မာတိကာသို့ ခုန်သွားရန်

အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှု

ဝီကီပီးဒီးယား မှ

အိန္ဒိယသည် အယူဝါဒသို့ညွှတ်သော နိုင်ငံဖြစ်သည်။ ထို့ကြောင့် ယင်း၏ယဉ်ကျေးမှု အနုပညာရပ်တို့သည် အယူဝါဒ ကိုအခြေခံ၍ ထွန်းကားစည်ပင်ခဲ့ကြသည်။ သို့သော် ဗိသုကာ ပညာ၊ အထုအထွင်းဆိုင်ရာ ပန်းတမော့ပညာ၊ ပန်းချီပညာ တို့သည် ဗုဒ္ဓအယူဝါဒထွန်းကားသည်မှစ၍ အထူးတိုးတက်လာ သည်။ ထိုသို့တိုးတက်ခြင်းမှာ ဗုဒ္ဓဘုရားရှင်အား ကြည်ညို ရိုသေသော စိတ်ဓာတ်များကြောင့်ဖြစ်ပေသည်။ ဂေါတမမြတ်စွာ ဘုရား ပရိနိဗ္ဗာန်စံတော်မူပြီးနောက်တွင် ဘုရားရှင်၏ ဓာတ် တော်မွေတော်များကို ခိုင်ခန့်လုံခြုံသော ထူပါရုံစေတီတော်ကြီး များ၌ ဌာပနာ၍ အမြတ်တနိုးကိုးကွယ်ကြသည်။

ဤသို့ဖြင့် သီရိဓမ္မာသောကမင်း၏ခေတ်ကစ၍ ဆန်ချီ အရပ်၌လည်းကောင်း၊ ဗာရဟတ်အရပ်၌လည်းကောင်း၊ တောင် ပိုင်းရှိ အမရာဝတီအရပ်၌လည်းကောင်း ထူပါရုံစေတီကြီးများ ပေါ်ထွန်းလာခဲ့သည်။ အနောက်မြောက်ဘက် တောင်ကြားလမ်းများကို ဖြတ် ကျော်၍ ဂရိယဉ်ကျေးမှု ဝင်ရောက်လာသောအခါ ဂန္ဓာရတိုင်းမှ အစပြု၍ ရုပ်တုပညာရပ်များထွန်းကားလာခဲ့သည်။ ထိုတိုင်း၌ ဗုဒ္ဓအယူဝါဒ ထွန်းကားစဉ်က ဂေါတမရှင်တော်ဘုရား၏ ရုပ်တုများကို အစပြု ထုလုပ်ကိုးကွယ်ကြရာ ဂရိအငွေ့အသက် ပါသော ရုပ်တုတော်များ ဖြစ်ကြလေသည်။ နောင်အခါ ရုပ်တု ပညာသည် ပြန့်ပွားသွား၍ တဖြည်းဖြည်းနှင့် ဂရိစနစ်တွင် အိန္ဒိယမူ၊ အိန္ဒိယဟန်များ ရောပြွမ်းလာလေသည်။အိန္ဒိယနိုင်ငံ၏ ရှေးခေတ်အနုပညာရပ်များအနက် ဗိသုကာပညာရပ်သည် အဆင့်အတန်းအမြင့်ဆုံး ဖြစ်သည်။

အိန္ဒိယ၏ ရှေးခေတ်ယဉ်ကျေးမှုသည် အီဂျစ်၊ ဆီးရီး ယား၊ ဂရိတို့ထက် အလျင် ထွန်းကားခဲ့သည်ဟုပင်ဆိုကြလေ သည်။ ရှေးခေတ်ဗိသုကာ အထုအထွင်းပညာ ပန်းချီပညာရပ် တို့တွင် ကမ္ဘာကအံ့ချီးရသော လက်ရာမွန်တို့ကို အဇန္တလှိုဏ်ဂူ နှင့် အယ်လိုရာလှိုဏ်ဂူတို့၌ တွေ့ရှိရသည်။ မွတ်စလင် အနုပညာလက်ရာများအနက် တက်ဂျမဟာ သည် ကမ္ဘာ့အံ့ခြီးဖွယ်ရာတစ်ရပ်တွင် အပါအဝင်ဖြစ်ပေသည်။ တက်ဂျမဟာသင်္ချိုင်း

လက်မှုအနုပညာရပ်တွင် ဆစ်လူမျိုးတို့၏ ကြွေရည် သုတ်အတတ်၊ ကသ္မီရ၊ ပန်ဂျပ်နှင့် ဟိုက်ဒရဗတ် (ယခင်ပြည် နယ်) တို့၌ လုပ်ကိုင်ကြသော အလွန်နုနယ်လှပသည့် ရွှေချည် ထိုးငွေချည်ထိုးအထည်များ၊ ရွှေနန်းလိမ်၊ ငွေနန်းလိမ်ပစ္စည်းများ ကား ရှေးယခင်ကပင် ကျော်ကြားခဲ့ကြလေသည်။ အာရိယန်တို့သည် အိန္ဒုမြစ်ဝှမ်း၌ လွှမ်းမိုးကြီးစိုးခဲ့သည့်ကာလမှစ၍ မိမိတို့၏ သက္ကတဘာသာ စကားကို ပို၍ စနစ်တကျရှိအောင် ပို၍ကြွယ်ဝအောင် ပြုပြင်ကြသည်။ စာရေး စာဖတ်နည်းများကိုလည်း ထွင်ကြသည်။

ရှေးအကျဆုံးသော အိန္ဒိယစာပေသည် သက္ကတဘာသာ ဖြင့် ဖွဲ့နွဲ့သီကုံးထားသော ဗေဒခေါ် ကဗျာစုဖြစ်သည်။ အထင်ရှားဆုံးသော ထီးသုံးနန်းသုံး ကဗျာလင်္ကာကြီး များမှာ ဘီစီခြောက်ရာစုနှစ်တွင် ပေါ်ထွက်ခဲ့သော ရာမာယဏ နှင့် မဟာဘာရတ ကဗျာလင်္ကာကြီးများဖြစ်သည်။ ဂုတ္တမင်းများ ခေတ်တွင် သိပ္ပံပညာထွန်းကားသည်။ နေလနက္ခတ်ကျမ်းများကို လည်း ပြုစုခဲ့ကြသည်။ သင်္ချာအတတ်သည်လည်း အလွန်တိုးတက်သည်။ ဆေးဝါးကုသရေး၌ ခွဲစိတ်ကုသနိုင်သည်အထိ အစွမ်းထက်ခဲ့ကြ၍ ဆိုင်ရာပညာရပ်များ အတွက်လည်း ကျမ်း များပြုခဲ့ကြသည်။ စာရေးသည့်အခါ သစ်ခေါက်များပေါ်တွင် မင်ဖြင့်လည်းကောင်း၊ ပေရွက်ပေါ်တွင် ကညစ်ဖြင့်လည်းကောင်း ရေးသားကြသည်။

သက္ကတဘာသာကို အသုံးများခဲ့သော်လည်း ဂင်္ဂါမြစ်သို့ ယဉ်ကျေးမှု ပျံ့နှံ့ထွန်းကားသောအခါတွင်မူ ပါဠိ (မာဂဓ) ဘာ သာစကားကို အသုံးပြုကြသည်။ ဗုဒ္ဓအယူဝါဒ ပွင့်လင်းသည့် ခေတ်သည် ပါဠိဘာသာကို အသုံးပြုသောခေတ်ဖြစ်သည်။ သို့ သော် သက္ကတဘာသာစာပေသည် လုံးဝကွယ်ပျောက်သွားခြင်း မဟုတ်ပေ။ နောင်အခါ ပြန်၍ခေတ်စားလာပြန်လေသည်။ ခရစ်တစ်ရာစုမှ ရှစ်ရာစုအတွင်း သက္ကတဘာသာဖြင့် လင်္ကာရှည်ကြီးများ စွန့်စားခန်းနှင့် ချစ်မေတ္တာသရုပ်ဖော်ပြဇာတ် များကို သီကုံးပြုစုကြသည်။ တိရစ္ဆာန်များအကြောင်းဖွဲ့ထား သော ဟိန္ဒူပုံပြင်များကို ခြောက်ရာစုခန့်ကပင် ပါးရှင်းဘာသာ ပြန်ခဲ့သည်။ ထိုပုံပြင်များသည် ဥရောပနိုင်ငံများသို့လည်း ပျံ့နှံ့ ခဲ့ရာ အနောက်တိုင်း ကလေးချော့ပုံပြင်များ၏ အခြေခံများ လည်းဖြစ်ခဲ့ကြလေသည်။

ဗြိတိသျှအစိုးရခေတ် ပညာရေးစနစ်အရ အိန္ဒိယတွင် တိုင်းရင်းသားစာပေသည် တစ်မျိုးတစ်ဖုံ ဆန်းသစ်လာပြန် သည်။ ဥရောပအတွေးအခေါ်နှင့် ဟိန္ဒူအယူအဆတို့ ရောပြွမ်း ကာ အနောက်တိုင်း အရေးအသားဆန်ဆန်ဖြင့် အဆင့်အတန်း မြင့်သော ဘင်္ဂါလီစာပေများ ထွန်းကားလာသည်။ ၁၉ ရာစုနှစ် အတွင်း ပေါ်ထွန်းခဲ့သည့် ဝတ္ထုရေးဆရာကြီး ဗန်ကင်ချန္ဒရာ ချတ္တာဂျီ (၁၈၃၈-၉၄) ၏အနောက်တိုင်းအငွေ့အသက် ပါသော ဝတ္ထုများထင်ရှားလာသည်။ ဘင်္ဂါလီစာပေကို တိုးတက်ကြွယ်ဝ စေသော စာပေပညာရှင်ကြီးတစ်ဦးမှာ ရာဝိန္ဒြာနတ်တဂိုး (၁၈၆၁-၁၉၄၁) ဖြစ်သည်။ မဟတ္တမဂန္ဓီကြီးသည် အိန္ဒိယနိုင်ငံ ရေးရာ၌ ခေါင်းဆောင်ကြီးဖြစ်သကဲ့သို့ တဂိုးသည် အိန္ဒိယ စာပေရေးရာ၌ ခေါင်းဆောင်ကြီးဖြစ်ပေသည်။

ဘင်္ဂါလီစာပေသာမက ဟင်ဒီစာပေ၊ အူရဒူစာပေတို့ သည်လည်း အနောက်တိုင်း စာပေအငွေ့ အသက်များဖြင့် တိုး တက်ကြွယ်ဝလာကြသည်။ အူရဒူစာပေ၌ အကျော်အမော်ပုဂ္ဂိုလ် ကြီးသည် မို့ဟမ္မဒ်အစ်ကဗယ် ဖြစ်လေသည်။

ဗြိတိသျှအစိုးရခေတ်တွင် စာပေအနေဖြင့် ဖွံ့ဖြိုးတိုး တက်မှုများရှိခဲ့သော်လည်း တိုင်းသူပြည်သား လူအများ၏ ပညာရေးအခြေအနေမှာ အလွန်နိမ့်ကျခဲ့သည်။ ဗြိတိသျှတို့၏ ပညာရေးစနစ်သည် လူတိုင်း လက်လှမ်းမမီနိုင်သော စနစ်ဖြစ် သဖြင့် လူများစုသည် ဆင်းရဲသားများဖြစ်ကြ၍ ပညာရေးထက် ဝမ်းရေးကို အလေးထားနေရသဖြင့် လည်းကောင်း၊ များပြား သောလူမျိုးနှင့် ဘာသာစကားရှိသဖြင့် လည်းကောင်း၊ စာ မတတ်သောလူဦးရေသည် ၁၅ ရာခိုင်နှုန်းခန့်ရှိခဲ့လေသည်။ ယခု လွတ်လပ်ရေးခေတ်တွင် စာတတ်သူဦးရေ ရာခိုင်နှုန်း များပြား၍ ပညာရေးအဆင့်အတန်းမြင့်မားလာစေရန် အိန္ဒိယ အစိုးရက ကြိုးပမ်းဆောင်ရွက် လျက်ရှိသည်။ သိပ္ပံပညာ ထွန်းကားရေး၊ အသက်မွေးမှုပညာတိုးတက်ရေးတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။ သို့သော် အခက်အခဲများကား ရှိနေဆဲပင်ဖြစ်သည်။ အစိုးရလက်အောက်ခံနှင့် အစိုးရ အထောက် အပံ့ခံကျောင်းများ တွင် အခမဲ့မူလတန်းပညာရေး သတ်မှတ်ပေးထားလေသည်။

အိန္ဒိယဂီတသည် မြန်မာဂီတနည်းတူ အကွေ့အဝိုက် အတွန့်အကွန့်များဖြင့် ဂီတအရသာဖော်သည်။ အနောက်တိုင်း ဂီတကဲ့သို့ အသံ၏ထုထည်ပေါ်၌ ဂီတအရသာမဖော်ချေ။ ထို့ ကြောင့် အနောက်တိုင်းတူရိယာဂီတဝိုင်းကြီးများကဲ့သို့ တူရိယာ အများအပြားကို အသံဖက်စပ်မှုစနစ်သုံးပြီးလျှင် တစ်ပြိုင်နက် တည်း တီးမှုတ်လေ့မရှိပေ။ အသုံးများသော တူရိယာပစ္စည်း များသည် ဗုံနှင့်ပြွေဖြစ်သည်။ ရှေးကပင်အသုံးပြုခဲ့သော ကြိုး တပ်တူရိယာများလည်း ရှိသေးသည်။ ဘဝသရုပ်ဖော် တေးဂီတ များကို သံပြိုင်သီဆိုလေ့ရှိကြလေသည်။ [၁]

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)