စည်းရုံးရေးရာ ကော်မရှင် အစည်းအဝေးဖြစ်သည်။ အာရင်ဘတ်က 'လက်နက်ဖျက်သိမ်းရေး ပဌမ' ဆိုသော အချက်ကို ထောက်ခံ ရှင်းလင်းနေ၏။ သူပြောပြီးလျှင် တရုတ်ကိုယ်စားလှယ် ထကာ အမျိုးသား လွတ်လပ်ရေးဘက်မှ ချေပ၏။ ကျွန်တော်တို့ကား လက်နက်ဖျက်သိမ်းရေးကို မပယ်၊ သို့သော် လက်နက်ဖျက် သိမ်းရေးလော၊ အမျိုးသားလွတ်လပ်ရေးလောဟု ဆုံးဖြတ်မည် ရှိသောအခါ အမျိုးသား လွတ်လပ်ရေးဘက်က ရပ်တည်ခဲ့ကြသည်။ လွတ်လပ်ခါစ နိုင်ငံကလေးများအဖို့ကား မိမိတို့၏ အမျိုးသားလွတ်လပ်ရေး၊ ခိုင်ခံ့ရေးသည် ပဌမ မဟုတ်ပေလော။ ကျွန်တော်တို့သည် တရုတ်ဆိုဗီယက် ကွဲလွဲချက်ကို မျက်ဝါးထင်ထင် တွေ့မြင်ခံစားခဲ့ ရသည်။ ကျွန်တော်က ကပ်လျက်ထိုင်နေသူ ဗီယက်နမ်ကိုယ်စားလည် အဖွဲ့ဝင်အား လှမ်းကြည့်လိုက်သည်။ မြန်မာပြည်ရောက်ဖူးသော ဗီယက်နမ်သားက လက်ဝါးနှစ်ဖက်ဖြန့်ကာ ပခုံးကို တွန့်လိုက်၏။ သဘာပတိလုပ်သူ ကနေဒါမှ ခရစ်ယံရဟန်းမှာ စကားပြောဓာတ်ခွက်၌ ငေးနေ၏။ မုန်တိုင်းသစ်သည် ဝှေ့ယမ်းလျက်ရှိသည်။ အပြင်ဘက်တွင်ကား တဝေါဝေါ အော်မြည်ကာ နှင်းပွင့်များ ကျဆင်းလျက် ရှိသည်။ မှန်ပြတင်း၌ ရေခဲမြူလွများ တင်နေ၏။ အာရင်ဘတ်သည် မုန်တိုင်းသစ်အကြား၌ပင် နှလုံအခုန်ရပ်စဲ သွားခဲလေပြီ။ သူ့ရင်ခုန်သံကိုကား သူ၏စာအုပ်များ၌သာ ခံစားရပေတော့မည်။ ကျွန်တော်တို့မှာ မုန်တိုင်းသစ်၌ သစ်ရွက်ကြွေသံ၊ သစ်ပင်လဲကျသံ၊ မြစ်ရေဒလဟော စီးဆင်းသံများ ကြားနေရသေးသည်။ မုန်တိုင်းစဲပါတော့ဟု ဆုတောင်းကြမည်လော။ မုန်တိုင်းဟောင်းစဲလျင် မုန်တိုင်းသစ် လာပေဦးမည်။ လူ့ဘုံလောကကြီးပင်လျင် မုန်တိုင်းကြီး မဟုတ်ပေလော။ မြင်ရသော မုန်တိုင်းနှင့် မမြင်ရသော မုန်တိုင်းသာ ခြားနားသည် မဟုတ်ပေလော။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဒဂုန်တာရာ - "စာလုံး၊ ဆေးစက်၊ စောင်းကြိုးနှင့် ကတ္တီပါကားလိပ်" စာအုပ်၊ ပထမနှိပ်ခြင်း၊ ၁၉၇၄ ဧပြီ