အိပ်စက်ခြင်း

ဝီကီပီးဒီးယား မှ
အိပ်ပျော်နေသော ကလေးငယ်
အိပ်ပျော်နေသော ကြောင်ကလေး

အချို့က အိပ်ရေးမဝခြင်း ၊ အိပ်ရေးဝဝ မအိပ်ရခြင်းကို ရုပ်ပိုင်းဆိုင်ရာ အားနည်းခြင်းအဖြစ် မြင်ကြပါတယ်။ အထူးသဖြင့် အမျိုးသမီးများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အိပ်စက်ခြင်းက အရေးပါလှပါတယ်။ အိပ်ပျော် နေစဉ်မှာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးကလည်း အားပြန်ယူကာ သန့်စင်ပါတယ်။ လေ့လာ သင်ယူသော အသစ် အသစ်သော အရာတွေကို ဦးနှောက်က မှတ်ဉာဏ်အဖြစ် မှတ်သားထားဖို့ လုပ်ဆောင်ပါတယ်။ ပျက်စီးနေတဲ့ တစ်ရှူးတွေကို ပြန်လည်ပြုပြင်ဖို့အတွက် ကြီးထွားခြင်း ဟိုမုန်းတွေ ကို ထုတ်လုပ်ပြီး စိတ်ဖိစီးမှုတွေရဲ့ဆိုးကျိုးတွေကို ပိတ်ပင်ထားဆီးပါတယ်။

ကောင်းမွန်စွာ အိပ်စက်ရတယ်ဆိုရင် ဒီလို ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အခြေအနေတွေက အကောင်းမွန်ဆုံးပဲ ဖြစ်ပါတယ်။ ကောင်းမွန်စွာ မအိပ်စက် ရဘူးဆိုရင်တော့ လူဟာ လေးလံထိုင်းမှိုင်းနေပြီး မှန်ကန်စွာ မတွေးတတ် တော့ ပါဘူး။ အဲဒီအတွက် ဆုံးဖြတ်ချက်တွေလည်း မှန်သင့်သလောက် မမှန်နိုင် တော့ပါဘူး။ မိမိကားကို ဘယ်နေရာမှာ ရပ်ထားခဲ့တယ် ဆိုတာကိုတောင် မှတ်မိဖို့ ခက်ခဲလာတတ်ပါတယ်။ အိပ်ရေးပျက်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကတော့ နှလုံးရောဂါ၊ လေဖြတ်ခြင်း ၊ ဆီးချိုရောဂါ တို့ကို လွယ်ကူစွာ ဖြစ်စေနိုင်ပြီး တချို့လူတွေမှာတော့ အဝလွန်လာတတ်ပါတယ်။

ကောင်းမွန်စွာ အိပ်စက်ခြင်းဟာ နံနက်ခင်းမှာပဲ စတင်ပါတယ်။ အိပ်ရာ နိုးနိုးချင်း မျက်စိဖွင့်လိုက်တယ် ဆိုရင်ပဲ နံနက်ခင်း အလင်းရောင်က မျက်စိထဲကို ဝင်ရောက်လာပြီးအမြင်အာရုံကြောများဆီကို ရောက်ပါတယ်။ ထိုမှ တဆင့် ဦးနှောက်ကို ရောက်ပါတယ်။ သိုမုန်းထုတ်လုပ်ခြင်းကို လှုံ့ဆော်ပြီး ဘယ်လို တွေးတယ်၊ ဘယ်လိုခံစားရတယ်ဆိုတာတွေကို တွေးသမျှ ၊ လုပ်ဆောင်သမျှ တွေကို မျှတအောင် ညှိပေးပါတယ်။

နေရာင်ခြည်က ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ် လို့ UCLA Sleep Disorders Centre မှ ဆေးဘက်ဆိုင်ရာ ဒါရိုက်တာ Dr. Frisca L. Yan Go ကဆိုပါတယ်။ နံနက်ခင်းတိုင်းမှာ အချိန်မှန် ပုံမှန် လှုံ့ဆော်မှုက လူ့ခန္ဓာကိုယ်ကို ညဖက်မှာ အိပ်စက်ဖို့နဲ့ နံနက်ခင်းမှာနိုးထဖို့ကို သင်ပြပေးပါတယ်။ ဆိုလိုတာက ညတိုင်း ပုံမှန် ည ၁၁နာရီမှာ အိပ်စက်ပြီး နံနက် ၆ နာရီမှာ အိပ်ရာ ထတယ် ဆိုရင် နေ့စဉ် ည ၁၁ နာရီဆိုလျှင် အိပ်ချင်လာပြီး နံနက် ၆ နာရီမှာ အိပ်ရာ အမြဲနိုးထတတ်ပါတယ်။ နံနက်ခင်းတွေမှာ အိပ်ရာနိုးထချိန်တွေ တစ်နေ့နဲ့ တစ်နေ့ မတူတဲ့အခါမှာ ခန္ဓာကိုယ်နဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက နာရီအချိန်မမှန်တော့ဘဲ လေးလံထိုင်းမှိုင်းလာတတ်ပါတယ်။ နိုးထကာစမှာ လေးလံထိုင်းမှိုင်းနေပြီး ဘာကိုမှ စိတ်ဝင်တစား အလုပ်လုပ်လို့ မရတာမျိုး ဖြစ်တတ်ပါတယ်။

အမျိုးသမီးများက သူတို့အတွက် သူတို့ တစ်စက္ကန့်လေးတောင် အချိန်မပေး တတ်ကြသူများဖြစ်နေပါတယ်။ အမျိုးသမီး ၆၀% က ညအိပ်ရာ မဝင်ခင် နာရီပိုင်း အချိန်ကလေးမှာ အိမ်အလုပ်တွေကို ဆက်တိုက် လုပ်နေကြရသူများ ဖြစ်ကြပါတယ်။ ၃၇% ကတော့ ကလေးတွေကို ထိန်းကျောင်းကာ ကလေးများနဲ့ အလုပ်ရှုပ်နေကြပါတယ်။ ၃၆% ကတော့ မိသားစုနဲ့ အတူ မိသားစုတာဝန်တွေနဲ့ ရှိနေတတ်ကြပြီး ၃၆%က အင်တာနက် လုပ်နေတတ်ကြပါတယ်။ ၂၁% ကတော့ လုပ်ငန်းခွင်မှာပဲ ရှိနေပါသေးတယ်။

အမျိုးသမီးများက သူတို့ လုပ်ချင်တာ ဖြစ်ချင်တာတွေကို ဦးစားမပေးရဘဲ၊ နံပါတ် ၁ နေရာမှာ မထားရဘဲ သူများအတွက် ၊ သူမရဲ့ အချိန်တွေကို မိသားစုအတွက်သာ ပေးရသူများ ဖြစ်ကြပြီး ကောင်းမွန်စွာ အိပ်စက်ရခြင်းဟာ အမျိုးသမီးများရဲ့ ကျန်းမာရေးနဲ့ ပျော်ရွှင်မှု အတွက် အလိုအပ်ဆုံး ဖြစ်ပါတယ်။ အိပ်ရာ တစ်ခုတည်းမှာ အတူအိပ်တဲ့ ခင်ပွန်းဖြစ်သူ၏ ဟောက်သံကြောင့် အိပ်မပျော်ဖြစ်ရတယ်ဆိုရင် ခင်ပွန်းဖြစ်သူကို အိပ်စက်ချိန်မှာ ဟောက်ခြင်းကို ကုစားဖို့ တိုက်တွန်းဖို့လိုပါတယ်။ တကယ်လို့ ခင်ပွန်းဖြစ်သူက ဆေးကုဖို့ ငြင်းဆန်မယ်ဆိုရင် သူ့ကို တခြားအခန်းမှာ သီးခြားအိပ်စေခြင်းက အကောင်းဆုံးပါပဲ။

ကျွမ်းကျင်သူ ပညာရှင်များက လူတစ်ယောက်အတွက် အိပ်စက်ချိန်ဟာ တစ်နေ့လျှင် ၆ နာရီ လိုအပ်တယ်ဆိုပေမယ့် တကယ်တန်းကျတော့ အမျိုးသမီးများက အိပ်ရာဝင်ချိန်မှာ နောက်တစ်နေ့အတွက် လုပ်ငန်းခွင် အလုပ်တွေနဲ့ အိမ်မှုကိစ္စ ၊ သား သမီး ကိစ္စများကို အချိန်ပြည့် တွေးတော နေသူများ ဖြစ်ကြပြီး ၆ နာရီပြည့်အောင် အနားယူအိပ်စက်ခြင်းကို မရရှိကြပါဘူး။ လုပ်ငန်းခွင်မှာ အတော်နောက်ကျတဲ့အထိ ရှိနေသေးမယ်ဆိုရင် အလုပ်တွေပဲ ဆက်တိုက်လုပ်ဆောင်နေဦးမယ်ဆိုရင် ၊ ညအိပ်ရာ မဝင်ခင်အထိ အလုပ်တွေပဲ လုပ်နေဦးမယ် ဆိုရင် ကြာရှည်လာတဲ့အခါမှာ အမျိုးသမီးများ ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။ လုပ်ငန်းခွင်မှ အိမ်သို့ သင့်တော်တဲ့ အချိန်မှာ ပြန်ပြီး ကောင်းမွန်စွာ အိပ်စက်အနားယူသင့်ပါတယ်။ အလုပ်တွေ မပြီးပြတ်သေးဘူးဆိုရင် နောက်နေ့ နံနက်မှာ လုပ်ငန်းခွင်ကို စောစောပြန်လာပြီးမှ ဆက်လုပ်သင့်ပါတယ်။ လေ့လာချက်များအရ ညဖက်မှာ ကောင်းမွန်စွာ အိပ်စက်ရတယ်ဆိုရင် နောက်တစ်နေ့မှာ လုပ်ငန်းဆောင်တာ များကို ကောင်းမွန်စွာ အာရုံစူးစိုက်နိုင်ပြီး အလုပ်မြန်မြန်ပြီးမြောက်ပါတယ်။

ဇီဝနာရီ

အလုပ်တာဝန်တွေ အိမ်ရောက်တဲ့အထိ ပါမလာစေဖို့ ညဖက်တွေမှာလည်း မိုဘိုင်းလ်ဖုန်းကို ပိတ်ထားတာအကောင်းဆုံးပါပဲ။ အင်တာနက် အီးမေးလ်တွေ ကိုလည်း ညဖက်မှာ မဖတ်ဘဲ နေတာ အကောင်းဆုံးပါ။ ဖြစ်နိုင်ရင် အိပ်ခန်းမီး ကို ပိတ်ပြီး အိပ်စက်သင့်ပါတယ်။ မီးရောင်မှိန်မှိန်က နိုးထဖို့ အတွက် လှုံ့ဆော် စေနိုင်တဲ့အတွက် လုံးဝမှောင်မည်းနေခြင်းက ဦးနှောက်ကို ဒါ အိပ်စက်ချိန်ပဲ ဆိုတာကို အသိပေးပါတယ်။

အိပ်ရာမဝင်ခင် ၆ နာရီမှ ၁၀ နာရီအတွင်းမှာ ကော်ဖီ ၊ လက်ဖက်ရည်၊ ချောကလက်ရည်တို့ကို မသောက်သင့်ပါဘူး။ ကဖိန်းဓာတ်က အိပ်စက်လိုမှုကို တားမြစ်ပါတယ်။ အရည်များ သောက်ထားတဲ့အတွက် ရေချိုးခန်းကို ထ ထ သွားနေရခြင်းကလည်း ကောင်းမွန်စွာ အိပ်စက်ရခြင်းကို အဟန့်အတား ဖြစ်စေပါတယ်။ နွားနို့သောက်ခြင်းက အိပ်စက်လိုမှုကို ဖြစ်ပေါ်စေပြီး ညဖက်မှာ နွားနို့သောက်ဖို့ သင့်တော်လှပါတယ်။ ရေနွေးနွေးနဲ့ရေချိုးပြီးနောက် ခန္ဓာကိုယ်အပူချိန်ကို လျော့ကျစေပြီး အိပ်စက်လိုမှုကို ဖြစ်ပေါ်စေတဲ့အတွက် ညနေဖက်မှာ ရေနွေးနွေးနဲ့ရေချိုးဖို့ သင့်တော်လှပါတယ်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများကလည်း ကောင်းမွန်စွာ အိပ်စက်ခြင်း ကို ကောင်းကျိုးသက်ရောက်စေတဲ့အတွက် ပုံမှန် ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်း လုပ်ခြင်းကို အလေ့အထ ပြုလုပ်သင့်ပါတယ်။ အမျိုးသမီးများက စိတ်ဖိစီးနေပြီဆိုလျှင် အမျိုးသမီး အချင်းချင်း မိတ်ဆွေများနှင့် စကားပြောကာ မိမိခံစားနေရသည်များကို ရင်ဖွင့်ပြောဆိုလေ့ရှိတဲ့အတွက် မိတ်ဆွေ သူငယ်ချင်းများနှင့်လည်း အချိန်ပေးဖို့ လိုအပ်ပါတယ်။

အမျိုးသမီးများ ကျန်းမာပျော်ရွှင်စေဖို့အတွက် နံနက်ခင်း အိပ်ရာနိုးတယ် ဆိုရင် ပြတင်းတံခါးကိုဖွင့်လိုက်ကာ နံနက်ခင်းနေရာင်နွေးနွေးကို ကြိုဆိုလိုက်ပါ။ အချိန်ရမယ်ဆိုရင် နေရောင်နွေးနွေးအောက်မှာ ခဏတဖြုတ် လမ်းလျှောက် သင့်လှပါတယ်။

ညအိပ်စက်ချိန်မှာ လာဗန်ဒါ ရနံ့သင်းသင်းလေးကလည်း အိပ်စက်မှုကို အထောက်အကူပြုတဲ့အတွက် ခေါင်းအုံးမှာ လာဗန်ဒါ ရနံ့လေး ဖြန်းဆွတ်ထား လျှင် အလျင်အမြန် အိပ်ပျော်ပါလိမ့်မယ်။ မိမိကိုယ်တိုင်အတွက် ဘယ်သော အခါမှ အချိန်မပေးနိုင်တဲ့ ၊ အချိန်ပေးခွင့်မရတဲ့ လုပ်ငန်းခွင်မှာရော အိမ်မှာပါ အရေးပါတဲ့ လုပ်ငန်းဆောင်တာများနဲ့ မအားလပ်ကြရတဲ့ အမျိုးသမီးများ စိတ်ပျော်ရွှင် ကျန်းမာစေရေးအတွက် ကောင်းမွန်စွာ အိပ်စက်ရခြင်းကို အလေ့အထ ပြုလုပ်သင့်ပါတယ်။

မိသားစုအတွင်းမှစကာ ရပ်ရွာ ၊ တိုင်းပြည်၊ ကမ္ဘာအတွက် အရေးပါလှတဲ့ မိခင်များ၊ မိခင်လောင်းများဖြစ်တဲ့ အမျိုးသမီးများရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ရုပ်ပိုင်းဆိုရာ ကျန်းမာရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အိပ်စက် အနားယူခြင်း ရရှိရန် အထူး လိုအပ်လှပေသည်။